backup og meta

အအေးမိဝေဒနာ ပိုဆိုးစေမယ့် အမူအကျင့်မှား (၈)ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိဝေဒနာ ပိုဆိုးစေမယ့် အမူအကျင့်မှား (၈)ခု

    ခေါင်းကိုက်တာကအစ နေမကောင်းဖြစ်ပြီဆိုရင်မြန်မြန်ပြန်ကောင်းချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့အပြုအမူတချို့ကြောင့် ဝေဒနာပိုဆိုးစေတတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရောဂါပိုးကြောင့်ပဲဖြစ်ဖြစ် ဖျားနာတဲ့အခါနေထိုင်ပြုမူပုံ မှန်ကန်ဖို့ ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။

    နေမကောင်းတဲ့အခါ လုပ်မိတဲ့အမှား (၈) ခု

    အိပ်ရေးဝအောင်မအိပ်ခြင်း

    ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှုအတွက် အဓိကသော့ချက်ပါ။ ဒါမှ ခန္ဓါကိုယ်ကရောဂါပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ သုတေသနတစ်ခုအရဆိုရင် တစ်ညကို အိပ်ချိန် ၇ နာရီမပြည့်တဲ့သူတွေဟာ အအေးမိဝေဒနာခံစားရနိုင်ခြေမှာ ထိပ်ဆုံးကနေ ၃ ဆ ပိုများနေတယ်လို့ဆိုပါတယ်။

    အအေးမိဝေဒနာလည်းဖြစ်နေတယ်၊ ညဘက်လည်းအိပ်မရဘူးဆိုရင် အိပ်ရာစောစောဝင်တာ ဒါမှမဟုတ်နေ့ဘက် တစ်ရေးအိပ်တာတွေ လုပ်ကြည့်ပါ။ နေမကောင်းဖြစ်ချိန်မှာ ပိုအနားယူပေးဖို့လိုအပ်ပါတယ်။

    ရေအလုံအလောက်မသောက်ခြင်း

    ကိုယ့်ကိုယ်ကိုယ်ရေဓါတ်ပြည့်ဝအောင်ဂရုမစိုက်ရင် အအေးမိဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ နေမကောင်းဖြစ်ချိန်မှာ ကိုယ်ပူခြင်း၊နှာရည်ယိုခြင်း၊ဆေးတွေကြောင့်အာခေါင်ခြောက်ခြင်း၊ ချွဲသလိပ်တွေထွက်ခြင်းတို့ကြောင့်ခြောက်ခန်းသွားတဲ့အရည်ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးရပါမယ်။ရေ သို့မဟုတ် အရည်(ဥပမာ ကြက်စွပ်ပြုတ်)များများသောက်ပေးပါ။

    ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပိုသောက်ပစ်ခြင်း

    ဆေးတစ်လုံးနဲ့သက်သာမယ်ဆိုရင် နှစ်လုံးသောက်တော့မြန်မြန်ပျောက်မှာပေါ့လို့ မတွေးပါနဲ့။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေစပ်ပြီးသောက်တာလည်းမကောင်းပါဘူး။ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး ပိုလာသရွေ့ရောဂါသက်သာမယ့်ဖြစ်စဉ်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတဲ့ အအေးမိပျောက်ဆေးတွေကရောဂါကို မြန်မြန်သက်သာစေပါတယ်။ ဒါပေမယ့် လိုတာထက် ပိုသုံးမယ်ဆိုရင် တန်ဆေးလွန်ဘေးဖြစ်ပြီးရောဂါပိုဆိုးစေနိုင်ပါတယ်။ ဥပမာ တစ်နေ့နှစ်ကြိမ်သုံးရမယ့်ဆေးကို သုံးလေးကြိမ်သုံးလိုက်တာမျိုး၊ သုံးရက်ပဲသုံးရမယ့်ဆေးကို ငါးရက်လောက်ဆက်တိုက်သုံးတာမျိုး။ဆေးဘူးမှာအကြံပြုထားတဲ့ အညွှန်းထက် ပိုမသုံးပါနဲ့။

    ဆေးလိပ်သောက်ခြင်း

    နေကောင်းနေတဲ့အချိန်မှာတောင် ဆေးလိပ်သောက်ခြင်းက အဆုတ်အတွက်မကောင်းပါဘူး။ ဆေးလိပ်သောက်တတ်သူတွေဟာနေမကောင်းဖြစ်ရင် သူများထက်ရောဂါလက္ခဏာပိုခံစားရပြီး ပိုတာရှည်တတ်ပါတယ်။

    ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်တွင်းက ဆဲလ်တွေကို ထိခိုက်ပျက်စီးစေတဲ့အတွက် အအေးမိဝေဒနာကို ခုခံနိုင်ဖို့ခက်ခဲစေပါတယ်။နေမကောင်းဖြစ်နေတယ်ဆိုရင်ဆေးလိပ်မသောက်ပါနဲ့၊ ကိုယ့်ဘေးကလူတွေနေမကောင်းရင်လည်းဆေးလိပ်ငွေ့တွေ ရှူရှိုက်ရအောင်မလုပ်မိပါစေနဲ့။

    နေမကောင်းတာကို လျစ်လျူရှုခြင်း

    ပုံမှန်လုပ်နေကျအတိုင်းတွေ အကုန်လုပ်မနေပါနဲ့။ အအေးမိ သို့မဟုတ် တုပ်ကွေးဗိုင်းရပ်စ်ကို ခုခံနိုင်ဖို့ခန္ဓါကိုယ်မှာ ခွန်အားရှိဖို့လိုအပ်ပါတယ်။ ထိုက်သင့်သလောက် အနားယူပေးပါ။ မဖြစ်မနေ အရေးကြီးကိစ္စရှိတာကလွဲလို့ ဖြစ်နိုင်ရင် အိမ်မှာပဲနားနေတာကောင်းပါတယ်။ ကိုယ့်ဝေဒနာသက်သာစေဖို့ အားဖြည့်ရာရောက်သလို တခြားသူတွေဆီရောဂါပိုးတွေမပြန့်ပွားအောင် ထိန်းသိမ်းဆင်ခြင်ရာရောက်ပါတယ်။နေမကောင်းလို့ အားမရှိချိန်မှာ အလုပ်တွေစွတ်လုပ်နေတာဟာ လက္ခဏာပိုဆိုးစေတဲ့အချက်ပါ။

    ပဋိဇီဝဆေးတွေ အလွယ်သောက်ခြင်း

    နေမကောင်းဖြစ်ချင်သလိုလိုရှိလာတာနဲ့ဆေးဦးအောင် ဆိုပြီး ပဋိဇီဝပိုးသတ်ဆေးတွေသောက်ဖို့လောနေတာ မကောင်းပါဘူး။ ပဋိဇီဝပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားကိုပဲသေစေတာဖြစ်ပြီး အအေးမိတုပ်ကွေးရောဂါပိုးတွေက ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ။ ပဋိဇီဝဆေးဝါးတွေကို မလိုအပ်ဘဲ ပိုသောက်သုံးရင် ဘေးထွက်ဆိုးကျိုးခံစားရတာပဲအဖတ်တင်နိုင်ပြီး အခန့်မသင့်ရင်ဆေးယဉ်ပါးတဲ့ အနေအထားပါဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးတွေသာဆေးယဉ်ပါးလာခဲ့ရင် ပဋိဇီဝဆေးတွေဘယ်လောက်သောက်သောက် သူတို့ကိုမနှိမ်နင်းနိုင်တော့ပါဘူး။

    အစားအသောက်မမှန်ခြင်း

    နေမကောင်းလို့ စားချင်စိတ်မရှိ၊ ခံတွင်းပျက်တယ်ပဲပြောပြော အစာတစ်ခုခုတော့စားဖို့ အရေးကြီးပါတယ်။ ကယ်လိုရီနဲ့အာဟာရဓါတ်တွေက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပြီး အအေးမိတုပ်ကွေးရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပါတယ်။ အစားဝင်မှရောဂါမြန်မြန်သက်သာမှာပါ။ ကြက်စွပ်ပြုတ်လိုမျိုး အားဖြစ်မယ့်အစာလေးတွေ ကြိုးစား စားကြည့်ပါ။

    စိတ်ဖိစီးမှုများနေခြင်း

    ကိုယ့်မှာစိတ်ဖိစီးနေချိန်ဆို ခန္ဓါကိုယ်က ထုတ်လုပ်ပေးတဲ့ဟော်မုန်းက ကိုယ်ခံအားစနစ်ကို ဖိစီးနှောင့်ယှက်နိုင်ပါတယ်။ ဒီလိုနဲ့ရောင်ရမ်းမှုတွေဖြစ်စေပြီး နှာစေးနှာပိတ်ဝေဒနာကို ပိုဆိုးလာစေပါလိမ့်မယ်။ စိတ်ကိုဖြေလျှော့ဖို့ နည်းလမ်းရှာပြီး အနားယူပေးခြင်းကမြန်မြန်သက်သာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement