backup og meta

ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ်  ပိုမဆိုးလာစေဖို့

    ကလေးက ပန်းနာရင်ကျပ်ရှိနေတယ်။ ကျန်တဲ့အချိန်တွေမှာ အဆင်ပြေပေမယ့် ဆောင်းရာသီရောက်လာပြီဆိုရင် ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် ပန်းနာရင်ကျပ်က ပိုဆိုးလာလို့ စိတ်ညစ်နေတဲ့ မေမေဖေဖေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ကဲ …. ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းရာသီမှာ ပန်းနာရင်ကျပ် ပိုဆိုးနိုင်သလား!

    ပန်းနာရင်ကျပ်က နာတာရှည် ကျန်းမာရေး ပြဿနာဆိုပေမယ့် ဆောင်းရာသီ ရောက်လာချိန်မှာ ပန်းနာရင်ကျပ်က ပိုဆိုးလာပါတယ်။ အကြောင်းကတော့ ဆောင်းရာသီမှာ လေထုက အေးမြခြောက်သွေ့နေပြီး ဒီအေးမြခြောက်သွေ့နေတဲ့ လေထုက အဆုတ်တွေကို မအီမသာဖြစ်စေပြီး အသက်ဝဝရှူဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ပန်းနာရင်ကျပ် ဖြစ်တာကို ပိုဆိုးစေမှာပါ။ လေထုရဲ့ အပူချိန် နဲ့ စိုထိုင်းဆက ပန်းနာရင်ကျပ် ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။

    ဆောင်းရာသီမှာ ကလေးရဲ့ပန်းနာရင်ကျပ် ပိုဆိုးလာရတဲ့ အကြောင်းအရင်း

    လေထုအေးအေးနဲ့ ထိတွေ့မိတာက ကလေးရဲ့ လေပြွန်တွေကို ကျုံ့စေပြီး ခန္ဓာကိုယ်ထဲကနေ Histamine လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ချိန်မှာ ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းနဲ့ အတူတူပါပဲ။

    ဒီလို ဓာတ်မတည့်မှုကို တုံ့ပြန်ချိန်မှာ ရောင်ရမ်းတာ၊ ယားယံတာတွေကို ခံစားရသလို အသက်ရှူရခက်တာကိုလည်း ခံစားရနိုင်ပါတယ်။ Histamine က အဆုတ်ရောင်တာ၊ လေပြွန်တွေ တင်းကျပ်တာမျိုး ခံစားရစေပါတယ်။ လေပြွန်တွေ တင်းကျပ်တာက အသက်ကောင်းကောင်းရှူဖို့ အခက်အခဲ ဖြစ်စေပါတယ်။ နောက်ဆုံးရလဒ်ထုတ်ကြည့်တော့ ပန်းနာရင်ကျပ်တာကို ပိုဆိုးစေတော့တာပေါ့။

    ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့

    ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးကို ဂရုစိုက်ဖို့ လိုပါမယ်။

    • နွေးနွေးထွေးထွေး ဝတ်ပေးပါ

    အအေးခံတာက ကလေးကို ပန်းနာရင်ကျပ် ပိုဆိုးစေနိုင်တာကြောင့် အိမ်အပြင်ထွက်မယ်ဆိုတဲ့ အခါမျိုးတွေ၊ အရမ်းအေးနေတဲ့ အခါမျိုးတွေမှာ ကလေးကို ရာသီဥတု အနေအထားနဲ့ လိုက်ဖက်ညီအောင် အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။ ကလေးကို ဆောင်းအေးနေချိန်မှာ အချိန်တိုင်း နွေးနွေးထွေးထွေး ထားပေးပါ။

    • ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပေးပါ

    ပါးလေးရဲ့ ပါးစပ် နဲ့ နှာခေါင်းကို နွေးနွေးထွေးထွေး ဖြစ်စေဖို့ နဲ့ ဓာတ်မတည့်မှုတွေနဲ့ ထိတွေ့တာကနေ ကာကွယ်ဖို့အတွက် ကလေးကို အိမ်ပြင်ထွက်တဲ့ အခါတိုင်းမှာ ပါးစပ်နဲ့ နှာခေါင်းစည်းကို သေချာလေး ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက အဆုတ်တွေကို လေအေးအေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး ဆောင်းအအေးကြောင့် ပန်းနာရင်ကျပ် မဖြစ်အောင် အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။

  • တုပ်ကွေး ကာကွယ်ဆေး ထိုးထားပါ
  • တုပ်ကွေးဖြစ်တာ၊ အအေးမိတာတွေက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အတော်လေး စိတ်ညစ်ရတဲ့ အခြေအနေပါ။ နောက်တစ်ချက်က တုပ်ကွေးမိတာက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေတာကလည် တုပ်ကွေးလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိမယ်ဆိုရင် ကလေးကိုရော ကျန်တဲ့ မိသားစုဝင်တွေပါ တုပ်ကွေးကာကွယ်ဆေး  ပုံမှန် နှစ်စဉ် ထိုးထားပေးပါ။

    • သွားလေရာကို inhaler ဆောင်သွားပါ

    ကလေးကို ကျောင်းသွားရင် ဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် ကလေးနဲ့ အမြဲပါသွားမယ့် လွယ်အိတ် ဒါမှမဟုတ် အိတ်တစ်ခုခုထဲကို inhaler ပါအောင် ထည့်ပေးပါ။ တချို့ကလေးတွက ကလေးက ကစားကွင်းတွေ၊ အပြင်လည်ပတ်စရာနေရာတွေမှာ လှုပ်လှုပ်ရှားရှား ကစားပြီးရင် ကျပ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့  မဆော့ခင် ၁၅ မိနစ် အလိုလောက်မှာ ပန်းနာရင်ကျပ် မထအောင် ကာကွယ်တဲ့ အနေနဲ့ inhaler ရှူဖို့လိုနိုင်ပါတယ်။

    • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

    တုပ်ကွေးကာကွယ်ဆေး ထိုးထားတယ် ဆိုပေမယ့် ဆောင်းရာသီမှာ မတော်တဆ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ မဖြစ်စေဖို့အတွက် ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ပါ။ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာက ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေခြင်းကလည်း အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာကြောင့် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

    ဒါကြောင့် ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာ၊ နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ဆိုးတာ၊ မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုးတွေ မလုပ်ဖို့ သင်ထားပေးပါ။

    ဒီအချက်တွေအပြင် ကလေးကို အာဟာရပြည့်ဝအောင် ကျွေးတာ၊ အိပ်ရေးဝအောင် အိပ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ ကိုင်တွယ်ထိတွေ့မိတာမျိုး၊ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မိတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့နော် ဖေဖေမေမေတို့ရေ …………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement