backup og meta

ကလေးများနဲ့ သွေးချိုအတိုင်းအတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများနဲ့ သွေးချိုအတိုင်းအတာ

    ဆီးချို လူကြီးတွေမှာပဲ အဖြစ်များတာပါ။ ကလေးတွေမှာ မဖြစ်လောက်ပါဘူးလို့ ယူဆနေတုန်းလား။ အမျိုးအစား – ၁ ဆီးချိုကတော့ မွေးရာပါဆီးချိုမို့လို့ ကလေးတွေမှာ အဖြစ်များတယ်။  အမျိုးအစား -၂ ဆီးချိုကတော့ အသက် ၄၀ ကျော်လောက်မှ ဖြစ်နိုင်တယ်လို့ ယူဆနေတုန်းလား ……. ဒါဆိုရင်တော့ မေမေဖေဖေတို့ သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကလေးတွေရဲ့ သွေးချိုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။

    ကလေးများနဲ့ သွေးချိုအတိုင်းအတာ

    ဂလူးကို့စ်လို့ သိကြတဲ့ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ အဓိကအရင်းအမြစ် တစ်ရပ်ပါ။ အရေးပါတဲ့ဓာတ် တစ်ခုဆိုပေမယ့် အရမ်းများရင်တော့ မကောင်းတာ အမှန်ပါ။

    ဆီးချိုရှိနေတဲ့သူတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်က ကျန်းမာတဲ့ အတိုင်းအတာထဲမှာ မရှိနေတာ များပါတယ်။ လူကြီးတွေရော ကလေးတွေပါ ကျန်းမာနေစေဖို့အတွက် ကျန်းမာတဲ့ သွေးတွင်းသကြားဓာတ် ပမာဏ ရှိနေဖို့ လိုအပ်ပါမယ်။

    စားသုံးလိုက်တဲ့ အစားအစာတွေထဲက ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်က ဂလူးကို့စ်အဖြစ် ပြောင်းလဲလိုက်တာပါ။ ပြီးရင်တော့ ဒီဂလူးကို့စ်တွေကို သွေးထဲကနေဖယ်ရှားပြီး ဆဲလ်တွေဆီကို ရောက်ရှိစေဖို့အတွက် ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ကူညီပို့ဆောင်ပေးပါတယ်။ ဒီလို ဆဲလ်တွေထဲကို ဂလူးကို့စ်တွေ ပို့ဆောင်ပေးလိုက်မှ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးချနိုင်မှာဖြစ်ပါတယ်။

    ဒီဖြစ်စဉ်လေး ပုံမှန် လည်ပတ်နေမှ သွေးတွင်းသကြားဓာတ်က ပုံမှန်အတွင်း ရှိနေမှာပါ။ ဆီးချိုရှိနေသူတွေမှာတော့ အင်ဆူလင်ဟော်မုန်းတွေက သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကောင်းစွာ မလုပ်ဆောင်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာပါ။

    သွေးတွင်းသကြားဓာတ် ပမာဏက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အစာကို ဘယ်အချိန်က နောက်ဆုံး စားထားတာလဲ။ စားထား၊ သောက်ထားတဲ့ အစားအသောက်တွေအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ကလေးတွေအနေနဲ့ ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်က အခုပြောပြမယ့် ပမာဏအတွင်းမှာ ကျရောက်ရမှာ ဖြစ်ပါတယ်။

  • အစာ မစားခင် 70 ကနေ 120 mg/dL
  • အစားစားပြီး ၂ နာရီကြာတဲ့အခါ 140 mg/dL အောက် ရှိရမှာဖြစ်ပါတယ်။
  • ကလေးတွေမှာ သွေးတွင်းသကြားဓာတ် နည်းနေတာမျိုးရော ရှိနိုင်လား ……

    ကလေးတွေမှာ ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် များနေတာ ရှိနိုင်သလို ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် ပိုနည်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ တစ်ချက်သတိထားရမှာက ကလေးတွေရဲ့ သွေးတွင်းသကြားဓာတ် ကျဆင်းမှုက လူကြီးတွေထက် ပိုမြန်တယ်ဆိုတာပါ။

    သွေးချိုတိုင်းလိုက်လို့ ကလေးရဲ့ သွေးချိုပမာဏက 70 mg/dL ထက် နည်းနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ် နည်းနေတာပါ။ ဒီလို သွေးတွင်းသကြားဓာတ် နည်းတဲ့အခါ ကလေးမှာ

    • ဗိုက်ဆာတာ
    • ကတုန်ကယင်ဖြစ်တာ
    • ချွေးတွေ အရမ်းထွက်တာ
    • အရေပြားလေး အရောင်ဖျော့တော့လာတာ
    • မူးဝေတာ
    • အာရုံစိုက်ရခက်တာမျိုးတွေ ခံစားလာရနိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် ချက်ချင်း ကုသမှု ခံယူနိုင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်။

    ကလေးတွေမှာ အဖြစ်များတဲ့ ဆီးချိုရောဂါ အမျိုးအစား

    ကလေးတွေမှာ အဖြစ်များတာက အမျိုးအစား -၁ ဆီးချိုပဲ ဖြစ်ပါတယ်။ စသိတဲ့ အသက်အရွယ်ကတော့ ၁၃၊ ၁၄နှစ် ပတ်ဝန်းကျင်တွေပါ။ ဒါပေမယ့် ဘေဘီလေးတွေနဲ့ အသက် ၄၀ကျော်အရွယ် လူကြီးတွေမှာလည်း အမျိုးအစား -၁ ဆီးချိုရောဂါရှိနေနိုင်ပါတယ်။ ဒါက ရှားတော့ရှားပါတယ်။

    ကလေးတွေမှာ အမျိုးအစား -၁ ဆီးချိုက အဖြစ်များတာ မှန်ပေမယ့် မိသားစုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်တဲ့မျိုးရိုးရှိမယ်။ ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင် စားသောက်မှုပုံစံတွေ ရှိနေမယ်။ အဝလွန်နေမယ်ဆိုရင် ကလေးတွေမှာလည်း အရွယ်မတိုင်ခင် အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ပါတယ်။

    ကလေးတွေမှာ ဆီးချိုဖြစ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေ

    ကလေးတွေက ဆီးချိုခံစားနေရမယ်ဆိုရင်လည်း သူတို့ ခံစားနေရတာတွေကို သေချာ မပြောပြနိုင်တာကြောင့် လူကြီးမိဘတွေက လက္ခဏာတွေကို သေချာလေး ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ ကလေးက ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင်

    • ရေအရမ်း ငတ်မယ်
    • ဆီးခဏခဏ သွားနေမယ် ( အချိန်တိုအတွင်းမှာတင် ဆီးခဏခဏ သွားနေတာ)
    • အရမ်းဆာလောင်တာမျိုး ဖြစ်မယ်။ (အရမ်းစားနေပေမယ့် ကိုယ်အလေးချိန်ကတော့ တက်မလာဘဲ ကျနေမယ်)
    • မောပန်းလွယ်မယ်
    • ကတုန်ကယင်ဖြစ်မယ်
    • အပြုအမူတွေ ပြောင်းလဲလာမယ်
    • အမြင်အာရုံတွေ ဝေဝါးလာမယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • အိပ်ရာထဲ ဆီးသွားချမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ဒါကြောင့် ကလေးများနဲ့ သွေးချိုအတိုင်းအတာ ကို သေသေချာချာ သိရှိပြီး ဂရုစိုက်လိုက်ကြစို့လား ….. မေမေဖေဖေတို့ရေ

    ကလေးတွေမှာရှိသင့်တဲ့ ပုံမှန် သွေးချိုပမာဏ

    ကလေးတွေမှာရှိသင့်တဲ့ ပုံမှန် သွေးချိုပမာဏ ကတော့
    • အစာ မစားခင် 70 ကနေ 120 mg/dL
    • အစားစားပြီး ၂ နာရီကြာတဲ့အခါ 140 mg/dL အောက် ရှိရမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement