backup og meta

ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊

ယူအက်စ်မှာ တစ်နှစ်ကို ကလေး ၃၈ယောက်လောက်က ကားထဲမှာ အပူလျှပ်ပြီး သေဆုံးကြရပါတယ်၊၊ အများစုက ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားရာက စတာပါ၊၊ ဒါကြောင့် ယူအက်စ်က ပြည်နယ်တွေ တော်တော်များများနဲ့ တချို့နိုင်ငံတွေမှာ ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားတာကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်၊၊ ဆိုလိုတာက ကလေးငယ်ငယ်လေးတွေ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း ရှိနေတာကို တစ်ယောက်ယောက်က တွေ့လို့ တိုင်လိုက်ရင် အရေးယူခံရပါတယ်၊၊

ကလေးကို ကားထဲမှာ တစ်ယောက်တည်း ထားခဲ့တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိန်းကျောင်းတတ်တဲ့ ကလေးနဲ့ အတူထားတာက အန္တရာယ်များပါတယ်၊၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ  ဖြစ်နိုင်တာကြောင့် ဥပဒေနဲ့ ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်၊၊

ကလေးတွေ ကားထဲကို ဘယ်လိုရောက်

တမင်ထားခဲ့တာလည်း ရှိသလို မတော်တဆ မေ့ခဲ့တာလည်း ရှိပါတယ်၊၊ ဥပမာ

  • ကလေးက ကားထဲမှာ အိပ်နေလို့၊ မနှိုးချင်လို့ ထားခဲ့တာ
  • ဒီနားလေး ခဏသွားမှာ ချက်ချင်းပြန်လာမယ်ဆိုပြီး ထားခဲ့တာ
  • မေ့ကို မေ့ခဲ့တာ (အလုပ်သိပ်ရှုပ်လွန်းတဲ့အချိန်၊ အာရုံများနေတဲ့အချိန်ဆိုရင် တကယ်ကို မေ့တတ်ပါတယ်၊၊)
  • ကလေးက လူကြီးတွေ မသိအောင် ကားထဲမှာဝင်ဆော့နေရင်း အိပ်ပျော်သွားတာ၊ ကားကူရှင်ကြားထဲ ညပ်နေတာ
  • ကားနောက်ဖုံးမှာ တူတူပုန်းတမ်း ကစားတာ စတဲ့အကြောင်းရင်းတွေကြောင့် ကလေးက ကားထဲကို ရောက်နေတတ်ပါတယ်၊၊

ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊

ကလေးတွေကို ကားထဲမှာ ထားခဲ့ရင် ဘယ်လိုအန္တရာယ်တွေ ကြုံနိုင်လဲ၊၊

အပူလျှပ်တာကတော့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံး ကိစ္စပါ၊၊ အပူလျှပ်တာက ကလေးတွေရဲ့ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေပါတယ်၊၊ ပိုဆိုးရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်၊၊

ကားထဲမှာထားခဲ့တဲ့အခါ ကလေးရဲ့ ကိုယ်တွင်းအပူချိန်က ထင်ထားတာထက်  ပိုပြီး မြန်မြန်တက်လာပါတယ်၊၊ ဒီလိုဖြစ်ရတာက

  • ကားရဲ့ အတွင်းအပူချိန်က ၁၀မိနစ်လောက်နဲ့ ၂၀ဒီဂရီထိ တက်နိုင်ပါတယ်၊၊ ၁နာရီလောက်ထားလိုက်ရင် ၄၀ ဒီဂရီလောက်ထိ တက်နေပါပြီ၊၊ နွေရာသီလို ပူတဲ့အချိန်မှ မဟုတ်၊၊ ဘယ်ရာသီဖြစ်ဖြစ် ကားတွင်းအပူချိန်က တက်နိုင်ပါတယ်၊၊ ပြင်ပအပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်လောက်ဆိုရင် ကားအတွင်းထဲမှာ အသက်အန္တရာယ်ရှိနေပါပြီ၊၊ အပူသက်သာအောင် ပြတင်းပေါက်လေးတွေ နည်းနည်းဟထားလိုက်မယ်လို့ မတွေးပါနဲ့တဲ့၊၊ ဒါက အပူချိန်တက်တာကို ထင်မလောက် မလျှော့ချပေးနိုင်ပါဘူး၊၊
  • နောက်တစ်ချက်က ကလေးရဲ့ ခန္ဓာကိုယ်က လူကြီးတွေထက်စာရင် ၃ဆကနေ ၅ဆ အပူချိန် အတက်မြန်ပါတယ်၊၊ သူတို့ရဲ့ ခန္ဓာကိုယ်မျက်နှာပြင် ဧရိယာက ကျယ်တာကြောင့် အပူလည်း များများစုပ်ယူနိုင်ပါတယ်၊၊ ဒါပေမယ့် အပူချိန်ကို လျှော့ချတဲ့ လုပ်ငန်းစဉ်ကျတော့ လူကြီးတွေလောက် မကောင်းပါဘူး၊၊

ကားထဲမှာအပူလျှပ်ပြီး သေဆုံးရတဲ့ ကလေးအများစုက ၃နှစ်အောက်အရွယ်လေးတွေပါ၊၊ ဒါပေမယ့် တစ်ခါတလေ ၁၄နှစ်အရွယ်တွေထိ ပါတာကို တွေ့ရပါတယ်တဲ့၊၊

ဒါဆိုရင် မပူအောင် အဲကွန်းဖွင့်ပြီး ထားခဲ့မယ်လေလို့ မတွေးလိုက်ပါနဲ့တဲ့၊၊ အပူလျှပ်တာ မဟုတ်တောင် ကလေးတွေက

  • ကားထဲမှာဆော့ပြီး ကူရှင်ကြား ညပ်နေတာ
  • ကားစက်ကို မတော်တဆ နှိုးမိပြီး ယာဥ်တိုက်မှုတွေ ဖြစ်နိုင်ပါသေးတယ်၊၊
  • ဒါဆိုရင် ကလေးတွေကို ဒီအန္တရာယ်ကနေ ဘယ်လိုကာကွယ်ကြမလဲ၊၊

    • အကောင်းဆုံးနည်းလမ်းကတော့ ကလေးကို ဘယ်တော့မှ ကားထဲမှာတစ်ယောက်တည်း မထားခဲ့ပါနဲ့၊၊ တစ်မိနစ်လေးပဲဆိုပြီးတော့တောင် မထားပါနဲ့တဲ့၊၊
    • ဒါ့ပြင် ကလေးကို ကိုကိုနဲ့ နေခဲ့နော်၊၊ မမနဲ့ နေခဲ့နော်ဆိုပြီး သူနဲ့ အသက်မတိမ်းမယိမ်း အထူးသဖြင့် ၁၂နှစ်အောက် ကလေးတွေနဲ့လည်း မထားခဲ့သင့်ပါဘူး၊၊ တကယ်တမ်း ကလေးက အပူလျှပ်လာရင် သူတို့လေးတွေက ဘာမှမလုပ်ပေးနိုင်သလို သူတို့ကိုယ်တိုင်လည်း အပူလျှပ်နိုင်ခြေ ရှိလို့ပါ၊၊
    • တစ်ခါတလေ ကိုယ်က တမင်ထားခဲ့တာ မဟုတ်ဘဲ မေ့ခဲ့တာလည်း ဖြစ်နိုင်ပါတယ်၊၊ ဒီလို မဖြစ်အောင် ကားပေါ်က မဆင်းခင် နောက်ခန်းကို လှည့်ကြည့်တဲ့ အကျင့်လုပ်ထားပါ၊၊ အရေးကြီးတဲ့ ပစ္စည်း (ဥပမာ ပိုက်ဆံအိတ်)ကို ကလေးနားမှာ ထားပါ၊၊ ဒါမှ ကားပေါ်က ဆင်းလို့ ပစ္စည်းယူတဲ့အခါ ကလေးကို မကျန်ခဲ့မှာပါ၊၊
    • ဒီအချက်တွေအပြင်

    -ကလေးကို ကားထဲမှာ သီးသန့် ပေးမဆော့ပါနဲ့၊၊ ဆိုလိုတာက မိဘတွေက တစ်နေရာ၊ ကလေးက ကားထဲမှာဆော့နေတာမျိုး၊၊

    -ကားပေါ်က ဆင်းတာနဲ့ ကလေးပြန်မဝင်နိုင်အောင် ကားတံခါးတွေနဲ့ နောက်ဖုံးကို သေချာလော့ချခဲ့ပါ၊၊

    -ကားသော့ကို ကလေး မယူနိုင်တဲ့ နေရာမှာထားပါ၊၊

    -ကလေးရုတ်တရက် ပျောက်သွားပြီဆိုရင် ကားထဲမှာသွားရှာပါ၊၊ နောက်ဖုံးတွေပါ ရှာပါ၊၊ (အိမ်မှာ ရေကူးကန်ရှိတယ်ဆိုရင် ကန်မှာ အရင်ရှာပါ၊၊) လို့ အကြံပြုထားချင်ပါတယ်၊၊

    ကလေးတွေကို ကားထဲမှာ ထားတာက

    • အင်မတန် အန္တရာယ်များပါတယ်၊၊
    • အပူလျှပ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်၊၊
    • ကလေးက ဆော့တတ်ရင် ကားကူရှင်ကြားထဲညပ်တာနဲ့ တခြားမတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်၊၊
    • ဒါကြောင့် ခဏလေးပါပဲဆိုပြီး ကားထဲမှာအလုံပိတ်မထားခဲ့ဖို့ အကြံပြုလိုပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement