backup og meta

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

    နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အဆုတ်ရောဂါ ၁၀ခုထဲမှာ ပါပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်ငယ်များ ပျက်စီးတဲ့ ရောဂါဆိုပြီး နှစ်ခုရှိပါတယ်။ တချို့တွေမှာတော့ တစ်ယောက်တည်းမှာပဲ နှစ်ခုလုံး ဖြစ်နေတတ်ပါတယ်။

    နာတာရှည် လေပြွန်ကျဉ်းရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အပြင် အပြီးပျောက်အောင် ကုသလို့လည်း မရပါဘူး။ လေပြွန်တွေ၊ အဆုတ်တွေ ပျက်စီးကုန်တာကြောင့်ပါ။ ရေရှည်မှာ လူနာခံစားရတဲ့ ဝေဒနာတွေ သက်သာဖို့၊ ပိုဆိုးမလာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာဖို့၊ သာမန်လူလို သွားလာလှုပ်ရှားနိုင်ဖို့ ကုသပေးရပါတယ်။

    ဒါကြောင့် နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံး နည်းလမ်းပါပဲ။ ကံကောင်းတာက ရောဂါ ဖြစ်စေတဲ့ အချက်တွေ တော်တော်များများက ကြိုတင်ကာကွယ်လို့ ရနေတာပါပဲ။ ဒီတော့ နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ က ဘာတေါများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    နာတာရှည် လေပြွန်ကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

    နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကတော့

  • ဆေးလိပ်
  • ဆေးလိပ်လို့ ပြောရင် သောက်တာရော ရှူတာရော ပါပါတယ်။ WHOက ၂၀၃၀လောက်ကျရင် ဆေးလိပ်ကြောင့် သေဆုံးတဲ့သူဦးရေက ၈.၃သန်း လောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ဆေးလိပ်သောက်တိုင်း နာတာရှည် လေပြွန်ကျဉ်းလာမယ်လို့ ယတိပြတ် မပြောနိုင်ပေမယ့် COPDရှိတဲ့သူတွေကို ကြည့်လိုက်ရင် ဆေးလိပ်သောက်တတ်တာကို တွေ့ရပါတယ်တဲ့။

    ဆေးလိပ်သောက်တဲ့အခါ ဓာတုပစ္စည်း အမျိုးပေါင်း ၇၀၀၀ကျော်လောက် ထွက်လာပြီး အများစုက အဆုတ်ကို ထိခိုက်စေတဲ့အရာတွေပါပဲ။ ဒီဓာတုပစ္စည်းတွေက အဆုတ်ရဲ့ ပိုးဝင်ခုခံနိုင်စွမ်းကို ကျစေတယ်၊ လေပြွန်တွေကို ရောင်ရမ်းစေတယ်၊ လေအိတ်တွေကို ပျက်စီးစေတယ်။ ဒါတွေအားလုံးက နာတာရှည်အဆုတ်ရောင်ရောဂါကို ဦးတည်နေတာပါပဲ။

    ဆေးလိပ်သောက်တာ ကြာလေလေ၊ များများသောက်လေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။ ဆေးလိပ်လို့ ပြောပေမယ့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးတံ အကုန်ပါပါတယ်။

    ဆေးလိပ်အကြောင်းပြောရင် တဆင့်ခံဆေးလိပ်ငွေ့ကို မေ့ခဲ့လို့ မဖြစ်ပါဘူး။ ဆေးလိပ်ငွေ့ကို အချိန်ကြာမြင့်စွာ ရှူရှိုက်ခဲ့ရတယ်ဆိုရင် သောက်တဲ့သူနည်းတူ ရောဂါဖြစ်နိုင်ခြေလည်း လိုက်တက်လာမှာပါ။

    WHOက COPDရောဂါရှင်တွေကို နိုင်ငံတိုင်းမှာ တွေ့နိုင်ပါတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကျ ဆေးလိပ်က အဓိက အကြောင်းရင်း ဖြစ်နေပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ လေထုညစ်ညမ်းမှု (အထူးသဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှု) က အဓိက တရားခံပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံတွေမှာက လျှပ်စစ်နဲ့ ဂတ်စ်တွေအစား ထင်း၊ မီးသွေးတွေနဲ့ ချက်ပြုတ်တာကြောင့်ပါတဲ့။

    ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ တစ်နေကုန် အိမ်တွင်းအောင်းပြီး ချက်ပြုတ်နေရတဲ့ အမျိုးသမီးတွေက ဆေးလိပ်လည်း မသောက်ပါဘဲနဲ့ အမျိုးသားတွေထက် နာတာရှည် အဆုတ်ရောင်ရောဂါ ပိုဖြစ်တာ တွေ့ရပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ အိမ်မှာအတူနေတဲ့ ကလေးတွေပါ ဖြစ်နိုင်ခြေ များလာပါတယ်။ လေဝင်လေထွက်မကောင်းတဲ့ အိမ်တွေဆို ပိုဆိုးပါတယ်။

    အိမ်တွင်းလေထုညစ်ညမ်းမှုအပြင် ပြင်ပက လေထုညစ်ညမ်းမှုကလည်း လူတွေရဲ့ အဆုတ်ကို ခြိမ်းခြောက်နေပါသေးတယ်။ စက်ရုံ၊ အလုပ်ရုံတွေ များလာတာ၊ ကားတွေများလာတာကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ဓာတ်ငွေ့တွေကလည်း လေထုညစ်ညညမ်းမှုရဲ့ တရားခံပါပဲ။ ဒါတောင် တောမီးရှို့တာတွေ ထည့်မတွက်ရသေးပါဘူး။

    • Alpha-1 antitrypsin deficiency

    COPD ရောဂါရှိတဲ့သူရဲ့ ၁ရာခိုင်နှုန်းလောက်မှာ ဒီပရိုတိန်း ချို့တဲ့တာကို တွေ့ရပါတယ်။ ဒါက မျိုးဗီဇရောဂါတစ်မျိုးပါ။ မျိုးဗီဇရောဂါရှိတဲ့သူတွေမှာ ဒီပရိုတိန်းလေး ချို့တဲ့တာပေါ့။ ပုံမှန်ဆို ပရိုတိန်းကို အသည်းက ထုတ်ပြီး သွေးထဲကမှတဆင့် အဆုတ်ကို ရောက်ပါတယ်။ အဆုတ်မှာ ရှိတဲ့ လေအိတ်လေးတွေ ကြံ့ခိုင်အောင် လုပ်ပေးပါတယ်။ ဒါကြောင့် ဒီပရိုတိန်းချို့တဲ့သူတွေမှာ အဆုတ်လေအိတ်လေးတွေ အလွယ်တကူ ပျက်စီးနေတာကို တွေ့ရပါတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

  • ပန်းနာရင်ကျပ်
  • ပန်းနာရင်ကျပ်ရှိတဲ့သူတွေက ဆေးလိပ်မသောက်ဘူးဆိုရင်တောင် COPD ဖြစ်နိုင်ခြေက သာမန်လူထက် ၁၂ဆ ပိုပါတယ်တဲ့။ ဆေးလိပ်ပါသောက်တယ်ဆိုရင်တော့ ပိုဖြစ်နိုင်တာပေါ့။ ဒါကြောင့် ခဏခဏသာ ပန်းနာရင်ကျပ်ထထဖောက်နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ လေပြွန်တွေ ပျက်စီးပြီး COPD ဖြစ်လာမှာပါ။

    ကလေးဘဝထဲက ခဏခဏ အဆုတ်ပိုးဝင်ပြီး နေမကောင်းဖြစ်တတ်တဲ့သူဆိုရင် အဆုတ်က အနည်းနဲ့ အများတော့ ထိခိုက်ထားပါတယ်။ ပိုးဝင်ခုခံနိုင်စွမ်းလည်း နည်းသွားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ တီဘီဖြစ်ဖူးတဲ့သူဆိုရင် သတိထားရပါမယ်။ တီဘီရှိနေတုန်းမှာလည်း သေချာကုသဖို့ လိုသလို ကုပြီးသွားရင်လည်း မကြာခဏ အဆုတ်ပိုးမဝင်အောင် နေထိုင်ရမှာပါ။

  • အသက်ကြီးလာတာ
  • အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သောက်လာတဲ့ ဆေးလိပ်တွေ၊ ရှူလာတဲ့ ဆေးလိပ်ငွေ့တွေ၊ မီးခိုးငွေ့တွေက စုပုံပြီး ဒုက္ခပေးလာတဲ့အတွက် အသက်ကြီးတဲ့သူတွေမှာ COPD အဖြစ်များပါတယ်။ ကံကောင်းတာက အသက်ကြီးရုံသက်သက်နဲ့တော့ မဖြစ်ပါဘူး။ အဆုတ်ကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်ထားမှပဲ ဖြစ်လာနိုင်တာပါ။

    • လေထုညစ်ညမ်းတဲ့ စက်ရုံ အလုပ်ရုံမှာ အလုပ်လုပ်တဲ့သူတွေ

    ကိုယ့်ရဲ့ အလုပ်မှာက တစ်နေကုန် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ အမှုန်တွေ ရှူနေရတယ်ဆိုရင် ဒါဟာ အသက်ရှူလမ်းကြောင်းကို နည်းနည်းစီ ထိခိုက်နေတာပါပဲ။ အချိန်ကြာလာလေလေ ပိုပြီး ထိခိုက်လေဖြစ်မှာပါ။

    COPDက အဖြစ်အများဆုံး ရောဂါထဲမှာ ပါပေမယ့် ဖြစ်စေတဲ့ အကြောင်းအရာတွေကြည့်မယ်ဆိုရင် အတော်များများက ကာကွယ်လို့ ရတဲ့ အချက်တွေ များပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ ကာကွယ်ဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement