backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ရွေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ရွေးခြင်း

တချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိနေချိန်မှာ ချင်ချင်းတက်တာ ကြားဖူးပါလိမ့်မယ်။ ညကြီးသန်းခေါင်ထပြီး ရေခဲမုန့်စားချင်တာမျိုး၊ ဒံပေါက်စားချင်တာမျိုး စသဖြင့်ပေါ့။ ဒါမှမဟုတ် ရုတ်တရက်ကြီး ဖရဲသီး ကြိုက်လာတာ၊ အာလူးကြော် အရမ်းစားချင်လာတာမျိုးလည်း ဖြစ်နိုင်တာပဲ။

ဒါတွေက ဘာများထူးဆန်းလို့လဲ လူတိုင်းလိုလိုသိနေတာပဲကိုလို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် သင်မသိသေးတာတွေလည်း ရှိနေပါသေးတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေပြီဆိုရင် အရင်က မနက်တိုင်း စွဲစွဲမြဲမြဲ သောက်နေကျ ကော်ဖီကို သင်မသောက်ချင်တော့ပါဖူး။

အနံ့ရတာနဲ့ အန်ချင်လာလို့ ကော်ဖီဆိုင်ရှေ့တောင် ဖြတ်မလျှောက်ချင်တဲ့အထိ ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ တစ်ဝက်လောက်ဟာ တချို့သော အစားအစာတွေကို ခံတွင်းမလိုက် ဖြစ်တတ်ကြပါတယ်။ အခါတိုင်း ကြိုက်လွန်းလို့ စားနေကျ အစားအစာတွေကိုတောင်မှ မစားနိုင်ပါဖူး။ စားလိုက်မိတာနဲ့ အန်ထွက်ပါတော့တယ်။

တကယ်လို့ သင်ဟာ ခံတွင်းပျက်နေပြီဆိုရင် ပျို့တာအန်တာတွေကို မနက်ခင်းတင်မက နေ့လည်၊ညနေနဲ့ ညဘက်တွေမှာပါ ခံစားရမှာပါ။ ခံတွင်းပျက်တာနဲ့ ပျို့တာအန်တာတွေဟာ တစ်ခုနဲ့တစ်ခု တစ်ပတ်စီအကွာလောက်မှာ ပေါ်လာလေ့ရှိပြီး ကိုယ်ဝန်ပထမ၃လလုံးလုံး ဖြစ်နေလေ့ရှိပါတယ်။

ခံတွင်းပျက်တာနဲ့ ပျို့အန်တာတွေဟာ အပေါ်မှာ ပြောခဲ့သလို ကိုယ်ဝန်ပထမ၃လမှာ အဓိကအများဆုံး ဖြစ်တယ်ဆိုပေမယ့် ၉လလုံးလုံး ဒါမှမဟုတ် ၉လနောက်ပိုင်းအထိလည်း ဆက်ဖြစ်နေနိုင်သလို ပျောက်သွားလိုက်၊ပြန်ဖြစ်လိုက်လည်း ဖြစ်နိုင်ပြန်ပါတယ်။

ဒါဟာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံ့ဩစရာ ပဟေဠိတွေထဲက တစ်ခုပေါ့။

ခံတွင်းပျက်ရခြင်းရဲ့ အကြောင်းရင်းကို ဘယ်သူမှ သေသေချာချာ မသိပါဖူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပျက်တဲ့ တခြားသော အကြောင်းခြင်းရာတွေနည်းတူပဲ ဒီကိစ္စရဲ့ တရားခံဟာ ဟော်မုန်းပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

human chorionic gonadotropinis လို့ခေါ်တဲ့ HCG ဟော်မုန်းဟာ အဓိက အခန်းကဏ္ဍက ပါဝင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီ ဟော်မုန်းဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်မှာ အထူးပဲ အရေးပါတဲ့ ဟော်မုန်းဖြစ်ပါတယ်။HCG ဟာ ကိုယ်ဝန် ပထမ သုံးလပတ်မှာ ပမာဏ အများဆုံးအခြေအနေကို ရောက်ရှိလို့လာပါတယ်။

ကိုယ်ဝန် ၁၁ပတ်လောက်မှာ ပမာဏအများဆုံး ဖြစ်လာပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ကျဆင်းသွားပါတယ်။ ဒီကာလဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး ပျို့တာအန်တာ အများဆုံးဖြစ်တတ်တဲ့ ကာလနဲ့ တိုက်ဆိုင်လို့နေပါတယ်။

ဟော်မုန်းတွေရဲ့ အခန်းကဏ္ဍ

တခြားဟော်မုန်းတွေကလည်း အနံ့အရသာ ခံစားခြင်းကို ပြောင်းလဲပေးပါလိမ့်မယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ အနံ့အရသာခံနိုင်စွမ်း ပိုကောင်းလာတတ်ကြပြီး အနံ့ပြင်းပြင်းတစ်ခုရတာနဲ့ ပျို့လာတတ်ပါတယ်။

ဒါပေမယ့် ဒီအချက်ကြောင့် အဓိကရယ်တော့လည်း မဟုတ်သေးပါဖူး။ ကြက်သားဟာ အနံ့သိပ်မပြင်းလှပေမယ့် ကြက်သားစားလို့မရတဲ့ သူတွေ အများကြီးပါ။ ဟော်မုန်းအပြောင်းအလဲဟာ သင့်ကို ပုံမှန်ထက်ပိုပြီးလည်း တံတွေးထွက်စေပါတယ်။

တချို့က ဒီလိုပိုထွက်လာတာကြောင့် ပါးစပ်ထဲမှာ သံချေးအရသာလိုလို ရစေပြီး ပါးစပ်ထဲစွဲနေတယ်လို့ဆိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ အစားအသောက်တခုထဲကို မစားချင်တာ မဟုတ်တော့ဘဲ ဘာမှမစားချင်တော့အောင် ခံတွင်းပျက်လေ့ ရှိပါတယ်။

ကျွမ်းကျင်သူအများစုရဲ့အလိုအရ အစားအသောက်တစ်ခုခုကို လုံးဝမစားချင်တာဟာ တစ်ကနေ တစ်ဆယ်အထိ အကြောင်းပြချက်က ဟော်မုန်းကြောင့်ပဲလို့ ဆိုပါတယ်။

တချို့က ကျပြန်တော့လည်း ဒီလို အစားအသောက်ရွေးတာ၊ ပျို့အန်တာဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးကို ထိခိုက်စေမယ့် အစားအစာတွေ မစားမိအောင် သဘာဝတရားကြီးက ကာကွယ်ပေးထားတာလို့ ပြောကြပြန်ပါတယ်။

နံနက်စောစော ပျို့အန်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ကျတာ၊အသေလေးမွေးတာ ဒါမှမဟုတ် လမစေ့ပဲ ကလေးမွေးတာမျိုး ဖြစ်ခဲပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလားမသိပေမယ့် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တာ အဖြစ်အများဆုံး ပထမသုံးလဟာ ဗိုက်ထဲက သန္ဓေသားလေးအနေနဲ့ အထိခိုက်အလွယ်ဆုံး အချိန်ကာလဖြစ်နေတာကတော့ အံ့ဩစရာပါ။

ကိုယ်ဝန်အတွက် အကျိုးရှိမယ့် တချို့သော အစားအစာတွေကိုပါ မစားဖြစ်တာမျိုး၊မစားနိုင်တာမျိုး ဖြစ်စေတတ်ပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ ခံတွင်းပျက်တာ၊အစားအသောက်ရွေးတာကြောင့် မိခင်နဲ့ ကလေးကို ထိခိုက်စေတာမျိုးက မရှိသလောက်ရှားပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement