brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။

( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။

( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။

အဖုအကျိတ်လို့ဆိုလိုက်တာနဲ့ လူကြီးတွေမှာ အဖြစ်များတာကိုသာ တွေးမိတတ်ကြမှာပါ။ မွေးကင်းစကလေးတွေမှာ ဒီလို အဖုအကျိတ်လေးတွေ ဖြစ်မယ်ဆိုတာ ဘယ်သူတွေးမိတတ်မှာတုန်း။ ဒါပေမယ့် ဒီလို မွေးကင်းစကလေးတွေလည်ပင်းမှာ အကျိတ်ထွက်တဲ့ပြဿနာ sternocleidomastoid tumor ဆိုတာ ရှိပါတယ်။ ကိုယ့်ကလေးလည်ပင်းမှာ အကျိတ်လေးထွက်နေရင် စိတ်ပူတတ်ကြတာ မိဘတိုင်းပဲလေ။ ဒီတော့ sternocleidomastoid tumor အကြောင်းလေးသိဖို့ လိုလာပြီပေါ့။

မွေးကင်းစကလေးတွေရဲ့ လည်ပင်းမှာဖြစ်တဲ့အကျိတ် sternocleidomastoid tumor ဆိုတာ ဘာလဲ။

  • sternocleidomastoid tumor ကို တစ်နည်း fibromatosis colli လို့လည်း သိကြပါတယ်။
  • သူက ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပြီး လည်ပင်းဘေးကြွက်သားတွေမှာ မာခဲခဲ အကျိတ်လေးအဖြစ်ရှိနေတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ စဖြစ်တတ်ပြီး ကလေးအသက် ၂ ပတ် ၄ ပတ်လောက်မှာ သိသာလာတတ်ပါတယ်။
  • ဒီအကျိတ် တော်တော်များများက ကုသမှု မခံယူဘဲ တစ်နှစ်အတွင်း သူ့ဘာသာပျောက်သွားတတ်ပါတယ်။
  • လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ၆လအတွင်းနဲ့တင် ပျောက်သွားမှာ ဖြစ်ပါတယ်။
  • တစ်ချို့ ပြင်းထန်တဲ့ အခါမျိုးတွေမှာတော့ မျက်နှာပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ရှိတတ်တာကြောင့် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တတ်ပါတယ်။
  • ဒီထဲကမှ ၁ ရာခိုင်နှုန်းလောက်က လည်ပင်းစောင်းတဲ့ ပြဿနာဖြစ်တတ်ပြီး ယောက်ျားလေးတွေက မိန်းကလေးတွေထက်ပိုဖြစ်နိုင်ပါတယ်။
  • sternocleidomastoid tumor ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

    ဖြစ်ရတဲ့ အကြောင်းအရင်းတိတိကျကျ မရှိပေမယ့် ဖြစ်နိုင်တာကတော့

    • ဆုံပိုင်းနဲ့ ဖွားတဲ့ကလေးတွေ
    • မီးဖွားချိန် ကြာနေတဲ့ကလေးတွေနဲ့
    • မီးဖွားရခက် နေတဲ့ကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ လည်ပင်းကြွက်သားအတွင်းပိုင်းက တစ်ရှူးအပျော့တွေ ပုံမှန်မဟုတ်တာ၊ သားအိမ်ထဲ နေရာကြပ်တာတွေကြောင့် sternocleidomastoid tumor ဖြစ်ရတယ်လို့ သုံးသပ်ထားတာတွေတော့ ရှိပါတယ်။

    sternocleidomastoid tumor ရဲ့ လက္ခဏာတွေကတော့

    • ကလေးအသက် ၁ လ ၁လခွဲလောက်မှာ လည်ပင်းဘေးဘက်နားလောက်မှာ မာခဲခဲအကျိတ်လေးတစ်ခု စမ်းမိမယ်။
    • အခဲလေးက အရေပြားနဲ့ကပ်မနေဘဲ နေရာရွေ့လို့ရမယ်။
    • ကလေး လည်ပင်းလေးက မဆိုသလောက်စောင်းနေသလိုဖြစ်နေလိမ့်မယ်။
    • ခေါင်းလေးလည်းစောင်းနေပြီး
    • မျက်နှာကလည်း မညီမညာဖြစ်နေတတ်ပါတယ်။
    • ကလေးက အကျိတ်ပေါ်နေတဲ့ ဘက်ကို မစောင်းနိုင်တာမျိုးတွေလည်း ဖြစ်နေပါလိမ့်မယ်။

    sternocleidomastoid tumor ဖြစ်နေကြောင်း ဘယ်လိုစမ်းသပ်ကြမလဲ။

    • ကလေးလည်ပင်းက အကျိတ်လေးကို စမ်းသပ်ကြည့်ပြီး sternocleidomastoid tumor ဖြစ်ကြောင်းသေချာခဲ့ရင် နား၊ နှာခေါင်းလည်ချောင်း ဆရာဝန်ဆီသွားပြီး နောက်ပိုင်း ကုသမှုတွေ ဆက်ခံယူဖို့လိုအပ်ပါတယ်။

    ကုသမှုကတော့

    • sternocleidomastoid tumor ၉၀ ရာခိုင်နှုန်းလောက်က လေ့ကျင့်ခန်းလုပ်ရုံနဲ့တင် ၆ လအတွင်း ပြန်ပျောက်သွားမှာ ဖြစ်တဲ့အတွက် ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း မိဘတွေဘက်လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။
    • နောက်ပြီး ဆရာဝန်တွေ ပေးထားတဲ့ရက်ချိန် းအတိုင်း သွားပြန်ပြကာ တိုးတက်မှု ရှိမရှိကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
    • တစ်ချို့တော့လေ့ကျင့်ခန်း လုပ်တာတောင် မပျောက်၊ ကလေးအသက် ၁နှစ်ကျော်တဲ့အထိလည်းဆက်ရှိနေတယ် ကြီးလည်းကြီးလာတယ်ဆိုရင် ခွဲစိတ်မှု လုပ်လိုက်ရတာတွေလည်း ရှိပါတယ်။

    ဒီတော့ ကိုယ့်ကလေးမှာ ဒီလို လည်ပင်းအကျိတ်လေးပေါ်နေလို့ရှိရင် မပေါ့ဆဘဲ ဆရာဝန်နဲ့သေချာသွားပြပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/06/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။