ကိုယ်ဝန်ရှိမရှိ အိမ်မှာ အရင်စစ်မယ်

    ကိုယ်ဝန်ရှိမရှိ အိမ်မှာ အရင်စစ်မယ်

    သင့်ဗိုက်ထဲမှာ ရင်သွေးလေး ရှိနေပြီဖြစ်တဲ့ အကြောင်း ဆရာဝန်ဆီက တရားဝင် မကြားရသေးခင် အိမ်မှာပဲ သင်ကိုယ်တိုင် ဦးစွာ စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ရှိမရှိ အိမ်မှာ ဘယ်လိုစစ်ဆေးမလဲဆိုတာကို လမ်းညွှန်ပေးထားတာဖြစ်ပါတယ်။

    ဘယ်လိုအချိန်မှာ စစ်ဆေးရမလဲ။

    ပုံမှန် ဓမ္မတာလာချိန်ထက် အနည်းဆုံး တပတ်လောက် နောက်ကျနေပြီဆိုရင် စစ်ဆေးကြည့်သင့်ပြီး သင့်အနေနဲ့ အတိကျဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။ အရမ်းကြီး စောစစ်မိမယ်ဆိုရင် သင့်အနေနဲ့ ကိုယ်ဝန်ရှိနေပေမယ့် စစ်ဆေးမှုမှာ ကိုယ်ဝန်မရှိဖူးလို့ အဖြေထွက်လာနိုင်ပါတယ်။
    စစ်မယ်ဆိုရင်လည်း ဆီးထဲမှာ ဟော်မုန်းပါဝင်မှု အများဆုံးအချိန်ဖြစ်တဲ့ မနက်စောစော အချိန်မှာ စစ်ဆေးသင့်ပါတယ်။

    ဒီစစ်ဆေးမှုဟာ ဘယ်လောက်တိကျသလဲ။

    ကိုယ်ဝန်ရှိမရှိ သိဖို့စစ်ဆေးနိုင်တဲ့ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ အိမ်မှာ ဆီးစစ်တာနဲ့ ဆေးရုံ၊ဆေးခန်းမှာ သွေးစစ်တာတို့ ဖြစ်ပါတယ်။ ဆီးစစ်တာဟာ ၉၉ရာခိုင်နှုန်း တိကျမှန်ကန်ပြီး သွေးစစ်တာက ပိုလို့တောင်မှန်ပါသေးတယ်။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ စစ်ဆေးမှုတွေရဲ့ တိကျမှန်ကန်မှုဟာ အောက်ပါအချက်တွေပေါ်မူတည်ပါတယ်။

    • လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာမှု ရှိမရှိ။
    • သန္ဓေသား ကပ်တွယ်တာ ဘယ်လောက်စောသလဲ။
    • ကိုယ်ဝန် ဘယ်နှစ်လမှာ စစ်ဆေးတာလဲ။
    • သင်ပြုလုပ်တဲ့ စစ်ဆေးမှုရဲ့ သဘောသဘာဝ စသဖြင့်။

    တချို့ရှားရှားပါးပါး အခြေအနေတွေမှာ ဆီးထဲ ပရိုတင်း ဒါမှမဟုတ် သွေးပါနေခဲ့ရင် အဖြေမှားနိုင်ပါတယ်။ ဒါ့အပြင် အချို့သော ဆေးတွေကို သုံးစွဲနေရင်လည်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ အဖြေတိကျမှုကို ထိခိုက်စေပါတယ်။

    အိမ်မှာ ဘယ်လိုစစ်ဆေးမလဲ။

    ဒီစစ်ဆေးမှုဟာ အလွန်ရိုးရှင်းပြီး လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာမယ်ဆိုရင် မှန်ကန်တိကျတဲ့ အဖြေကို ပေးပါလိမ့်မယ်။ စစ်ဆေးမှု ပြုလုပ်ဖို့ နည်းလမ်းအများအပြားရှိပါတယ်။ ဒါကတော့ လက်ကိုအသုံးပြုစရာမလိုတဲ့ စစ်ဆေးမှုပြုလုပ်ပုံပါ။

    အဆင့် ၁ း အောက်ပါ နည်းလမ်းတွေထဲက တခုကို ရွေးချယ်နိုင်ပါတယ်။

    • မနက်စောစော သွားတဲ့ ဆီးကို ခွက်တခုထဲမှာ ထည့်ပြီး ဆီးစစ်တံကို ဆီးထဲ နှစ်ပါ။
    • ဆီးစစ်တံကို ဆီးသွားရာ လမ်းကြောင်းအောက်မှာ တိုက်ရိုက်ခံပါ။
    • ဆီးကို ခွက်တခုထဲထည့်ပါ။ အစက်ချတဲ့ dropper လေးကို သုံးပြီး ဆီးစက်လေးတွေကို ဆီးစစ်တံပေါ် ချပေးပါ။

    အဆင့် ၂ း ရလာဒ်ပေါ်လာချိန်ထိ မိနစ် အနည်းငယ် စောင့်ဆိုင်းပါ။

    အဆင့် ၃ း အဖြေကို ဖတ်ပါ။ သင်သုံးတဲ့ ပစ္စည်းပုံစံ အမျိုးအစားပေါ်မူတည်ပြီး အဖြေဖော်ပြတဲ့ ပုံကတော့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် အဖြေက အောက်မှာပြထားတဲ့ ပုံစံတွေထဲက တမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    • မျဉ်းနှစ်ကြောင်းပေါ်ပါလိမ့်မယ်။
    • အရောင်ဖော်ပြပါလိမ့်မယ်။
    • “+” လက္ခဏာလေး ပေါ်ပါလိမ့်မယ်။

    တကယ်လို့ သင့်အနေနဲ့ လက်ကို သုံးပြီး စမ်းသပ်စစ်ဆေးတယ်ဆိုရင် အဆင့်တစ် နဲ့ နှစ်ကို အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း အတူတူပဲ လုပ်ပါ။ ဒါပေမယ့် နောက်ဆုံးအဆင့်မှာတော့ ဆီးစစ်ပစ္စည်းကနေ “ကိုယ်ဝန်ရှိပါတယ်” ဒါမှမဟုတ် “ကိုယ်ဝန်မရှိပါ” ဆိုတဲ့ ရလာဒ်တခုခုကို ခပ်ကျယ်ကျယ် အော်ပြောပါလိမ့်မယ်။

    ပြီးရင် ဘာဆက်လုပ်ရမလဲ။

    တကယ်လို့ အဖြေက ကိုယ်ဝန်ရှိတယ်လို့ ထွက်လာခဲ့တယ်ဆိုရင် ပိုသေချာအောင် စစ်ဆေးဖို့ ဆရာဝန်ဆီသွားပါ။
    တကယ်လို့ အဖြေက ကိုယ်ဝန်မရှိဖူးလို့ ထွက်ပေမယ့် သင့်အနေနဲ့ ကိုယ်ဝန်ကျိန်းသေပေါက်ရှိနေတယ်လို့ ယုံကြည်ရင်လည်း ပိုသေချာအောင် စစ်ဆေးဖို့ ဆရာဝန်ဆီသွားပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    When to Take Pregnancy Tests – WebMD: Home Tests, False.
    http://www.webmd.com/baby/guide/pregnancy-tests#2. Accessed January 20, 2017When to Take Pregnancy

    စာရေးသူ ဓာတ်ပုံ
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။