backup og meta

မူလတန်းအရွယ်မှာကလေးငယ်ကို ထူးချွန်ထက်မြက်စေမယ့် နည်းလမ်း (၁၀)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူလတန်းအရွယ်မှာကလေးငယ်ကို ထူးချွန်ထက်မြက်စေမယ့် နည်းလမ်း (၁၀)ခု

    ထူးချွန်ထက်မြက်တဲ့ကလေးငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ဆိုတာ မိဘတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကလေးလေးတွေကျောင်းနေစကစလို့ ဘဝတစ်လျှောက်လုံးမှာ ထူးချွန်ထက်မြက်နေဖို့ဆိုတာက လက်ဦးဆရာတွေဖြစ်တဲ့ဖေဖေ၊မေမေတို့ကသေချာလေ့ကျင့်ပျိုးထောင်ပေးမှရမှာပါ။ ဖေဖေမေမေတို့က ကလေးတွေကိုကျောင်းနေပျော်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ စာသင်ယူရတာကိုပျော်ရွှင်လာအောင်လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ (၁၀)ချက်က ကလေးငယ်တွေကို ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်လိုတဲ့မိဘတွေအတွက် အသုံးဝင်မှာပါ။

    (၁) ကလေးနဲ့ မကြာခဏစကားစမြည်ပြောပေးပါ။

    ကလေးရဲ့ ကျောင်းကအကြောင်းတွေ၊ သူ့ရဲ့ဆရာ၊ဆရာမတွေနဲ့ အတန်းဖော်သူငယ်ချင်းတွေရဲ့ အကြောင်းတွေကို မိဘတွေအနေနဲ့သိထားဖို့လိုပါတယ်။ ကလေးကိုမေးနေရမယ်လို့မဟုတ်ပါဘူး။ သူနဲ့စကားစမြည်ပြောရင်းနဲ့ကျောင်းနဲ့ ပတ်သက်ပြီး သူဘာတွေကိုကြိုက်တယ်၊ ဘာတွေကိုမကြိုက်ဘူးလဲဆိုတာကိုပြောပြဖို့အခွင့်အရေးပေးလိုက်ပါ။ သူခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ပျက်စရာတွေကိုအကြောင်းကိုလည်း အချိန်ပေးပြီးနားထောင်ပေးလိုက်ပါ။ သူရဲ့ကြိုးပမ်းမှုတွေ၊အောင်မြင်မှုတွေကို ချီးကျူးပေးပါ။ အားပေးပေးတာမျိုးတွေ လုပ်ပေးဖို့လည်းမမေ့ပါနဲ့။

    (၂) ကလေးကို ဂရုစိုက်ကြောင်းပြသပေးပါ။

    ကလေးကိုကျောင်းပို့ရုံ အိမ်မှာဂရုစိုက်ရုံပဲမလုပ်ပါနဲ့။ တစ်ပတ်တစ်ကြိမ်လောက်တော့ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ သွားတွေ့ပြီး ကလေးရဲ့အကြောင်းကိုမေးမြန်းတာမျိုးတွေလုပ်ပေးပါ။ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ ဖုန်းနဲ့ဖြစ်ဖြစ်၊ဖေ့ဘုတ်ခ်လိုမျိုး ဆိုရှယ်မီဒီယာကနေတဆင့်ဖြစ်ဖြစ် အမြဲအဆက်အသွယ်ရှိအောင်လုပ်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့လိုအပ်ချက်တွေကိုသိရှိနိုင်ပြီး ကိုယ်အနေနဲ့ဘာတွေလုပ်ပေးသင့်တယ်ဆိုတာကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

    (၃) ရည်မှန်းချက်မြင့်မြင့်မားမားထားပေးပါ။

    ကလေးနဲ့ပတ်သက်ပြီးရည်မျန်းချက်မြင့်မြင့်မားမားထားပါဆိုတိုင်း ကလေးကို တစ်ချိန်လုံး ဆူပူပြီး စည်းကမ်းတင်းကျပ်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကလေးတိုင်းကိုအောင်မြင်ထူးချွန်စေချင်တာက မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒက ကလေးတွေအပေါ်အများကြီး သက်ရောက်မှုရှိနေနိုင်ပါတယ်။ ကလေးအပေါ်မျှော်လင့်အချက်အရမ်းကြီးမထားရဘူးလို့မဆိုလိုပါဘူး။ မဖြစ်နိုင်တာမျိုးကိုအရမ်းကြီးဖိအားမပေးဘဲဖြစ်နိုင်မယ့်အနေအထားလောက်ကိုပဲမျှော်လင့်ထားဖို့ပါ။ သူငယ်တန်းအရွယ်မှာ အမြဲအဆင့်ထိပ်ဆုံးဖြစ်နေတိုင်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်မလာနိုင်ဘူးလေ။

    (၄) ကလေးစာလေ့လာရမယ့်အချိန်ကို သတ်မှတ်ထားပေးပါ။

    ကလေးတိုင်းက ကစားဖို့အချိန်၊ အနားယူဖို့အချိန်နဲ့ စာလေ့လာဖို့အချိန်ဆိုပြီး အချိန်အတိအကျ ရထားသင့်ပါတယ်။ ဒါမှလည်း ကလေးက ဉာဏ်ကောင်းမှာ ဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေးလည်း မညံ့မှာ ဖြစ်ပါတယ်။ ဘယ်ဟာက အရေးကြီးတယ်၊ အရေးမကြီးဘူးဆိုတာကိုလည်း ကလေးကို ခွဲခြားတတ်အောင် သင်ပေးရပါမယ်။ စာအရင်လုပ်ပြီးမှာ ကစားရမယ်ဆိုတာမျိုးပေါ့။ ကျောင်းက ပြန်လာတဲ့အခါ အိမ်စာတွေကို အရင်လုပ်ပြီးမှာ ကစားခွင့်ပေးတာမျိုးပါ။ ကလေးမှာ စာလေ့လာချိန် ပုံမှန်ရှိသင့်ပါတယ်။ ဒီအလေ့အကျင့်လေးကို အသက်ကြီးတဲ့အထိ ကျင့်သားရသွားအောင် ပျိုးထောင်ပေးပါ။ စာလေ့လာချိန် သတ်မှတ်တဲ့ နေရာမှာလည်း ကလေးအရွယ်နဲ့လိုက်အောင် သတ်မှတ်ပေးရမှာပါ။ ကလေးက မူလတန်းဆိုရင် တစ်နေ့ကို တစ်နာရီလောက်ပေါ့။ အတန်းကြီးလာတာနဲ့အမျှ အချိန်ကို နည်းနည်းစီ တိုးသွားပေးတာမျိုးလုပ်ပါ။

    (၅) အိမ်စာလုပ်ဖို့ နေရာတိတိကျကျ သတ်မှတ်ပေးပါ။

    ကလေးကို ငယ်ငယ်ကတည်းက စာလုပ်ဖို့ စားပွဲခုံ၊ထိုင်ခုံတွေကို အလင်းရောင်ကောင်းကောင်းရတဲ့ နေရာတစ်ခုမှာ သေချာစီစဉ်ပေးထားပြီး ကလေးစာလေ့လာရာမှာ အသုံးဝင်မယ့် သင်ထောက်ကူပစ္စည်းတွေကိုလည်း နံရံမှာကပ်ပေးတာမျိုး၊ စင်လေးနဲ့ထားပေးတာမျိုးလုပ်ပေးပါ။ ကလေးစာကျက်မယ့်နေရာကလေဝင်လေထွက်ကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိရင်ပိုကောင်းပါတယ်။ ဆိတ်ငြိမ်တဲ့နေရာက ကလေးရဲ့ သင်ယူမှုအားကိုပိုကောင်းစေပါတယ်။

    (၆) ကလေးကို ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ စဉ်းစားချိန်ပေးလိုက်ပါ။

    ကလေးအနေနဲ့ သင်္ချာပုစ္ဆာတွကို အဖြေရှာရခက်တာလိုမျိုး ကျောင်းစာနဲ့ပတ်သက်ပြီး တစ်ခုခုအခက်တွေ့နေတဲ့အခါ ချက်ချင်းသွားထောက်ပြတာမျိုးမလုပ်ပါနဲ့။ သင့်ကို မမေးခင်မှာ သူ့ဘာသာအဖြေရှာဖို့ အချိန်ပေးလိုက်ပါ။ ကလေးကိုလည်း သူလုပ်နိုင်မှာပါလို့ အားပေးလိုက်ပါ။ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းတာက ကလေးကို ဉာဏ်ပိုကောင်းလာစေနိုင်သလို ယုံကြည်မှုလည်းတိုးစေနိုင်ပါတယ်။

    (၇) ကလေးကို စာဖတ်စွမ်းရည်တိုးအောင် လေ့ကျင့်ပေးပါ

    ကလေးတွေက စာတော်တော်များများကို ကျောင်းကသင်လိုက်ပေမယ့် အိမ်ရောက်တဲ့အခါ အလုံးစုံမမှတ်မိတာမျိုး၊ လုံးဝနားမလည်ဘဲပြန်ဖတ်နေတာမျိုးတွေရှိနေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာကလေးကို စာဝိုင်းဖတ်တာမျိုးလုပ်ပေးပါ။ စာဖတ်တဲ့အခါမှာလည်း ကလေးအနေနဲ့ နားလည်တဲ့အထိဖတ်ဖို့အချိန်ပေးပါ။ ကလေးက လုံးဝနားမလည်နိုင်တဲ့အခါ စာတစ်ပိုဒ်ကို နားလည်အောင် ဘယ်လိုဖတ်ရတယ်။ ဘယ်အချက်တွေက အဓိကကျတဲ့အချက်တွေဆိုတာကိုသေချာခွဲခြားပြရင်း ရှင်းပြပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးငယ်ရဲ့ စာမေးပွဲအတွက်လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးရာရောက်ပါတယ်။

    (၈) ကျန်းမာတဲ့ အလေ့အကျင့်တွေ မွေးမြူပေးပါ။

    အစားစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အနေအထိုင်အပြုအမူကစလို့ လုပ်ဆောင်မှုတိုင်းကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။ ညဘက်စောစောအိပ်ရာဝင်တတ်အောင်လည်းလေ့ကျင့်ပေးပါ။ အိပ်ရေးဝဝအိပ်တာ ကလေးကို ဉာဏ်ကောင်းစေနိုင်ပါတယ်။ ကလေးကို မနက်ခင်တိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာစားတတ်အောင်လည်း လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။ ကလေးငယ်ကို ငယ်ငယ်ကတည်းကလေ့ကျင့်ခန်းလုပ်ချင်လာအောင်လည်း လုပ်ဆောင်ပေးဖို့လိုပါတယ်။ ကလေးရဲ့ တီဗွီကြည့်တဲ့အချိန်၊ ဗီဒီယိုဂိမ်းကစားတဲ့အချိန်၊ သီချင်းနားထောင်တဲ့အချိန် နဲ့ ကွန်ပျူတာအသုံးပြုတဲ့အချိန်တွေကို အကန့်အသတ်နဲ့လုပ်ပေးပါ။ ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အကျင့်ကိုပျိုးထောင်ထားမယ်ဆိုရင် အရွယ်ရောက်လာတဲ့အခါ ကျန်းမာထူးချွန်တဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာဖြစ်ပါတယ်။

    (၉) ကလေးနဲ့ အိမ်စာတွေ ဝိုင်းလုပ်ပေးပါ။

    ကလေးကျောင်းကပြန်လာတဲ့အခါ အချိန်ပေးပြီးကလေးရဲ့ အိမ်စာကိုကူလုပ်ပေးတာ၊ စာဝိုင်းကျက်ပေးတာမျိုးလုပ်ပေးပါ။ အိမ်စာဝိုင်းကူလုပ်ပေးပါဆိုတဲ့နေရာမှာ ကလေးရဲ့ အိမ်စာတွေကိုဝိုင်းရေးပေးတာမျိုးကိုပြောတာမဟုတ်ပါဘူး။ဘေးကထိုင်ပြီး ဝိုင်းအကြံပေးတာမျိုးလုပ်ခိုင်းတာပါ။ ကလေးနားမလည်တဲ့စာတွေကို ရှင်းပြပေးတာမျိုးလုပ်ပေးပါ။

    (၁၀) ကလေးရဲ့ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင်နေပေးပါ။

    ကလေးတွေက မိဘတွေဆီကနေ အများဆုံးသင်ယူတာပါ။ ကလေးကိုစာဖတ်တဲ့အလေ့အထဖြစ်စေချင်ရင် ကိုယ်တိုင်က စာဖတ်တဲ့အလေ့အကျင့်ကို မွေးမြူထားပါ။ ကလေးအတွက် ရှေ့ဆောင်လမ်းပြကောင်းဖြစ်စေဖို့ ကိုယ်တိုင်ကလည်း အရည်အချင်းသစ်တွေတိုးလာအောင် သင်ယူမှုကို အဆက်မပြတ်ဆက်လုပ်နေဖို့လိုပါမယ်။ ကလေးနဲ့အေးအေးဆေးဆေးထိုင်ပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောပြပေးတာမျိုးလုပ်ပေးပြီး ကလေးကိုသင်ယူခွင့်ပေးလိုက်ပါ။ ကိုယ်တိုင်ကကြိုးစားပြမှာ ကလေးကလည်းကြိုးစားချင်စိတ်ဖြစ်လာမှာဖြစ်ပါတယ်။

    ဘယ်သူမှတော့ မွေးကတည်း တတ်ကျွမ်းလာတာမျိုးမရှိပါဘူး။ ကလေးတစ်ယောက်ထူးချွန်ထက်မြက်ဖို့ဆိုရင် မိဘတွေက ငယ်စဉ်ကတည်းက စနစ်တကျပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ အပေါ်မှာ ဖော်ပြတဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်းဖေဖေ၊မေမေတွေအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ကလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement