အိမ်တွင်းလေထုညစ်ညမ်းမှုအပြင် ပြင်ပက လေထုညစ်ညမ်းမှုကလည်း လူတွေရဲ့ အဆုတ်ကို ခြိမ်းခြောက်နေပါသေးတယ်။ စက်ရုံ၊ အလုပ်ရုံတွေ များလာတာ၊ ကားတွေများလာတာကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ဓာတ်ငွေ့တွေကလည်း လေထုညစ်ညညမ်းမှုရဲ့ တရားခံပါပဲ။ ဒါတောင် တောမီးရှို့တာတွေ ထည့်မတွက်ရသေးပါဘူး။
- Alpha-1 antitrypsin deficiency
COPD ရောဂါရှိတဲ့သူရဲ့ ၁ရာခိုင်နှုန်းလောက်မှာ ဒီပရိုတိန်း ချို့တဲ့တာကို တွေ့ရပါတယ်။ ဒါက မျိုးဗီဇရောဂါတစ်မျိုးပါ။ မျိုးဗီဇရောဂါရှိတဲ့သူတွေမှာ ဒီပရိုတိန်းလေး ချို့တဲ့တာပေါ့။ ပုံမှန်ဆို ပရိုတိန်းကို အသည်းက ထုတ်ပြီး သွေးထဲကမှတဆင့် အဆုတ်ကို ရောက်ပါတယ်။ အဆုတ်မှာ ရှိတဲ့ လေအိတ်လေးတွေ ကြံ့ခိုင်အောင် လုပ်ပေးပါတယ်။ ဒါကြောင့် ဒီပရိုတိန်းချို့တဲ့သူတွေမှာ အဆုတ်လေအိတ်လေးတွေ အလွယ်တကူ ပျက်စီးနေတာကို တွေ့ရပါတယ်။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
ပန်းနာရင်ကြပ်ရှိတဲ့သူတွေက ဆေးလိပ်မသောက်ဘူးဆိုရင်တောင် COPDဖြစ်နိုင်ခြေက သာမန်လူထက် ၁၂ဆ ပိုပါတယ်တဲ့။ ဆေးလိပ်ပါသောက်တယ်ဆိုရင်တော့ ပိုဖြစ်နိုင်တာပေါ့။ ဒါကြောင့် ခဏခဏသာ ပန်းနာရင်ကြပ်ထထဖောက်နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ လေပြွန်တွေ ပျက်စီးပြီး COPD ဖြစ်လာမှာပါ။
ကလေးဘဝထဲက ခဏခဏ အဆုတ်ပိုးဝင်ပြီး နေမကောင်းဖြစ်တတ်တဲ့သူဆိုရင် အဆုတ်က အနည်းနဲ့ အများတော့ ထိခိုက်ထားပါတယ်။ ပိုးဝင်ခုခံနိုင်စွမ်းလည်း နည်းသွားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ တီဘီဖြစ်ဖူးတဲ့သူဆိုရင် သတိထားရပါမယ်။ တီဘီရှိနေတုန်းမှာလည်း သေချာကုသဖို့ လိုသလို ကုပြီးသွားရင်လည်း မကြာခဏ အဆုတ်ပိုးမဝင်အောင် နေထိုင်ရမှာပါ။
အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သောက်လာတဲ့ ဆေးလိပ်တွေ၊ ရှူလာတဲ့ ဆေးလိပ်ငွေ့တွေ၊ မီးခိုးငွေ့တွေက စုပုံပြီး ဒုက္ခပေးလာတဲ့အတွက် အသက်ကြီးတဲ့သူတွေမှာ COPD အဖြစ်များပါတယ်။ ကံကောင်းတာက အသက်ကြီးရုံသက်သက်နဲ့တော့ မဖြစ်ပါဘူး။ အဆုတ်ကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်ထားမှပဲ ဖြစ်လာနိုင်တာပါ။
- လေထုညစ်ညမ်းတဲ့ စက်ရုံ အလုပ်ရုံမှာ အလုပ်လုပ်တဲ့သူတွေ
ကိုယ့်ရဲ့ အလုပ်မှာက တစ်နေကုန် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ အမှုန်တွေ ရှူနေရတယ်ဆိုရင် ဒါဟာ အသက်ရှူလမ်းကြောင်းကို နည်းနည်းစီ ထိခိုက်နေတာပါပဲ။ အချိန်ကြာလာလေလေ ပိုပြီး ထိခိုက်လေဖြစ်မှာပါ။
COPDက အဖြစ်အများဆုံး ရောဂါထဲမှာ ပါပေမယ့် ဖြစ်စေတဲ့ အကြောင်းအရာတွေကြည့်မယ်ဆိုရင် အတော်များများက ကာကွယ်လို့ ရတဲ့ အချက်တွေ များပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ ကာကွယ်ဖို့ အကြံပြုပါရစေ။