backup og meta

ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း

    ကိုယ်ဝန်ဆောင်ချိန်က မိခင်ရော ကလေးပါ ကျန်းမာဖို့ လိုတာကြောင့် ပေါ့ပေါ့ဆဆ နေလို့ မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတို့ သိထားဖို့ လိုမယ့် ရေမြွာရည်ကို ပိုးဝင်ကူးစက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကဲ …. ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာ ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ရေမြွာ ဆိုတာ

    ရေမြွာ ဆိုတာက အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်လေးပါ။ ရေမြွာအိတ်ကလေးက ဘေဘီလေး အတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲက သန္ဓေသား လေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည် နည်းလွန်းတာတွေ၊ များလွန်းတာတွေ ဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ်။

    ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း

    ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာက သန္ဓေသား၊ ချက်ကြိုး၊ အချင်းတို့ကို ကာကွယ်ပေးထားတဲ့ ရေမြွာအိတ်ရဲ့ အမြှေးပါး ဒါမှမဟုတ် အရည်ထဲကို ဝင်ရောက် ကူးစက်တာပါ။ ဒီ ကူးစက်မှုက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ များသောအားဖြင့် မိန်းမကိုယ်ကနေတဆင့် ဘက်တီးရီးယားတွေ ကူးစက်တာကြောင့် ဖြစ်ရတာပါ။ E. coli ဒါမှမဟုတ် B streptococci အမျိုးအစား ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာ စစ်ဆေး သိရှိ နိုင်ပါတယ်။

    ဘယ်လောက်ထိ အဖြစ်များလဲ

    ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ ဦးမှာ ၂ ဦးလောက် ရေမြွာရည် ပိုးဝင်ကူးစက်တာကို ခံစားကြရပါတယ်။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ

    • အချိန်မတိုင်ခင် ရေမြွာ ပေါက်တဲ့သူတွေ
    • ကိုယ်ဝန်ဆောင်ကာလ အရမ်း ကြာလွန်းတဲ့ သူတွေက အခြား သူတွေထက် ရေမြွာရည်မှာ ပိုးဝင်ကူးစက် ခံရနိုင်ခြေ ပိုများပါတယ်။

    ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ

    ရေမြွာ ပိုးဝင်ကူးစက်တဲ့အခါ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    • အဖျား တက်မယ်
    • မိခင်ရော ရင်သွေးပါ နှလုံးခုန်နှုန်း မြန်လာမယ်
    • အထိ မခံနိုင်အောင် နာမယ်
    • သားအိမ်က နာသလို ခံစားရမယ်
    • အရည်တွေ စိမ့်ထွက်မယ်
    • ရေမြွာက အနံ့ဆိုးတွေ ထွက်လာမယ်။

    ဘယ်လို ကုသမလဲ

    ဆရာဝန်က ရောဂါပိုး ကူးစက်ခံထားရတယ်လို့ တွေ့ရှိရတဲ့အခါ ပိုးသတ်ဆေး ပေးပါလိမ့်မယ်။ တစ်ခါတလေမှာတော့ ကလေးကို ခွဲမွေးလိုက်တာမျိုး လုပ်တဲ့ ကုထုံးလည်း ရှိပါတယ်။ တကယ်လို့ ကလေးမှာပါ ရောဂါပိုး ကူးစက်ခံထားရင်တော့ ကလေးကိုပါ ပိုးသတ်ဆေးတိုက်ပေးမှာ ဖြစ်ပါတယ်။

    နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ

    တကယ်လို့ ပိုးဝင်ကူးစက်မှုက ပြင်းထန်မယ်၊ မကုသဘဲ ထားမယ်ဆိုရင် နောက်ဆက်တွဲ ရောဂါတွေ ခံစားရနိုင်ပါတယ်။

    • မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်မယ်၊ ဝမ်းဗိုက်ပိုင်းမှာ ပိုးဝင်ကူးစက်မယ်
    • သားအိမ် အတွင်းနံရံမှာ ပိုးဝင်ကူးစက်မယ်
    • မွေးလမ်းကြောင်းနဲ့ အဆုတ်မှာ သွေးခဲတာမျိုးတွေ ဖြစ်မယ်
    • သွေးဆိပ်တက်တာမျိုး ဖြစ်မယ် (ပြင်းထန်ရင် အသက်သေဆုံးတာမျိုး ဖြစ်မယ်)။

    ဘေဘီလေးမှာ ဘာတွေဖြစ်နိုင်မလဲ

    ဘေဘီလေးမှာကတော့ ပိုးဝင်ကူးစက်ခံရတဲ့အခါ

    • သွေးဆိပ်တက်တာ
    • ဦးနှောက် အမြှေးပါး နဲ့ နာဗ်ကြောမှာ ပိုးဝင်ကူးစက်တာ
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာနေစေဖို့ ဒီအချက်လေးကိုလည်း သတိထားဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement