backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်ကာလတတိယပိုင်း၏ အသက်တမျှအရေးကြီးမှု


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလတတိယပိုင်း၏ အသက်တမျှအရေးကြီးမှု

ကိုယ်ဝန်ဆောင်ကာလကို အပိုင်းသုံးပိုင်းပိုင်းခြားနိုင်ပြီး တတိယပိုင်းကတော့ ၂၈ပတ်ကနေ နေ့စေ့လစေ့ဖြစ်တဲ့ ၃၉ပတ်ထိပါ။ ထိုအချိန်ဟာ မိခင်လောင်းရော ကလေးအတွက်ပါ စိန်ခေါ်မှုတွေပြည့်နေတဲ့ အချိန်ပါ။

ကလေးက အလွန်အရေးကြီးတဲ့ ဖွံ့ဖြိုးမှုတွေ လုပ်နေချိန်ဖြစ်တယ်

ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်းလောက်ရောက်ပြီဆိုရင် လုပ်စရာတွေတပုံတပင်ဖြစ်လာပြီဆိုတာ သင်သတိထားမိမှာပါ၊ မိမိအလုပ်တွေကို သူများကို လွှဲပေးတာကစလို့ ဆေးရုံသွားဖို့ပြင်ဆင်ရတာတွေ အဆုံးပေါ့။ ပြီးတော့ အဲ့အချိန်ဆိုရင် နည်းနည်းလေးတောင် မလှုပ်ချင်လောက်အောင်ထိ ဝမ်းဗိုက်ကလည်းကြီးလာပြီပေါ့။ အဲ့လိုအချိန်မှာ သင့်ကလေးလေးကလည်း ဗိုက်ထဲမှာ အရေးကြီးတဲ့အလုပ်တွေလုပ်နေတယ်ဆိုတာ သိပါသလား…

ကိုယ်ဝန်ဆောင်ကာလ တတိယပိုင်းရဲ့ အစလောက်မှာတင် ကလေးရဲ့အင်္ဂါအစိတ်အပိုင်းတွေ အကုန်ဖြစ်ပေါ်လာပါပြီ၊ ဒါပေမယ့် အလုပ်လုပ်နိုင်လောက်အောင်တော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ကိုယ်ဝန်ဆောင်နောက်ဆုံးကာလဟာ သင့်ကလေးငယ်ရဲ့ ဦးနှောက်၊ အဆုတ်၊ မျက်လုံး၊ နှလုံး စသည်တို့ ပြည့်ပြည့်စုံစုံဖွံ့ဖြိုးချိန်ပါ။ တတိယပိုင်းကာလရဲ့အစမှာတင် သင့်ကလေးမျက်လုံးလေးတွေ ပွင့်နေပါပြီ။ ၃၁ပတ်မှာ ကလေးရဲ့ပင်မအာရုံကြောအဖွဲ့အစည်းက ကလေးကိုယ်အပူချိန်ကို စပြီးထိန်းနိုင်လာပြီ။ ၃၂ပတ်မှာဆိုရင် ကလေးအသက်ရှူနိုင်ဖို့ အဆုတ်ထဲမှာလိုအပ်တဲ့ ပရိုတင်းတစ်မျိုးထွက်ပေါ်လာပြီး ထိုပရိုတင်းက အဆုတ်ပြားကပ်ခြင်းကို ကာကွယ်ပေးကာ ကလေးကိုစတင်အသက်ရှူနိုင်ဖို့ကူညီပေးပါလိမ့်မယ်။ နောက်တစ်ပတ်လောက်ကြာရင်တော့ သူငယ်အိမ်တွေကျုံ့နိုင်ချဲ့နိုင်ပြီမို့ ကလေးဟာ သူတို့မျက်လုံးထဲ အလင်းဝင်လာတာကို သိနိုင်နေပြီပေါ့၊

၃၅ပတ်မှာဆိုရင် သင့်ကလေးလေးရဲ့ ကိုယ်အလေးချိန်က အလျင်အမြန်ကို တက်လာပါတယ်၊ သူတို့လက်လေး ခြေလေးတွေပြည့်ဖောင်းလာတယ်။ နောက်နှစ်ပတ်လောက်ကြာရင်တော့ နေ့စေ့လစေ့ဖြစ်တော့မှာပေါ့။ သူတိုအင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံးလည်း အလုပ်စလုပ်ဖို့အသင့်ဖြစ်နေကြပါပြီ။ ကလေးခေါင်းလည်း စဆင်းလာပါပြီ။ (အကယ်လို့ထိုအချိန်ထိမဆင်းသေးပါက ဆရာဝန်နှင့်တိုင်ပင်ပါ။) ၃၈ပတ်မှာ ခြေသည်းလေးတွေ ထွက်လာပါတယ် (လက်သည်းတွေကလွန်ခဲ့တဲ့တစ်လကလည်းကဖြစ်ပေါ်ပြီးပါပြီ။) နောက်ဆုံးပတ်မှာတော့ ကလေးရဲ့ ဦးနှောက်ဟာ ၄၀၀ ဂရမ် aလာက်ရှိနေပြီဖြစ်ပြီး မွေးဖွားပြီးနောက်မှာ ဆက်လက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် ချောမွတ်နေခဲ့တဲ့ ဦးနှောက်မျက်နှာပြင်ဟာလည်း ချိုင့်သင့်တဲ့နေရာ ချိုင့်ကုန်ပါပြီ။

ဒီကိုယ်ဝန်ဆောင်နောက်ဆုံးကာလမှာပဲ မိခင်ကနေ ကလေးမွေးဖွားလာပြီးနောက်မှာ ရောဂါတွေကနေ ကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေနဲ့ လိုအပ်တဲ့အာဟာပစ္စည်းတွေကို အချင်းကနေတဆင့် ပေးပို့ပါတယ်။ အချုပ်ပြောရရင် နေ့လမစေ့သေးတဲ့ ကလေးလေးတွေဟာ ဒီတတိယပိုင်းမှာ အရမ်းကိုအသက်တမျှအရေးကြီးတဲ့ ဖွံ့ဖြိုးမှုတွေလုပ်ဆောင်တာပါ။

မိခင်လောင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံတွေ့နေတဲ့အချိန်ပေါ့

ကိုယ်ဝန်ဆောင် တတိယပိုင်းမှာဆိုရင် သင့်ကလေးဟာ အရမ်းအလျင်အမြန်ကြီးထွားပြီး လှုပ်ရှားမှုတွေလည်း အများကြီးရှိလာပါတယ်။ သန္ဓြေသားလေးတွေမှာ မတူညီတဲ့ အမျိုးမျိုးသော အိပ်ချိန်နိုးချိန် ပုံစံရှိနေတတ်ပါတယ်။ ဒါ့အပြင်ဒီအချိန်မှာ ကိုယ်ဝန်သည်တွေဟာ ခါးနာခြင်း၊ ခြေကျင်းဝတ်တွေ ရောင်ရမ်းခြင်း စသည့်ဖြင့်ခံစားလာရနိုင်ပါတယ်။ မီးဖွားဖို့အတွက်လည်း စိတ်ပူလာရပါပြီ။

သင်ကိုယ်ဝန်ဆောင်နေချိန်မှာ ယခုလိုလက္ခဏာတွေ တွေ့လာရရင်တော့ ဆရာဝန်ဆီချက်ခြင်းသွားသင့်ပါတယ် :

• အလွန်အမင်းနာကျင် ရောင်ရမ်းခြင်း၊

• အချိန်မရွေးသွေးဆင်းနေခြင်း၊

• အရမ်းမြန်မြန်ကိုယ်အလေးချိန်တက်လာခြင်း၊

• ယခင်ကထက်ကလေးလှုပ်ရှားမှုနည်းနေခြင်း

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ယခုတတိယပိုင်းမှာ မွေးဖွားဖို့စီစဉ်ရတာ၊ ကလေးအတွက်လိုအပ်တာများ ဝယ်ရတာ စသည်ဖြင့် လုပ်စရာတွေအများကြီးရှိမှာပါ။ ဒါပေမယ့် ကောင်းကောင်းစားဖို့ ကောင်းကောင်းအိပ်ဖို့၊ ဝမ်းဗိုက်ကို ပွတ်သတ်နှိပ်နယ်ပေးရင်း သင့်ကလေးလေးနဲ့ စကားတွေပြောဖို့လည်း မမေ့ပါနဲ့ဦး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement