backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများမှာ ရောဂါကြွချိန်ဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာရောဂါလက္ခဏာများမှာ ယခင်ကထက် ပိုမိုဆိုးရွားတတ်ပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေ ယခင်ကထက်များပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ ရောဂါကြွချိန် အကြိမ်အရေအတွက်များလာတာနှင့်အမျှ လူနာရဲ့ အခြေအနေမှာ ပိုမိုဆုတ်ယုတ်သွားတတ်ပါတယ်။

ကံအားလျော်စွာ ရောဂါကြွချိန်များ လျော့နည်းလာအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါဆိုတာဘာလဲ။ ရောဂါကြွနေချိန်ကို ဘယ်လိုသိရှိနိုင်မလဲ။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင်အပါအဝင် သင့်မိသားစုဝင်များဟာ မိမိတို့ရဲ့ အဆုတ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ကိုဖြစ်စေတဲ့ အဓိက တွေ့ရအများဆုံး အကြောင်းအရင်းက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်ပွားအောင် ပိုမိုအားပေးတဲ့ အကြောင်းအရာများကတော့

· ဆေးလိပ်သောက်သူ (သို့) အသက် (၄၀)နှစ်ကျော်သည်အထိဆေးလိပ်သောက်ခဲ့ဖူးသူဖြစ်ခြင်း

· မိသားစုဝင်များတွင် နာတာရှည ်အဆုတ်လေပြွန်ရောင်ရောဂါရှိခြင်း( သို့မဟုတ် )Alpha1 antitrypsin ချို့တဲ့သောရာဇဝင်ရှိခြင်း -နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါလက္ခဏာများ အစဉ်မပြတ်ရှိနေခြင်း

· ဆေးလိပ်ငွေ့ (သို့) ညစ်ညမ်းသောလေကို ရှုရှိုက်ရသောရာဇဝင်ရှိခြင်း (သို့မဟုတ်) အဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်သော ဓါတုပစ္စည်းများနှင့် ဖုန်မှုန့်များကြား လုပ်ကိုင်ရခြင်းတို့ဖြစ်ပါ တယ်။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ မကြာခဏ ရောဂါကြွတတ်ပါတယ်။ ဒီလိုရောဂါကြွနေချိန်မျိုးမှာ ဆေးကုသမှု ခံယူဖို့ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အကောင်းမွန်ဆုံးနည်းလမ်းကတော့သင့်ရဲ့ဆရာဝန်နှင့် သွားရောက်ပြသပါ။

နာတာရှည်အဆုတ်လေပြွှွန်ရောင် ရောဂါကြွချိန်မှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာများ ကတော့

· တရွှီရွှီမြည်ခြင်း (သို့) ယခင်ကထက်ပိုမို၍တရွှီရွှီမြည်ခြင်း

· ပုံမှန်ထက်ပိုမို၍ချောင်းဆိုးခြင်း

· ပုံမှန်ထက် ပိုမို၍မောမောနေတတ်ခြင်း

· သလိပ်ပမာဏများလာခြင်း

· သလိပ်အရောင်သည်အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင် (သို့)သွေးရောင်ပြောင်းလာခြင်း

· ပုံမှန်ကဲ့သို့မဟုတ်ပဲအသက်ရျှူမှုပုံစံပြောင်းလဲလာခြင်း

· အဖျားတက်ခြင်း

· မူးဝေနေခြင်း (သို့) ယခင်ကထက် ပိုမို၍အိပ်စက်ခြင်း

· ခြေထောက် (သို့) ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း တို့ဖြစ်ပါတယ်။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါခံစားနေရတဲ့ မိသားစုဝင်များကို ရောဂါကြွမလာအောင် ကာကွယ်နိုင်မည့် နည်းလမ်းအချို့

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါကြွမလာအောင်ကျန်းမာရေးနှင့် ညီညွှတ်သောနေထိုင်မှုပုံစံရှိ ခြင်းဖြင ကာကွယ်ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်များမှာ အဆုတ်ကျန်းမာရေး ကောင်းမွန်လာအောင် လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းများဖြစ်ပါတယ်။

ဆေးလိပ်အန္တရာယ်ကိုလျော့ချပါ။

ပထမဆုံးအချက်ကတော့ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပါ။ အကယ်၍ မိသားစု ဝင်များ ဆေးလိပ်မသောက်ဖူးဆိုရင် လုံးဝအစမဖော်ပါနှင့်။ အကယ်၍ မိသားစုဝင်ထဲမှာဆေးလိပ်သောက်တတ်သူ ရှိရင် မိသားစုဝင်အားလုံး နှင့်ကိုယ်ကိုတိုင် ကျန်းမာကြံ့ခိုင်စေရန်အတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်သင့် ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ခြင်းဖြင့်နာတာရှည်အဆုတ်လေပြွန်ရောင် ရောဂါ ဖြစ်စဉ်က ိုနှေးကွေးစေပြီး အဆုတ်ထိခိုက်ပျက်စီးမှုကိုလည်း လျော့ကျစေပါတယ်။

ဆေးလိပ်အန္တရာယ်ထဲမှာ မိမိကိုယ်တိုင် မသောက်သုံးပဲ ဆေးလိပ်ငွေ့ရှူရှိုက်သူများလည်းပါဝင်ပါတယ်။

WHO ရဲ့စစ်တမ်းများအရ ဆေးလိပ်နှင့် ဆက်နွယ်နေသော သေဆုံးမှုများရဲ့ (၁၀)ရာခိုင်နှုန်းသည် ဆေးလိပ်ငွေ့ရှုရှိုက် ခြင်းကြောင့်ဖြစ်ပါတယ်။

အကယ်၍ သင့်မှာ Alpha1 antitrypsin (အဆုတ်နှင့်အသည်းကိုကာကွယ်ပေးနိုင်သော ပရိုတင်းအသားဓါတ်တစ်မျိုး ) ပမာဏ နည်းနေရင် ဆေးလိပ်ဖြတ်ခြင်းမှာအလွန်အရေးကြီးပါတယ်။

Alpha1antitrypsinဓါတ်ချို့တဲ့သူတွေမှာ ပုံမှန် အဆိုပါ အသားဓါတ်ကိုထိုးသွင်းနေရင် နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဆိုးဆိုးရွားရွားဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ Alpha1antitrypsinဓါတ်ချို့တဲ့သူရှိသော မိသားစုဝင်တိုင်း အဆိုပါဓါတ်ချို့တဲ့ခြင်းရှိမရှိ စစ်ဆေးမှုခံယူသင့်ပါတယ်။

လေထုညစ်ညမ်းခြင်းကိုရှောင်ကြဉ်ပါ။

ထင်းမီး၊မီးသွေးမီးများဖြင့် ချက်ပြုတ်စားသောက်ခြင်းဟာ နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါနှင့်ရောဂါကြွမှုများကို ပိုမိုများပြားစေနိုင်ပါတယ်။ အထူးသဖြင့်ကျေးလက်နေပြည်သူတွေမှာ အဖြစ်များပါတယ်။ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သော အခြားအကြောင်းအရာများ (ဥပမာ-လေထုညစ်ညမ်းခြင်း၊ ဓါတုဓါတ်ငွေ့များနှင့် ဖုန်မှုန့်သဲမှုန့်များ)ကလည်း နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါကို ပိုမိုဆိုးရွားစေနိုင် ပါတယ်။

သို့သော်လည်း ဖော်ပြပါအချက်အလက်များမှာ ဆေးလိပ်သောက်ခြင်းလောက် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါဖြစ်ပွားမှုမှာအရေးမပါပါ။

လုပ်ငန်းခွင်ထိတွေ့ရ မှုများကိုရှောင်ရှားပါ။

အချို့သောအလုပ်အကိုင်များ(ဥပမာ-မှိုင်းဖောက်ခွဲခြင်း၊ ကျောက်တွင်း တူးခြင်းနှင့် ဓါတုစက်ရုံများတွင် အလုပ်လုပ်ရသူများ) မှာလေထုညစ်ညမ်းမှုကို ဆိုးဆိုရွားရွားထိတွေ့ရပါတယ်။ အလုပ် အကိုင်မှထွက်ရှိတဲ့ ကျောက်မီးသွေးမှုန့်များ၊ ဓါတုဓါတ်ငွေ့များ၊ ကွန်ကရစ်မှုန်များ၊ မှိုင်းစမှိုင်းမှုန့်များ၊ ဝါဂွမ်းနှင့် အနှံအမှုန့်များ နှင့် အမြဲထိတွေ့ရရင် နာတရှည် အဆုတ်လေပြွန်ရောင်ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။

နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများရဲ့ (၂၀) ရာခိုင်နှုန်းမှာ လုပ်ငန်းထိတွေ့မှုကြောင့် ဖြစ်တယ်လို့ လေ့လာစမ်းသပ်မှု (၁)ခုက ဖော်ပြထားပါတယ်။ ဒါကြောင့် မိသားစုဝင်များထဲမှ အဆိုပါ လုပ်ငန်းခွင်တွင် လုပ်ကိုင်သူများရှိပါက ထိတွေ့မှုလျော့နည်းစေတဲ့ နည်းလမ်းများ (ဥပမာ-လုပ်ငန်းခွင်အတွင်း မျက်နှာစွပ်တပ်ခြင်း)ကို ပြောပြပေးသင့်ပါတယ်။

မိသားစုရာဇဝင်ကိုသိရှိပါ။

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါမှာ မျိုးရိုးလိုက်တတ်တဲ့ အတွက်မိသားစုဝင်ထဲမှ အဆိုပါရောဂါကို ခံစားနေရလျှင် အခြားသူများလည်း ရောဂါဖြစ်နိုင်ချေရှိပါတယ်။ အကယ်၍များ ရှိခဲ့လျှင် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါမျိုးရိုးဗီဇ ပါမပါ သွေးဖောက်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။၏

ကာကွယ်ဆေးထိုးပါ။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေသူများမှာ ပုံမှန်လူများထက် ခုခံမှု စွမ်းရည်ကျဆင်းမှု ရှိတဲ့အတွက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးရန် ကာကွယ်နိုင်သော ရောဂါများကတော့ တုတ်ကွေး၊ အဆုတ်ရောင်ရောဂါနှင့် ဆုံဆို့ရောဂါတို့ ဖြစ်ပါတယ်။

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူ မိသားစုဝင်အတွက် ရောဂါကြွမလာအောင် ကာကွယ်ပေးနိုင်သော အခြားနည်းလမ်းများ

အထက်ဖော်ပြပါ နည်းလမ်းများအပြင် နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါမကြွအောင် ကာကွယ်ပေးနိုင်တဲ့ အခြားလည်းလမ်းများကတော့

· ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြသပါ။

· တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန် လက်ကိုအချိန်မှန်မှန်ဆေးကြောပါ။ (သို့) လက်ဆေးသန့်စင်ရည်ကို အသုံးပြုပါ။

· ကူးစက်ရောဂါမဖြစ်ပွားအောင် အထူးသဖြင့် အေးပြီးတုပ်ကွေး မပါသောရာသီတွင် လူစုလူဝေးများသော နေရာများ သွားလာခြင်းကို ရှောင်ကြဉ်ပါ။

· အိပ်ရေး၀၀အိပ်ပါ။ ခန္ဓါကိုယ် ပင်ပန်းနွမ်းနယ်နေလျှင် ဖျားနာလွယ်ပါတယ်။

· သလိပ်ကပ်ခြင်းကင်းဝေးအောင် ရေများများသောက်ပါ။

ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် နာတာရှည်အဆုတ် လေပြွန်ရောင်ရောဂါ ကြွမလာအောင် ကာကွယ်နိုင်ပါတယ်။ အကယ်၍ မကြာခဏ ရောဂါကြွနေလျှင် သင့်ရဲ့ဆရာဝန်နှင့် ချက်ချင်း သွားရောက်ပြသပြီး ကုသမှုခံယူပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement