အိပ်ချ်အိုင်ဗီ(HIV)ရောဂါပိုး ရှိတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားချိန်မှာဖြစ်ဖြစ်၊ ကလေးမွေးချိန်မှာဖြစ်ဖြစ်၊ မိခင်နို့တိုက်ကျွေးနေချိန်မှာဖြစ်ဖြစ် ကလေးကို ရောဂါပိုး ကူးစက်သွားနိုင်ပါတယ်။ ဒီလို ကူးစက်မှုကို perinatal transmission လို့ခေါ်ပြီး ကလေးငယ်တွေ အိပ်ချ်အိုင်ဗီ(HIV)ပိုး ကူးစက်ခံရတဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် အိပ်ချ်အိုင်ဗီ(HIV) ပိုးရှိတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားတာနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေ နည်းနည်းလောက် ပြောပြချင်ပါတယ်။
အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ အကြောင်းကြောင်းကြောင့် HIV ပိုး ကူးစက်ခံထားရတယ် ဆိုကြပါစို့။ ရောဂါပိုးရှိတာကိုသိရဲ့သားနဲ့ဖြစ်ဖြစ်၊ မသိသေးလို့ပဲဖြစ်ဖြစ် ဘာကုသမှုမှ မခံယူထားဘဲ ကလေးမွေးဖွားခဲ့မယ်ဆိုရင် မွေးလာတဲ့ကလေးငယ်ကို HIV ပိုးကူးစက်နိုင်ခြေ ၁၅% ကနေ ၄၅% အထိတောင် ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ မိခင်က HIV ပိုး ရှိမှန်းသိလို့ လိုအပ်တဲ့ဆေးတွေသောက်မယ်၊ သေသေချာချာ ကုသမှု ခံယူထားမယ်ဆိုရင် ပိုးကူးစက်နိုင်ခြေက ၅% အောက်အထိ ကျဆင်းသွားပါလိမ့်မယ်။ ကောင်းပြီ၊ ဒါဆို ဘယ်လိုပြင်ဆင်မှု၊ ကုသမှုတွေ လုပ်ကြမလဲ?
ကလေးယူဖို့ စဉ်းစားနေတဲ့ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတိုင်း HIV ပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ လင်မယား ၂ ယောက်စလုံး စစ်ရင် ပိုကောင်းပါတယ်။ နည်းပညာတွေရဲ့ အဆင့်မြင့်လာမှုကြောင့် အခုဆို သွေးစစ်ပြီး မိနစ်ပိုင်းနဲ့တင် ရောဂါပိုး ရှိ၊ မရှိ သိနိုင်နေပါပြီ။
တကယ်တော့ မိခင်ကနေ ကလေးဆီ HIV ပိုး ကူး၊ မကူးဆိုတာ အချက်တွေ အများကြီးပေါ် မူတည်ပါသေးတယ်။ မိခင်ဖြစ်သူက HIV ပိုးကူးစက်ခံရတာသိပ်မကြာသေးရင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကောင်ရေ အရမ်း မများသေးတဲ့အတွက် ကလေးဆီ ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်။ မိခင်က အစားအသောက်ကို အာဟာရ ပြည့်ဝအောင် စားသောက်မယ်၊ ကျန်းမာရေး သေချာဂရုစိုက်မယ်ဆို ပိုတောင်ကူးစက်နိုင်ခြေ နည်းပါသေးတယ်။ ဒါပေမဲ့ မိခင်က
– ဆေးလိပ်သောက်သူ
– မူးယစ်ဆေးသုံးစွဲသူ
– ဗီတာမင် အေ ချို့တဲ့နေသူ
– လိင်မှတဆင့်ကူးစက်တဲ့ ရောဂါ တစ်ခုခုရှိတဲ့သူ
– အစာအာဟာရချို့တဲ့နေတဲ့သူ
– HIV ပိုး ကူးစက်ခံရပြီး ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ပမာဏ အရမ်းများနေတဲ့သူ တွေထဲက တစ်မျိုးမျိုး ဖြစ်နေမယ်ဆိုရင် အမေကနေ ကလေးကို ရောဂါကူးနိုင်ခြေ ပိုများသွားပြီ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုး ရှိတာ သေချာသွားပြီဆိုရင် ကလေးကို ရောဂါပိုး မကူးဖို့နဲ့ အဆင်ပြေပြေ မီးဖွားနိုင်ဖို့ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မိခင်ကနေ ကလေးဆီရောဂါပိုးမကူးစက်အောင် သောက်ဆေးတချို့လည်းသောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အတိုကောက် ZDV (zidovudine) လို့ခေါ်တဲ့သောက်ဆေးကို ကိုယ်ဝန် ၄လလောက်ကစပြီး သောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က ဘာဆေးမှမသောက်ထားဘဲ ကလေးမွေးဖွားချိန်မှ ဆေးစသောက်မယ်ဆိုရင်တော့ ZDV ဆေးအပြင် တခြားဆေးဝါးတွေပါ ပူးတွဲသောက်သုံးရမှာပါ။
ကလေးမွေးဖွားတဲ့နည်းလမ်းကလည်း ရောဂါကူးစက်မှုအပေါ်သက်ရောက်ပါတယ်။ HIV ပိုး ရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရိုးရိုးမွေးတာထက် ခွဲစိတ်မွေးဖွားရင် မိခင်ကနေ ကလေးဆီရောဂါကူးစက်နိုင်ခြေ ပိုနည်းတာကြောင့် ခွဲစိတ်မွေးဖွားနည်းကို ရွေးချယ်သင့်ပါတယ်။ မိခင်နို့တိုက်တာနဲ့ပတ်သက်ရင်တော့
– HIV မရှိဘူး ဒါမှမဟုတ် ပိုး ရှိ၊ မရှိမသေချာခဲ့ရင် ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးပါ
– HIV ပိုး ရှိလို့ ကလေးကိုမိခင်နို့မတိုက်ဘူး၊ ဖြည့်စွက်စာပဲ ကျွေးချင်တယ်ဆို မကျွေးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ
– HIV ပိုး ရှိတယ်၊ ဒါပေမဲ့ မိခင်နို့ပဲတိုက်ကျွေးချင်တယ်ဆို ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲစွဲစွဲမြဲမြဲတိုက်ကျွေးရပါမယ်။ မိခင်နို့တိုက်လိုက် ဖြည့်စွက်စာကျွေးလိုက် လုံးဝမလုပ်ရပါဘူး။ ဒီလိုဟိုပြောင်းဒီပြောင်းလုပ်ရင် ကလေးအတွက် ပိုအန္တရာယ်ရှိပါတယ်။
ဒါကတော့ HIV ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သိရှိထားသင့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဟိုးအရင်ကယူဆခဲ့သလို မိခင်မှာ HIV ပိုး ရှိရင် မွေးလာမယ့် ကလေးမှာပါရောဂါကူးစက်နိုင်တယ်ဆိုတာ အယူအဆအမှားဖြစ်ပြီး ကျန်းမာရေးအသိရှိမယ်၊ ကြိုတင်ဆေးစစ်မှုတွေလုပ်ထားမယ်၊ ဆေးဝါးတွေကြိုတင်သောက်သုံးထားမယ်ဆို ကလေးကိုရောဂါပိုးမကူးစက်အောင် လုပ်နိုင်ကြောင်း သိစေလိုတဲ့စေတနာနဲ့ ရေးသားဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
[embed-health-tool-pregnancy-weight-gain]