backup og meta

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

လူတိုင်းကတော့ ဘဝမှာ အနည်းဆုံး တစ်ခေါက် အအေးမိဖူးကြမှာပါ။ ရာသီအပြောင်းအလဲမှာ အအေးမိဖျားနာတာမျိုး ဖြစ်တတ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သည့်တိုင်အောင် ခံစားရတဲ့သူအတွက်ရော အနီးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါ တစ်မျိုးပါ။ အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ဘယ်လိုကူးစက်တတ်လဲ။

အအေးမိတယ်ဆိုတာ Virus ပိုးကနေ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့အခါ၊ သူတို့ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိတဲ့အခါ၊ မျက်နှာသုတ်ပဝါမပါဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေဟာ လေထဲကို ပျံ့နှံ့ပြီး ကူးစက်တတ်ပါတယ်။ Virus ရောဂါပိုးက ကိုယ်ခန္ဓာထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်ပေးရတယ်။ အဲ့အချိန်မှာ နှာခေါင်း၊ လည်ချောင်းတွေ ယားလာမယ်။ ချွဲတွေထလာမယ်။ ကြာလာတဲ့အခါမှာ လူက အားကုန်ပြီး မောပန်းလာမယ်။

မိုးမိတဲ့အခါမျိုး၊ အဲကွန်းခန်းထဲမှာ အမြဲထိုင်နေရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့တော့ အအေးမိတာမျိုး မဖြစ်တတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အလွန်အမင်းပင်ပန်းတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ ဥပမာ စိတ်ဖိစီးနေတဲ့အချိန်၊ နှာခေါင်း၊ လည်ချောင်း ဓာတ်မတည့်တဲ့အချိန်မှာတော့ အအေးမိဖို့ အလားအလာ ပိုများတတ်ပါတယ်။

ရောဂါလက္ခဏာက ဘာတွေလဲ။

  • လည်ချောင်း၊ နှာခေါင်းယားမယ်၊
  • လည်ချောင်းနာလာမယ်၊
  • နှာစေးမယ်၊
  • မကြာခဏ နှာချေတာ၊
  • အသက်ရှူသွင်းလိုက်တဲ့အခါမှာ နှာခေါင်းထဲက အချွဲတွေက လည်ချောင်းတွေကို ရောက်သွားတာ၊
  • မျက်ရည်ပူ ကျတာမျိုးတွေဟာ အအေးမိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အခါမှာ အပြင်းဖျားလာမယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲလာမယ်။ ဒီလိုလက္ခဏာတွေ ကြုံတွေ့လာရပြီဆိုရင်တော့ တုပ်ကွေးရောဂါဖြစ်ဖို့ ပိုများပါတယ်။

ကလေးများနဲ့ အအေးမိနှာစေးခြင်း။

ကလေးတွေဟာ နှစ်စဉ် ပျမ်းမျှအားဖြင့် ၅ကြိမ်ကနေ ၇ကြိမ်အထိ အအေးမိနိုင်ပါတယ်။ ကျောင်းမှာ တခြားကလေးတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့အပြင် တစ်ခုခုကိုင်ပြီးတိုင်း လက်ကို သေချာမဆေးတတ်တာကြောင့် ပိုမိုကူးဆက်နိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးတွေထက် ပိုအားနည်းတဲ့အတွက် ရောဂါပိုးကို ကောင်းကောင်းမတိုက်ဖျက် မကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုအချိန်တွေမှာ အဖြစ်များလဲ…???

မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပြီး သြဂုတ်လကုန်နဲ့ စက်တင်ဘာလအစောပိုင်းလောက်ကနေ မတ်လနဲ့ ဧပြီလမတိုင်ခင်ထိ ဖြစ်ပွားနှုန်းပိုမိုမြင့်မားပါတယ်။ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ရာသီဥတုတွေမှာ နှာခေါင်းဟာ ပိုမိုခြောက်သွေ့တဲ့အတွက် အအေးမိရောဂါ ကူးစက်ဖို့ ရာခိုင်နှုန်းပိုများလာတာ ဖြစ်ပါတယ်။

ရောဂါဝေဒနာကို သက်သာစေဖို့ ဘာတွေလုပ်သင့်လဲ။

အအေးမိဝေဒနာကို သက်သာစေဖို့နဲ့ အလျင်အမြန်ပျောက်ကင်းစေဖို့အတွက် ဆေးဆိုင်ကနေ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကို အလွယ်တကူ ဝယ်ယူပြီးသောက်နိုင်ပါတယ်။ ရောဂါခံစားနေရချိန်မှာ ရေဓာတ်မဆုံးရှုံးအောင် ရေနွေး၊ ကြက်စွပ်ပြုတ်ရည်၊ သံပုရာရည်ကို ပျားရည်နဲ့ ရောပြီး သောက်ပေးသင့်ပါတယ်။ လည်ချောင်းနာတာကို အမြန်သက်သာဖို့ ဆားငန်ရည်နဲ့ ပါးစပ်ကို သေချာပလုတ်ကျင်းပေးပါ။

အားကစားမှန်မှန်လုပ်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် အအေးမိနှာစေး အပါအဝင် တခြားသော ရောဂါပိုးတွေ ကိုယ်ခန္ဓာထဲကို အလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ ၃၀ အထိ လမ်းမှန်မှန်လျှောက်တာ၊ Gym ကို မပျက်မကွက် သွားပြီး အားကစားလုပ်တာ၊ စက်ဘီးမကြာခဏစီးတာမျိုး ပြုလုပ်ပေးပါ။ အဓိကကတော့ အအေးမိနှာစေးဖြစ်နေတဲ့အချိန်မှာ ကောင်းစွာ အနားယူပေးဖို့ပါပဲ။

ရောဂါလက္ခဏာက ဘယ်လောက်ထိ ကြာတတ်လဲ။

ရောဂါကူးစက်ခံရတဲ့အခါ ပုံမှန်အားဖြင့် ၇ ရက်ကနေ ၁၀ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒီထက်ပိုပြီး ကြာနေမယ်ဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ တခြားသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ အပြင်ကနေ ပြန်လာတဲ့အချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပေးပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးပြုပေးပါ။ လူသားတိုင်း ရောဂါဘယကင်းရှင်းပြီး သာယာပျော်ရွှင်ဖွယ် နေ့ရက်လေးများ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Knowledge about cold –https://www.webmd.com/cold-and-flu/cold-guide/understanding-common-cold-basics#1

Cold remedies that ease the symptoms –https://www.mayoclinic.org/diseases-conditions/common-cold/in-depth/cold-remedies/art-20046403

Treatment for cold –https://www.webmd.com/cold-and-flu/cold-guide/cold_guide_treatment_care

How to treat cold –https://www.medicalnewstoday.com/articles/247789.php

Exercise and the common cold –https://www.webmd.com/cold-and-flu/cold-guide/exercise-when-you-have-cold#1

ယခုပုံစံ

02/07/2020

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းကို တိုက်ထုတ်ပေးမယ့် အကောင်းဆုံးအစားအစာ ၆ မျိုး

အအေးမိဝေဒနာ ပိုဆိုးစေမယ့် အမူအကျင့်မှား (၈)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement