backup og meta

ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ

ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ

လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင်  တစ်ယောက်ရှိပြီဆိုရင်  နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။

ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။

ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိနေပြီဆိုရင်

အိမ်မှာ ဖျားတဲ့သူ တစ်ယောက်ယောက် ရှိ နေပြီဆိုရင် အကောင်းဆုံးကတော့ အခန်းခွဲထားလိုက်တာပါ။ သူလည်း ကောင်းကောင်းနားလို့ ရသလို သူများတွေကိုလည်း ကူးစက်နိုင်ခြေနည်းသွားပါပြီ။ နောက်ပြီး သူ့ကို အလုပ်တွေ၊ ကျောင်းတွေ မသွားစေဘဲ အိမ်မှာကောင်းကောင်း အနားယူခိုင်းပါ။

အိမ်မှာပြုစုမယ့်သူကလည်း တစ်ယောက်လောက် ရှိရင် ရပါပြီ။ လူတိုင်းသူနဲ့ ထိတွေ့စရာမလိုပါဘူး။ အထူးသဖြင့် ဘိုးဘိုးဘွားဘွားတွေ၊ ကလေးငယ်လေးတွေက ခဏခဏ ဝင်မကြည့်သင့်ပါဘူး။

ဖျားနာနေတဲ့ မိသားစုဝင် ကလည်း အခန်းအပြင် ခဏခဏ ထွက်စရာမလိုအောင် သူ့အခန်းထဲမှာ ဒီပစ္စည်းတွေ ထည့်ထားပေးပါ။

  • တစ်ရှူး
  • အဖုံးပါ အမှိုက်ပုံး (အမှိုက်ပုံးကို ပလတ်စတစ် စွပ်ထားပါ)
  • လက်သန့်ဆေးရည်
  • ရေဘူး၊ ရေခွက်
  • သာမိုမီတာ
  • နှာခေါင်းစည်း
  • အစိုဓာတ်ထိန်းစက် (နှာခေါင်းပိတ်တာ၊ ချောင်းဆိုးတာပါ ခံစားနေရရင်)

ဒါ့ပြင် အခန်းက လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့ အခန်းလည်း ဖြစ်ဖို့ လိုပါတယ်။

ဖျားနာနေတဲ့ မိသားစုဝင် ခံစားရတဲ့ လက္ခဏာတွေ သက်သာစေဖို့

အအေးမိ တုပ်ကွေးကြောင့် ဖျားနာတယ်ဆိုရင် ဖျားတာအပြင် နှာစေးနှာပိတ်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့လက္ခဏာအလိုက် ဒီလိုမျိုး ကုသပေးလို့ရပါတယ်။ ခုပြောမယ့် ဆေးတွေက ဆရာဝန်ဆေးစာမလိုတာကြောင့် အိမ်မှာတင် အနားယူပြီးကိုယ်တိုင်ကုသလို့ ရတဲ့နည်းတွေပဲ ဖြစ်ပါတယ်။

  • ဖျားတဲ့အခါ − အဖျားသိပ်မကြီးရင် တစ်ကိုယ်လုံးကို ရေပတ်ဝတ်တိုက်တာ၊ ရေကျက်သီးနွေးနဲ့ ရေချိုးတာတွေ လုပ်နိုင်ပါတယ်။ အဖျားကြီးလာရင်၊ ဖျားလို့ နေလို့ထိုင်လို့ မကောင်းရင် ပါရာစီတမောသောက်နိုင်ပါတယ်။ ဆေးပတ်လည်အောင် သောက်ပေးပါ။
  • ချောင်းဆိုးတဲ့အခါ − ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေးသောက်ပေးပါ။
  • လည်ချောင်းနာတဲ့အခါ − ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ အရည်အေးအေးလေးတွေ သောက်ပေးပါ။ နာကျင်တာ သက်သာအောင် ပါရာစီတမောလည်း သောက်ပေးနိုင်ပါတယ်။
  • ခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေအတွက် − ရေနွေးနွေးနဲ့ ရေချိုးပါ။ ပါရာစီတမောသောက်ပေးပါ။
  • နှာရည်ယို၊ နှာစေးတာတွေအတွက် − Chlorphenamine Maleate ပါတာတွေ သောက်ပေးနိုင်ပါတယ်။
  • နှာပိတ်တာအတွက် − Phenylephrine ပါတာ သောက်ပေးနိုင်ပါတယ်။

ဒီခေတ်မှာတော့ လက္ခဏာတစ်ခုချင်းစီအတွက် ဆေးတစ်မျိုးစီလိုက်သောက်နေစရာ မလိုတော့ဘူး။ အအေးမိတာ၊ တုပ်ကွေးမှာဖြစ်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ဆေးတွေကို ပေါင်းပြီး ထုတ်လာကြပါပြီ။ ဥပမာ ဆေးတစ်လုံးသောက်ရုံနဲ့ အဖျားလည်းကျ၊ နှာစေးလည်းပျောက်၊ ကိုက်တာလည်းသက်သာစေတဲ့ ဆေးတွေပါ။

ဒါကြောင့် တုပ်ကွေးဖြစ်လို့ ဆေးတစ်မျိုးထပ်ပိုသောက်မယ်ဆို ဆေးအညွှန်းကို သေချာဖတ်ပါ။ ဆေးတွေ တူနေရင် မလိုလားအပ်တဲ့ ဆေးလွန်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။

ဒါတွေအပြင် ဖျားနာနေတဲ့ မိသားစုဝင် ကို အာဟာရပြည့်ဝအောင် ကျွေးတာကလည်း မြန်မြန်သက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။ သူနေတဲ့ အခန်း၊ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်ဖု၊ စားသောက်တဲ့ ပန်းကန်တွေကို ပုံမှန်ပိုးသတ်သန့်ရှင်းတာကလည်း တခြားမိသားစုဝင်တွေကို မကူးအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဖျားနာနေတဲ့ မိသားစုဝင်မှာ ဒီလက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ ပြသပါ။

တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် အလိုလို သက်သာသွားကြပါတယ်။ ပြင်းထန်တယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် မိသားစုဝင်မှာ

  • အသက်ရှူရခက်တာ
  • ပိုပိုမောလာတာ
  • ရင်ဘတ်အောင့်တာ
  • ခေါင်းမူးတာ
  • သတိမကောင်းတာ
  • သက်သာသလိုရှိပေမယ့် အဖျားပြန်တက်ပြီး ချောင်းတွေဆက်တိုက် ဆိုးလာတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဒါ့ပြင် အဖျားအများစုက အအေးမိတာ၊ တုပ်ကွေးကြောင့်ဆိုပေမယ့် အမြဲတမ်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် တခြားထူးခြားတဲ့ လက္ခဏာတွေ ခံစားရရင်ဖြစ်ဖြစ်၊ လူနာက ထင်သလောက် မသက်သာရင်ပဲ ဖြစ်ဖြစ် တခြားကြောင့်ဖျားတာလားဆိုတာ သိနိုင်ဖို့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fever treatment: Quick guide to treating a fever https://www.mayoclinic.org/diseases-conditions/fever/in-depth/fever/art-20050997 Accessed Date Nov 24, 2022

The Flu: Caring for Someone Sick At Home https://www.cdc.gov/flu/pdf/freeresources/general/influenza_flu_homecare_guide.pdf Accessed Date Nov 24, 2022

Home Remedies: Fighting a fever https://newsnetwork.mayoclinic.org/discussion/home-remedies-fighting-a-fever/ Accessed Date Nov 24, 2022

Self-treatment suggestions for fever https://www.betterhealth.vic.gov.au/health/conditionsandtreatments/fever Accessed Date Nov 24, 2022

Over-the-counter medications for fever https://www.mayoclinic.org/diseases-conditions/fever/diagnosis-treatment/drc-20352764#:~:text=In%20the%20case%20of%20a,by%20your%20health%20care%20provider. Accessed Date Nov 24, 2022

 

 

ယခုပုံစံ

02/10/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

အအေးမိလို့ နှာမွှန်တာကို သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement