ကြီးမားသောသန္ဓေသားမှာ မိခင်၏ ဆီးချို၊ အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးလာခြင်းများက တခြားအကြောင်းရင်းများထက် ပိုဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ ထိုအချက်အလက်များ ရှိမနေပါပဲ ကြီးမားသောသန္ဓေသားကို သံသယရှိနေလျှင်တော့ ကလေးကြီးထွားမှုကို ထိခိုက်နေသော ရှားပါးအခြေအနေတစ်ခု ဖြစ်နေနိုင်ပါသည်။
မမွေးခင်စစ်ဆေးမှုများကို လုပ်ရန်နှင့် ရလဒ်အပေါ်မူတည်ပြီး မျိုးရိုးဗီဇရောဂါ နှစ်သိမ့်ဆွေးနွေးခြင်းများပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကို ဘယ်လိုအတည်ပြုပါသလဲ
ဗိုက်ထဲရှိနေသောကလေး၏အလေးချိန်ကို တိတိကျကျ တိုင်းတာရန်မှာ ခက်ခဲပါသည်။ သို့သော် ကလေး၏အရွယ်အစားကို ညွှန်ပြနေနိုင်သည့် နည်းလမ်းများတော့ရှိ၏။ ပထမဆုံးအနေဖြင့် သားအိမ်ခုံးအမြင့်ကို စစ်နိုင်ပါသည်။ မျှော်လင့်သည်ထက် သားအိမ်ခုံးအမြင့်ပိုနေလျှင် ကလေးကြီးကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ သင့်ကို စမ်းသပ်ပေးသူမှာ သန္ဓေသား၏အရွယ်ကို ဗိုက်ကိုစမ်းခြင်းဖြင့် ခန့်မှန်းနိုင်ပါသည်။ (ကိုယ့်အတွက် ကသိကအောက်နိုင်သော်လည်း ကလေးအတွက် ဘာအန္တရာယ်မှမရှိပါ) ကလေးအလေးချိန်ကို သိနိုင်သည့် နောက်တစ်နည်းမှာ ပုံမှန်ရိုက်ရသော တီဗီဓါတ်မှန်များဖြစ်သည်။ ဓါတ်မှန်မှကလေး၏ အလေးချိန်နှင့် ရေမွှာပမာဏကို အကြမ်းဖျင်းသိနိုင်ပါသည်။ ကလေးအရွယ်အစားသိဖို့ ရေမွှာပမာဏကို ဘာကြောင့်တိုင်းတာရသလဲဆိုလျှင် Polyhydramnios ဟုခေါ်သည့် ရေမွှာရေများခြင်းက ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်မှုရှိသောကြောင့် ဖြစ်သည်။ (ကလေးကြီးလေလေ ဆီးထုတ်နိုင်မှု များလေလေဖြစ်ပြီး ဆီးများလျှင် ရေမွှာရေများမည်ဖြစ်သည်။) ထိုသို့ တိုင်းတာမှုများကို သင့်ရောဂါရာဇဝင်နှင့် ပေါင်းစပ်ကြည့်လိုက်ပါက ကြီးမားနေခြင်းရှိမရှိ ခန့်မှန်းနိုင်ပါလိမ့်မည်။ အတိအကျ ရောဂါအတည်ပြုခြင်းကိုတော့ မွေးပြီးနောက် ကလေးကိုအလေးချိန်ချိန်ကြည့်မှသာ လုပ်နိုင်မည်ဖြစ်သည်။
Fetal Macrosomia (ကြီးမားသောသန္ဓေသား) ကို ဘယ်လိုကုသပါသလဲ
သင့်ကိုစောင့်ရှောက်မှုပေးနေသူမှ ကြီးမားသောသန္ဓေသားအား သံသယရှိကြောင်း အသိပေးသည့်အခါ မိန်းမကိုယ်မှ မွေးမရနိုင်တာမျိုးတော့မဟုတ်ပါ။ သို့သော် မွေးဖွားရန်အတွက် ဆေးရုံတက်ရပါမည်။ ညှပ်ဆွဲခြင်း လေစုပ်မွေးခြင်းမျီုး လိုလာနိုင်သလို ခွဲမွေးရန်လည်း လိုအပ်နိုင်ပါသည်။
မီးဖွားရန်ဆေးဖြင့်ဆွခြင်း (သူ့ဟာသူ ဗိုက်မနာလာခင် ဆွခြင်း) ကိုတော့ ပုံမှန်အားဖြင့် ခွင့်မပြုပါ။ လေ့လာမှုများအရ ဆေးဖြင့်ဆွမွေးခြင်းဖြင့် ကြီးမားသောသန္ဓေသားနှင့်ဆိုင်သည့် အန္တရာယ်များကို လျော့ချမပေးနိုင်ကြောင်းသိရသည့်အပြင် ခွဲမွေးရန် ပိုပြီးလိုအပ်နိုင်ချေကို မြင့်စေပါသည်။
အောက်ပါတို့ရှိလျှင်တော့ ခွဲမွေးရန် ဆရာဝန်မှ တိုက်တွန်းပါလိမ့်မည်။
- ဆီးချိုရှိလျှင် – ကိုယ်ဝန်မဆောင်ခင်နှင့် ဆောင်စဉ်တွင် ဆီးချိုဖြစ်နေပါက ၉ ပေါင် ၁၅ အောင်စ (၄၅၀၀ ဂရမ်) အထက် ကလေးမွေးလာနိုင်ကြောင်း ကြိုမျှော်လင့်ထားရမည်ဖြစ်ပြီး ကလေးမွေးရန်အတွက် စိတ်အချရဆုံးနည်းမှာ ခွဲမွေးခြင်းသာဖြစ်သည်။
- ကလေးက ၁၁ ပေါင်နှင့်အထက်ရှိနေပြီး သင့်တွင်ဆီးချိုရာဇဝင်မရှိလျှင် – ဆရာဝန်မှ သန္ဓေသားအလေးချိန်ကိုတွက်ထုတ်ရာတွင် ၁၁ ပေါင်နှင့်အထက်ရှိနေပြီဆိုပါက ခွဲမွေးရန် အသင့်တော်ဆုံးပင်။
- ကလေးမွေးရာတွင် ကလေးပုခုံး ဆီးခုံးရိုးခွေနောက်၌ ညှပ်နေပြီး မွေးမရဖြစ်ခဲ့ဖူးလျှင် (Shoulder dystocia) – ထိုသို့ယခင်က ဖြစ်ခဲ့ဖူးလျှင် နောက်ကလေးတွင်လည်း ဖြစ်နိုင်ချေများပါသည်။ ထို့ကြောင့် Shoulder dystocia ၏ နောက်ဆက်တွဲပြဿနာဖြစ်သော ကလေးညှပ်ရိုးကျိုးခြင်းကို ရှောင်နိုင်ရန်အတွက် ခွဲမွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။
ခွဲရက်ပေးပြီး ခွဲမွေးမည်ဆိုပါက အကျိုးအပြစ်များကို ဆရာဝန်နှင့်သေချာဆွေးနွေးပါ။
ကလေးမွေးပြီးနောက်လည်း ကလေးကို မွေးဒဏ်ရာများရှိမရှိ၊ သွေးတွင်းသကြားဓါတ်နည်းခြင်း၊ သွေးနီဥများသော Polycythemia ရောဂါရှိမရှိတို့ကို စစ်ဆေးရန် လိုအပ်နိုင်ပါသည်။ ကလေးကို မွေးကင်းစအထူးကြပ်မတ်ရုံတွင်ထားပြီး စောင့်ရှောက်ရန်လည်း လိုကောင်းလိုနိုင်ပါသည်။
ကလေးတွင် ကလေးဘ၀ အဝလွန်ခြင်း၊ အင်ဆူလင်ကို ခုခံနေခြင်း စသည်များဖြစ်လာနိုင်သောကြောင့် အမြဲတမ်း checkup လုပ်နေဖို့ လိုအပ်ပါလိမ့်မည်။
ထို့အတူ သင့်တွင်ဆီးချိုမရှိကြောင်း အတည်မပြုရသေးပါက ကလေးမွေးပြီးနောက် အခြေအနေများကို ဆရာဝန်မှ စစ်ဆေးပေးပါလိမ့်မည်။ နောက်ထပ်ဆောင်မည့်ကိုယ်ဝန်များတွင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာများကို သေချာဂရုစိုက်နေရန်လိုအပ်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကြီးမားသောသန္ဓေသား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြီးမားသောသန္ဓေသား ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
- ကျန်းမာရေးစောင့်ရှောက်သူမှ သင့်တွင် ကြီးမားသောသန္ဓေသားရှိကြောင်း သံသယဖြစ်လာပါက ကလေးကျန်းမာရေးနှင့် မီးဖွားရမည်ကို စိုးရိမ်းစိတ်ဖြစ်ပါလိမ့်မည်။ စိုးရိမ်စိတ်က ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးရန် ခက်ခဲမှုရှိလာနိုင်ပါသည်။
- စိတ်ဖိစီးမှုကိုလျော့ကျစေရန်နှင့် ကလေးကျန်းမာရေးကောင်းစေရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ကြီးမားသောသန္ဓေသားမွေးဖူးသော ကလေးအမေများနှင့် တွေ့ဆုံပြီး အကြံဉာဏ်ရယူခြင်းမျိုးများလည်း ပြုလုပ်နိုင်ပါသည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။