backup og meta

သင့်ကလေးက သူများကို အနိုင်ကျင့် တတ်သူလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးက သူများကို အနိုင်ကျင့် တတ်သူလား

    ကိုယ့်ကလေး အနိုင်ကျင့်ခံရရင် သူများတွေကို ပြောဆိုဆုံးမပါဦးလို့ ပြောလို့ရပေမယ့် ကိုယ့်ကလေးက သူများကို အနိုင်ကျင့် ခဲ့ရင်ရော။ ဒါဆိုရင်တော့ မေမေတို့က ဆုံးမရမယ့်အလှည့်ဖြစ်သွားပါပြီ။ တစ်ဖက်က ခံလိုက်ရတဲ့ ကလေးကို တောင်းပန်ရမှာ ဖြစ်သလို ကိုယ့်ကလေးက ဘာလို့ သူများကို အနိုင်ကျင့်တတ်နေရတာလဲဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။

    ကလေးက ဘာလို အနိုင်ကျင့် တတ်နေရတာလဲ။

    အနိုင်ကျင့်တတ်တဲ့ ကလေးတွေကို လူဆိုးလေးတွေလို့ တန်းပြီး တံဆိပ်ကပ်လိုက်လို့ မရပါဘူး။ ကလေးတွေက သူများကို အနိုင်ကျင့်လိုက်မဟဲ့ဆိုပြီး မွေးလာကြတာမဟုတ်ပါဘူး။ သူတို့ ဒီလိုဖြစ်နေရတာ အကြောင်းရင်း ရှိပါတယ်။

    • သူငယ်ချင်းလိုချင်လို့

    အနိုင်ကျင့်တာ၊ အနိုင်ကျင့်ခံရတာတွေကို ကျောင်းနေစအရွယ်တို့၊ မူကြိုအရွယ်တို့မှာ တွေ့ရတတ်ပါတယ်။ သူငယ်ချင်း လိုချင်တဲ့အခါ၊ ဒီသူငယ်ချင်းအုပ်စုက သူများကို အနိုင်ကျင့်တတ်တဲ့အခါ သူပါ အံဝင်ခွင်ကျဖြစ်အောင် အနိုင်ကျင့်လိုက်တာပါ။

    သူအနိုင်ကျင့်ခံရတယ်။ ဒါကို မိဘတွေ၊ ဆရာတွေက အရေးတယူမလုပ်ပေးဘူးဆိုရင် သူများကို အနိုင်ကျင့်မှ သူ့ကိုယ်သူ ကာကွယ်နိုင်မယ်လို့ ယူဆလို့ပါ။

    • စိတ်ဝင်စားမှု ခံချင်လို့

    ဆိုးတဲ့ ကလေးတွေဆို မိဘတွေ၊ ဆရာတွေက ပါးစပ်က တဖွဖွနဲ့ ‘ဘာလုပ်နေလဲ။ ဘယ်ရောက်သွားပြန်ပြီလဲ။’ ဆိုပြီး ခဏခဏ ရှာတတ်ပါတယ်။ ဒါကို ဂရုစိုက်ခံရတယ်လို့ ထင်နေလို့ပါ။

    • အကျင့်တစ်ခုလို ဖြစ်နေလို့

    တချို့ကလေးတွေကျ ပတ်ဝန်းကျင်နဲ့ မဆိုင်ဘဲ နဂိုတည်းကိုက ကြမ်းကြမ်းတမ်းတမ်းနေတတ်လို့ပါ။

    • နားမလည်တာ

    သူလုပ်နေတာတွေက သူများကို အနိုင်ကျင့်နေတာဆိုတာ မသိပါဘူး။ သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလို့ပဲ ထင်လို့ပါ။ အိမ်မှာ ဒါမှမဟုတ် ကျောင်းမှာ အနိုင်ကျင့်ခံရတာကို တွေ့နေမြင်နေရတော့ ဒါဟာ သာမန်ကိစ္စပဲ။ ငါလည်း လုပ်လို့ရတယ်လို့ တွေးနေမိလို့ပါ။ ကလေးငယ်လေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

    အနိုင်ကျင့် တတ်တဲ့ ကလေးကို ဘယ်လိုဆုံးမသွန်သင်ကြမလဲ။

    ဒါက သူများကို အနိုင်ကျင့်ချင်ဦးဆိုပြီး မေးမေးပြီး ရိုက်လိုက်လို့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ပတ်ဝန်းကျင်က ဘာတွေက လှုံ့ဆော်နေတာလဲ။ ကလေးရဲ့ စိတ်ထဲမှာ ဘယ်လိုတွေးနေလဲဆိုတာထိ မြင်အောင်ကြည့်ဖို့ လိုပါတယ်။

    • နားလည်အောင် ရှင်းပြပါ။

    ကလေးက ဒါက အနိုင်ကျင့်နေတာ၊ အနိုင်ကျင့်နေတာဟာ မကောင်းဘူးဆိုတာ မသိပါဘူး။ သူများလုပ်လို့ လိုက်လိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျောင်းနေစအရွယ်လေးတွေမှာ ဖြစ်တတ်တာဆိုတော့ ဒီအရွယ်က ပြောရင်လည်း နားလည်ပါတယ်။ သေချာနားလည်အောင် ရှင်းပြပေးပါ။

    • ဆရာတွေနဲ့ တိုင်ပင်ပါ။

    ကိုယ့်ကလေးက ကျောင်းမှာ ဘယ်လိုကလေးမျိုးလည်း ဆိုတာကို မေးမြန်းပါ။ သူက အမြဲအနိုင်ကျင့်တတ်သူလား။ ဒါမှမဟုတ် သူများက စလို့ ပြန်လုပ်ရင်း အနိုင်ကျင့်တယ်လို့ ဖြစ်သွားတာလား။ ကျောင်းမှာ ပေါင်းသင်းဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိလဲ စသဖြင့်ပေါ့။

  • ကလေးပြောတာကို နားထောင်ပါ။
  • အနိုင်ကျင့်ရတာက အကြောင်းရင်း တစ်ခုခု ရှိတတ်ပါတယ်။ သူပြောတာကိုလည်း နားထောင်ပေးပါ။ သူ့ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးပါ။ အထူးသဖြင့် သူအနိုင်ကျင့်ခံရလို့ အကာအကွယ်ရအောင် ပြန်အနိုင်ကျင့်လိုက်ရတာလည်း ဖြစ်နိုင်တာပဲလေ။

    • နောက်ဆက်တွဲပြဿနာတွေကို ပြောပြပါ။

    အနိုင်ကျင့်တာက သူများကို ထိခိုက်နိုင်တယ်။ ကိုယ်တိုင်လည်း အပြစ်ပေးခံရနိုင်တယ်။ နှစ်ယောက်လုံးအတွက် မကောင်းဘူး။ ဆိုလိုတာက ဒါက ဘယ်သူ့မှာမှ အကျိုးမရှိဘူးဆိုတာ မြင်အောင် ပြောပြပါ။ ဒါက လုပ်ရပ်သက်သက်မဟုတ်ဘဲ နောက်မှာ ပြစ်ဒဏ်တွေပါလာရင် ကလေးက နောက်ထပ်လုပ်ဖို့ တွန့်သွားမှာပါ။

    • အပြစ်ပေးပါ။

    ခုနောက်ပိုင်းမှာ ကလေးတွေကို အပြစ်ပေးတဲ့ ပုံစံပြောင်းလာပါတယ်။ အရင်ကတော့ အမှားတစ်ခုခု လုပ်မိရင် တစ်ခုခု ‘လုပ်စေ’ပါတယ်။ ဥပမာ ရိုက်တာ၊ ထိုင်ထ စသဖြင့်ပေါ့။ ဒါက ကလေးစိတ်ဒဏ်ရာ ဖြစ်စေလို့ လုံးဝမလုပ်ခိုင်းတော့ပါဘူး။ ဒီအစား အခွင့်အရေးတွေကို ရုပ်သိမ်းပါတယ်။ ဥပမာ တစ်ရက်တာ ကစားခွင့်ပိတ်တာမျိုး၊ ကာတွန်းကားကြည့်ခွင့်ပိတ်တာမျိုးပေါ့။

  • ကလေးကို အပြစ်တင်ခြင်း သည်းခံပါ။
  • အထူးသဖြင့် ဒီလိုမျိုး ကိုယ့်ကလေးက သူများကို အနိုင်ကျင့်လိုက်လို့ ရုံးခန်းအခေါ်ခံရရင် မိဘတွေက ရှက်ပါတယ်။ ဒီတော့ အိမ်လည်းရောက်ရော ကလေးကို ဆူရော။ ကလေးကို စိတ်နာစေလောက်တဲ့ စကားမျိုးတွေ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ မလုပ်သင့်ပါဘူး။ ဒါက ကလေးကို စိတ်ထိခိုက်စေပြီး အပြုအမူတွေကို ပိုကြမ်းတမ်းစေပါတယ်။

    • ပတ်ဝန်းကျင်ကို လေ့လာပါ။

    ဒီအရွယ်က သင်ယူတဲ့အရွယ်မို့လို့ သူများလုပ်တာကို ကြည့်ပြီး လိုက်လုပ်တတ်ပါတယ်။ ကလေးက ခဏခဏ အနိုင်ကျင့် တတ်နေရင် သူ့ပတ်ဝန်းကျင်ကို လေ့လာပါ။ အိမ်မှာ မိဘတွေက ခဏခဏ ကိုယ်ထိလက်ရောက် ရန်ဖြစ်နေတာလား။ ဘေးအိမ်က လင်မယားတွေ ရန်ဖြစ်တာကို ခဏခဏ ကြုံနေရတာလား။ ကျောင်းမှာ သူငယ်ချင်းတွေက သူ့ရှေ့မှာ သူများကို အနိုင်ကျင့်နေတတ်သလား။ အမျိုးအိမ်တွေ အလည်သွားရင်ရော။

    နောက်ဆုံး သူဆော့တဲ့ ဂိမ်းတွေ၊ သူကြည့်တဲ့ ဗီဒီယိုတွေကိုပါ စစ်ဆေးသင့်ပါတယ်။ ဂိမ်းတွေ၊ ဗီဒီယိုတွေက အသက်ကန့်သတ်ချက်ရှိပေမယ့် မိဘတွေက ဒါကို ဂရုမစိုက်ပါဘူး။ တချို့ဂိမ်းတွေက ကြမ်းတမ်းတဲ့ပုံစံဖြစ်နေတဲ့အခါ ကလေးက အတုယူပြီး လိုက်လုပ်တတ်ပါတယ်။ ပတ်ဝန်းကျင်မှာ ခဏခဏ အနိုင်ကျင့်တာကို မြင်ရကြားရရင် ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆပြီး လိုက်လုပ်တတ်ပါတယ်။

    ကလေးက အနိုင်ကျင့်တတ်နေရင်

    ကိုယ့်ကလေးက အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိနေရင် သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ရိုက်နှက်တာ၊ ဆူလိုက်တာနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ တစ်ခါဆုံးမလိုက်လို့လည်း နောက်တစ်ခါ မလုပ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ သူလက်ခံတဲ့အပေါ်မူတည်ပြီး ထပ်လုပ်နိုင်ပါတယ်။ မိဘက စိတ်ရှည်လက်ရှည်နဲ့ ဆုံးမပြီး သင်ကြားပေးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement