backup og meta

ပန်းနာရင်ကျပ် ကူးစက်တတ်လား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကျပ် ကူးစက်တတ်လား!

    ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

    ပန်းနာရင်ကျပ် ကူးစက်တတ်လား

    ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။

    ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။

    ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ပြင်းထန်တာမျိုးလည်း ရှိနိုင်ပါတယ်။

    ပန်းနာရင်ကျပ်က တစ်ဦးကနေ တစ်ဦးကို မကူးစက်ပေမယ့်လို့ ပျောက်ကင်းအောင် ကုသနိုင်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို ထိန်းချုပ်လို့တော့ ရပါတယ်။ ပန်းနာရင်ကျပ်က အချိန်ကြာလာတဲ့အခါမှာ ခံစားရတဲ့ လက္ခဏာတွေ ပြောင်းလဲလာနိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ် ရှိသူတွေအနေနဲ့ သေချာလေး ဂရုစိုက် ကုသဖို့တော့ လိုမှာပါ။

    ပန်းနာရင်ကျပ် ဘာကြောင့်ဖြစ်ရတာလဲ

    ပန်းနာရင်ကျပ်က ဘာလို့ ဖြစ်ရလဲဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့လည်း သက်ဆိုင်သလို ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဒီနှစ်ခုပေါင်းပြီးတော့လည်း ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်က အမြဲတမ်းကျပ်နေတယ်ဆိုတာထက် ရင်ကျပ်စေတဲ့ လှုံ့ဆော်မှုတစ်ခုခုကြောင့် ကျပ်တာများပါတယ်။

    အဲ့တာတွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ၊ မှိုတွေ၊ တိလေးတွေရဲ့ အမွေးတွေနဲ့ သူတို့ဆီက အမှုန်တွေကြောင့် ဖြစ်တာရှိနိုင်သလို ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာကြောင့် မဟုတ်ဘဲ မီးခိုးငွေ့၊ လေအေးတာ နဲ့ စိတ်ခံစားချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဒါတွေအပြင် ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေများစေနိုင်တဲ့ တခြားအကြောင်းရင်းတွေကတော့

    • မျိုးရိုးရှိတာ

    ပန်းနာရင်ကျပ်ရှိတဲ့ မိဘကနေ မွေးဖွားလာတဲ့ ကလေးက အခြားသောကလေးတွေထက် ပန်းနာရင်ကျပ်ကို ခံစားရနိုင်ခြေက ၂.၅ ဆကျော် ပိုများနေပါတယ်။

    • ဓာတ်မတည့်မှု

    ပန်းနာရင်ကျပ် ရှိသူအများစုက ဓာတ်မတည့်မှုတွေ ရှိတတ်ကြပါတယ်။ မျက်လုံး၊ နှာခေါင်းတွေမှာ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်သလို အသက်ရှူလမ်းကြောင်းမှာလည်း ဓာတ်မတည့်မှုကို ခံစားရပြီး ပန်းနာရင်ကျပ်ကို ခံစားရတာပါ။

    • လမစေ့ဘဲ မွေးဖွားတာ

    ကိုယ်ဝန်ဆောင်ကာလတုန်းက ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားခံရတဲ့ ကလေးငယ်လေးတွေဟာလည်း အသက်အရွယ်ရလာချိန်မှာ ပန်းနာရင်ကျပ်ကို ခံစားရနိုင်ခြေများပါတယ်။

    • အဆုတ်ပိုးဝင်တာ 

    ကလေးဘဝတုန်းက အဆုတ်မှာ ပိုးဝင်ကူးစက်တာကို ခံစားရဖူးသူတွေဟာ အသက်ကြီးလာချိန်မှာ ပန်းနာရင်ကျပ်တာကို ခံစားရနိုင်ခြေ များပါတယ်။

    • အလုပ်ခွင်မှာ နေ့စဉ် ထိတွေ့မိတဲ့ အရာတွေ

    အလုပ်ခွင်မှာ ထိတွေ့မိတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ၊ ဓာတုအခိုးအငွေ့တွေက ပန်းနာရင်ကျပ် ဖြစ်စေနိုင်ပါတယ်။ ဒါက အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ ပန်းနာရင်ကျပ်ရဲ့ အကြောင်းရင်းခံပါ။

    • ဟော်မုန်းတွေ

    အမျိုးသမီးတွေမှာတော့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် သွေးဆုံးခါနီးအချိန်နဲ့ သွေးဆုံးချိန်မှာ ပန်းနာရင်ကျပ်ကို ခံစားရနိုင်ပါတယ်။

    • လေထုညစ်ညမ်းမှု

    ဆေးလိပ်ငွေ့တွေ၊ အိတ်ဇောငွေ့တွေ၊ လေထဲက အမှုန်အမွှားတွေကလည်း ပန်းနာရင်ကျပ် ဖြစ်စေနိုင်ပါတယ်။

    • အဝလွန်တာ

    ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက အဆုတ်တွေကို ညှစ်ထားသလို ဖြစ်စေပြီး အသက်ရှူရခက်စေနိုင်ပါတယ်။ အဆီတစ်ရှူးတွေက ရောင်ရမ်းစေတဲ့အရာတွေကို ထုတ်လွှတ်ပြီး အဆုတ်ကို ထိခိုက်စေတာကြောင့် ပန်းနာရင်ကျပ် ဖြစ်စေနိုင်ပါတယ်။

    ကဲ …… ပန်းနာရင်ကျပ်က ကူးစက်စေတတ်တာတော့ မဟုတ်ပေမယ့် ပတ်ဝန်းကျင်က ညစ်ညမ်းဓာတ်မတည့်မှုတွေနဲ့ အချို့သော နေထိုင်မှုပုံစံတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာကိုတော့ သိထားဖို့လိုပါမယ်။ ဒါကြောင့် ပုံမှန်ဆေးကုသမှုခံယူတာ၊ ကိုယ်အလေးချိန် ထိန်းတာ၊ ဆေးလိပ်ဖြတ်တာမျိုးတွေ လုပ်ပေးဖို့ အကြံပြုလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement