backup og meta

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။

အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။

အသည်းရောင် အသားဝါရောဂါ ဆိုတာ

အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။

အသည်းရောင်တာက ဖြစ်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ရုတ်တရက် ဖြစ်ပြီး ကာလတိုအတွင်းမှာ သူ့လိုလို ပျောက်သွားတာမျိုး ရှိနိုင်သလို အသည်းကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးပြဿနာအနေနဲ့ ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

အသည်းရောင် အသားဝါ အမျိုးအစားများ

အသည်းရောင် အသားဝါ ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ အမျိုးမျိုးရှိသလို အသည်းရောင် အသားဝါရောဂါ အမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။

  • Autoimmune hepatitis (ခုခံအားတုံ့ပြန်မှုကြောင့် အသည်းရောင်တာ)
  • အသည်းရောင် အသားဝါ အေ
  • အသည်းရောင် အသားဝါ ဘီ
  • အသည်းရောင် အသားဝါ စီ
  • အသည်းရောင် အသားဝါ ဒီ
  • အသည်းရောင် အသားဝါ အီး
  • မွေးကင်းစလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါရောဂါ ဆိုပြီး ကွာခြားပါတယ်။

ဘယ်လို ကူးစက်နိုင်လဲ

အသည်းရောင် အသားဝါ အေ – သေချာ ဆေးကြောမထားတဲ့ အစားအစာတွေ၊ မသန့်ရှင်းတဲ့ အစားအစာတွေ၊ မသန့်ရှင်းတဲ့ရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကလေးတွေမှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ၆ လလောက်အတွင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ လက္ခဏာတွေ ပြင်းပြင်းထန်ထန် ခံစားရမျိုးကတော့ ဖြစ်ခဲပါတယ်။

အသည်းရောင် အသားဝါ ဘီ – ရောဂါပိုးရှိတဲ့ သွေး၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ၊ မိခင်ကနေတဆင့် ကလေးဆီကို ကူးစက်နိုင်ပါတယ်။ နာတာရှည် ကျန်းမာရေးပြဿနာ ဖြစ်ပြီး ရေရှည်မှာ အသည်းထိခိုက်တာ၊ အသည်းပျက်စီးတာ၊ အသည်းကင်ဆာ၊ အသည်းခြာက်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ပြီး နှစ်အတော်ကြာမှ သိရနိုင်ပါတယ်။

အသည်းရောင် အသားဝါ စီ – ရောဂါပိုးရှိတဲ့ သွေးကနေတဆင့် ကူးစက်နိုင်သလို ရောဂါပိုး ရှိတဲ့ မိခင်ဆီကနေ မွေးကင်းစ ကလေးလေးတွေကို ကူးစက်နိုင်ပါတယ်။ ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။

အသည်းရောင် အသားဝါ ဒီ – အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရသူတွေမှာ အဖြစ်များပါတယ်။ ရောဂါပိုးရှိသူရဲ့ သွေးတွေ၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါ အီး – မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ ရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

အချို့သော ဆေးဝါးတွေ၊ သစ်ဥသစ်ဖုတွေကို အလွန်အကျွံသောက်မိတာက အသည်းကို အဆိပ်အတောက် ဖြစ်စေသလို အသည်းရောင်စေနိုင်ပါတယ်။ ဒီလို ဆေးတွေထဲကမှာ အဖျားပျောက်ဆေးတွေ နဲ့ ဗီတာမင် A ဖြည့်စွက်ဆေးတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီးမှ တိုက်ပေးပါ။

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများကတော့

  • အော့အန်မယ်
  • ဗိုက်ထဲက အောင့်မယ်
  • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်
  • ရေဓာတ်ဆုံးရှုံးမယ်
  • အသားတွေ ဝါမယ်
  • မျက်ဖြူသားတွေ ဝါမယ်
  • အရမ်းခြေကုန်လက်ပမ်းကျမယ်
  • တုပ်ကွေးလို လက္ခဏာတွေ ခံစားရမယ်
  • အဖျားရှိမယ်
  • အစားစားချင်စိတ် မရှိဖြစ်မယ်
  • အဆစ်တွေနာမယ်
  • ဆီးအရောင် မည်းမယ်
  • ကြွက်သားတွေ နာမယ်
  • ဝမ်းအရောင်ဖျော့ဖျော့တွေ သွားမယ်
  • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျမယ်
  • အရေပြားတွေ ယားပြီး အနီရောင် အင်ပြင်တွေ ထွက်မယ်။

ဘယ်လို သိရှိနိုင်မလဲ

အသည်းရောင် အသားဝါရောဂါ ရှိနေလားဆိုတာကို ဒီနည်းလမ်းလေးတွေနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။

  • လက္ခဏာတွေ စမ်းသပ်စစ်ဆေးမှု
  • သွေးစစ်ဆေးမှု
  • အသည်းကို အယ်လ်ထရာဆောင်း ရိုက်တာ
  • အသည်းစ နမူနာ စစ်ဆေးတာကနေတဆင့် အသည်းရောင်တာကို သိရှိနိုင်ပါတယ်။

ဘယ်လို ကာကွယ်ပေးမလဲ

ကလေးလေးတွေကို အသည်းရောင်အသားဝါ ရောဂါ မဖြစ်စေဖို့ဆိုရင်

  • ဘီပိုး ကာကွယ်ဆေး ထိုးပါ
  • တစ်ကိုယ်​ရေသန့်ရှင်းရေး ဂရုစိုက်ပါ
  • တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ
  • အစားအစာတွေကို သန့်ရှင်းအောင် ဂရုစိုက်ပါ
  • သောက်သုံးရေကလည်း သန့်ရှင်းပါစေ
  • အစားမစားခင် လက်ဆေးပါ
  • ဆေးတွေကို မလိုအပ်ရင် မတိုက်ပါနဲ့။ တိုက်ဖို့ လိုအပ်လာရင် ဆေးပမာဏမလွန်အောင် ဆရာဝန်၊ ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပါ။

ဘယ်လို အခြေအနေဆို ဆရာဝန်နဲ့ ပြသမလဲ

ကလေးတွေမှာ အထက်ပါ အသည်းရောင် လက္ခဏာတွေအပြင် အောက်ပါအခြေအနေဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။

  • ကလေးက ၂၄ နာရီကြာအောင် အစားမဝင်ရင်
  • ကလေးက ၂ ရက်ကြာတဲ့အထိ အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နဲ့အထက် ဖြစ်နေမယ်ဆိုရင်
  • ကလေးက ရက်တော်တော်ကြာ ဗိုက်အောင့်နေမယ်ဆိုရင်
  • ကလေးက ၁ နာရီအတွင်း ၂ ကြိမ်နဲ့အထက် အန်နေမယ်ဆိုရင်၊ ဒီလိုမျိုး နာရီတိုင်းမှာ ဖြစ်နေရင်
  • ကလေးရဲ့ အသားအရေနဲ့ မျက်ဖြူသားတွေ ဝါနေမယ်ဆိုရင်
  • အကြောင်းအရင်းမရှိဘဲ ကလေးက ၂ ရက်ကျော်တဲ့အထိ အရမ်းခြေကုန်လက်ပမ်း ကျနေမယ်ဆိုရင်

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hepatitis B https://www.nationwidechildrens.org/conditions/hepatitis-b Accessed Date 29 August 2022

Hepatitis in Children https://www.urmc.rochester.edu/encyclopedia/content.aspx?contenttypeid=90&contentid=P02517 Accessed Date 29 August 2022

Rise of Hepatitis Cases in Children: What Parents Need To Know https://www.yalemedicine.org/news/hepatitis-in-children Accessed Date 29 August 2022

Hepatitis in Children https://www.texaschildrens.org/health/hepatitis-children Accessed Date 29 August 2022

Hepatitis in Children https://www.hopkinsmedicine.org/health/conditions-and-diseases/hepatitis/hepatitis-in-children Accessed Date 29 August 2022

ယခုပုံစံ

31/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ

အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement