backup og meta

ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thant Zin မှ ရေးသားသည်။ · 31/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရင်း

    ကိုယ်ဝန်လိုချင်နေတဲ့ စုံတွဲတွေအတွက်တော့ ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းဟာ သတင်းကောင်းပေါ့။ ကိုယ်ဝန်ရှိကြောင်းကို ဆီးစစ်တာ၊ အယ်ထွာဆောင်းရိုက်တာတွေ မလုပ်ခင်မှာဘဲ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကနေတဆင့် မှန်းဆလို့ရပါတယ်။ ဒါပေမယ့် လက္ခဏာတွေ ရှိရုံနဲ့ ကိုယ်ဝန်ရှိတယ်လို့ တပ်အပ်ပြောလို့ မရသေးပါဘူး။ ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အခြေအနေဆိုတာလည်း ရှိလို့ပါ။

    ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အခြေအနေဆိုတာ

    ဒါကို False pregnancy သို့မဟုတ် pseudocyesis လို့ခေါ်ပါတယ်။ ကိုယ်ဝန်မရှိပါဘဲနဲ့ ကိုယ်ဝန်ဆောင်တွေ ခံစားရတဲ့ လက္ခဏာတွေ ရှိနေတာမျိုးပေါ့။ ကိုယ်ဝန်ရှိသလိုထင်ရ စေတဲ့ ရာသီထိမ်တာ၊ ပျို့အန်တာ၊ အစားအသောက်ပျက်တာ၊ ချင်ခြင်းတပ်တာ စတာတွေ သူ့မှာ ရှိနေနိုင်ပါတယ်။ တချို့ဆို ဗိုက်တောင် ဖောင်းလာပါသေးတယ်။

    ဘယ်အရာတွေက ကိုယ်ဝန်ရှိသလိုထင်ရ စေသလဲ

    ဒီပြသနာဟာ အမျိုးသမီးတွေတင်မက အံ့သြစရာကောင်းအောင်ပဲ အမျိုးသားတွေမှာပါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်း အတိအကျကိုတော့ မသိရပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကိုယ်တွင်းဓာတုစ္စည်းတွေ ဟန်ချက်မညီခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

    ကလေးရဖို့ ခက်ခဲခြင်း၊ မကြာခဏ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကို ဆုံးရှုံးရခြင်း၊ သွေးဆုံးချိန်နီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း စတဲ့ ပြဿနာတွေကြောင့် ကလေးကို အရမ်းလိုနေချိန်မှာ ကိုယ်ဝန်ရှိလာသယောင် ထင်ယောင်ထင်မှား ဖြစ်လာတတ်ပါတယ်။ တခါတရံ ရင်သားများ ကြီးထွားလာခြင်း၊ ဝမ်းဗိုက်ပူလာခြင်း စတာတွေ ဖြစ်လာပြီး ဦးနှောက်ကနေ ကိုယ်ဝန်ရှိလာတယ်လို့ မှတ်ယူလိုက်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ကိုယ်ဝန်လက္ခဏာများ ပေါ်လာပါတယ်။

    မျိုးဥအိမ်ကင်ဆာ၊ ကိုယ်တွင်းဓာတုပစ္စည်းများ ဟန်ချက်မညီခြင်း စတဲ့ ကျန်းမာရေး အခြေအနေတွေကလည်း ကိုယ်ဝန်ရှိသလိုထင်ရ စေပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း စိတ်ကျခြင်း လက္ခဏာတွေ ပေါ်လာပြီး ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေ ပါတယ်။

    သိပ္ပံပညာရှင်တချို့ကတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ ဆင်းရဲခြင်း၊ ပညာချို့တဲ့ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးပြဿနာများကလည်း ဒီအခြေအနေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ လက္ခဏာတွေက ဘာတွေလဲ

    အမှန်တကယ် ကိုယ်ဝန်ရှိချိန်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတော့ မရှိပါဘူး။ အများဆုံး တွေ့ရတာကတော့

    • ရာသီစက်ဝန်းပြောင်းလဲခြင်း၊ ရာသီထိမ်ခြင်း
    • ဗိုက်ပူခြင်း
    • ဆံပင်နဲ့ အသားအရေ ပြောင်းလဲခြင်း။ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းလာပါတယ်။
    • ကိုယ်အလေးချိန် တက်လာခြင်း။ ပုံမှန်စားနေကြအတိုင်း စားနေချိန်မှာတောင် ကိုယ်အလေးချိန်ဟာ လျင်မြန်စွာ တိုးတက်လာပါတယ်။
    • မကြာခဏ ဆီးသွားခြင်း
    • ရင်သားများကြီးပြီး နာကျင်လာခြင်း
    • ကလေးလှုပ်သကဲ့သို့ ခံစားရခြင်း
    • ပျို့အန်ခြင်း။

    အဲဒီလက္ခဏာတွေဟာ ရက်သတ္တပတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ ရှားရှားပါးပါး အမျိုးသမီးတချို့မှာ ကလေးမွေးခါနီး ဗိုက်နာသလို ကြုံရပါတယ်။ အထူးသဖြင့်တော့ ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ကိုယ်ဝန်ရှိသလိုထင်၊ ကိုယ်ဝန်သည်လို နေထိုင်စားသောက်ပြီး ဗိုက်နာလို့ ကလေးမွေးမယ်ဆိုမှ ကလေးမရှိမှန်း သိရတာမျိုးပါ။

    ကိုယ်ဝန်တကယ် ရှိ၊ မရှိ ဘယ်လိုစစ်ဆေးနိုင်သလဲ။

    ကိုယ်ဝန်က တကယ်လား၊ ထင်ယောင်ထင်မှား ဖြစ်နေတာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အယ်ထွာဆောင်းရိုက်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်တကယ်ရှိနေတာမဟုတ်ဘူးဆိုရင် အယ်ထွာဆောင်းထဲမှာ ကလေးကိုမြင်နိုင်မှာမဟုတ်ပါဘူး။

    ဆီးစစ်တာကလည်း ဒီနေရာမှာ လွဲနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိသလိုမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်နေတာကြောင့် တချို့တွေမှာ နှစ်ကြောင်းပေါ်နေမှာမို့လို့ပါ။ ဒါကြောင့် အယ်ထွာဆောင်းရိုက်တာကတော့ ပိုပြီးသေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။

    ဒီအခြေအနေအတွက် ကုသမှုတွေရှိသလား။

    အရင်ဆုံးတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတာတွေ လုပ်ရပါတယ်။ အမျိုးသမီးတော်တော်များများက ဒီအခြေအနေကို လက်ခံဖို့ ခက်ကြပါတယ်။ ငြင်းဆန်တာ၊ ဆေးစစ်ချက်မှားနေတယ်လို့ စွပ်စွဲတာတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရဖို့ တော်တော်မျှော်လင့်နေတဲ့ စုံတွဲတွေမှာ ဒါက စိတ်ဒဏ်ရာလိုမျိုး ဖြစ်သွားနိုင်ပါတယ်။

    ပြီးမှပဲ ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေကုသရပါတယ်။ ဥပမာ ရာသီထိမ်တယ်ဆိုရင်လည်း ဘာကြောင့်ထိမ်တာလည်း ဆိုတာကို ရှာဖွေကုသတာမျိုးပါ။

    ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်ခြင်းက ရှားပါးတဲ့ အခြေအနေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ကြုံရချိန်မှာ အဖြစ်မှန်ကို လက်ခံဖို့၊ မပြိုလဲသွားဖို့ ဒီရောဂါရှိပါလားဆိုတာကို သိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thant Zin မှ ရေးသားသည်။ · 31/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement