လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လေ့လာမှုတွေအရဆို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရတဲ့ကလေးတွေရဲ့လေးပုံသုံးပုံဟာ ဘယ်သူ့ကိုမှ မပြောပြဘဲ နှုတ်ပိတ်နေရင်းပြီးဆုံးသွားတာများပါတယ်တဲ့။ ကျူးလွန်သူတွေကလည်း သိကျွမ်းရင်းနှီးသူမဟုတ်တောင် အနည်းဆုံးတော့ ကလေးနဲ့ မျက်မှန်းတန်းမိသူတွေဖြစ်နေလေ့ရှိတယ်။ တစ်ခါတလေ သူစိမ်းအန္တရာယ်ကြောက်လို့ ကလေးကို ယုံကြည်အပ်နှံမိတဲ့သူတွေတောင်ဖြစ်နေတတ်ပါတယ်။

တစ်ခုခုဖြစ်ပြီဆို ကလေးတွေဆီကပြန်ပြောပြလာဖို့မျှော်လင့်လို့သိပ်မလွယ်ပါဘူး။ လုံးစေ့ပတ်စေ့ပြန်မပြောတတ်တာရယ်၊ ဘာမှမသိနားမလည်သေးတာရယ်၊ ကျူးလွန်သူကိုကြောက်တာရယ်ကြောင့် လိင်အကြမ်းဖက်မှုမဟုတ်သေးဘဲ မဖွယ်မရာပြုခံရရင်တောင်ပြန်တိုင်ရမှန်းမသိကြပါဘူး။ ဒီလိုတွေမဖြစ်အောင်ကိုယ့်ကလေးရဲ့ဘေးကင်းလုံခြုံမှုကို ကြိုတင်ကာကွယ်ဖို့အရေးကြီးသလို တကယ်တမ်းကြုံလာခဲ့ရင်တောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာလည်း သိဖို့လိုပါတယ်။

အိပ်မက်ဆိုးနဲ့ကြုံခဲ့ရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ

ကလေးလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရတဲ့သတင်း ကြားမိတဲ့အခါ မဆိုင်တဲ့လူတွေတောင် စိတ်မကောင်းဖြစ်ကြ၊ဒေါသထွက်ကြ နဲ့ စကားအဆင့်ဆင့်ပြန့်သွားတာက အရင်ဆုံးပါ။ မိဘကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တုန်လှုပ်ရမှာ၊ စိတ်မကောင်းဖြစ်ရမှာ အဆိုးဆုံးပေါ့။ ဒါပေမယ့် ဒီမှာ အရေးကြီးတာက ကလေးကိုအမည်းစက်မဖြစ်စေဖို့နဲ့ စိတ်ဒဏ်ရာမကျန်စေဖို့ ဂရုစိုက်ရမှာကို မမေ့ပါနဲ့။ ကျူးလွန်သူကိုဖော်ထုတ်အရေးယူပြီး အမှန်တရားကိုဖြေရှင်းရမယ်ဆိုပေမယ့် ကလေးကိုလည်းမထိခိုက်ဖို့ အလေးထားရပါလိမ့်မယ်။

ဒီလိုကြုံခဲ့ရတဲ့ကလေးတစ်ယောက်ကို အကောင်းဆုံးအားပေးနိုင်တာ အနီးဆုံးကဖေဖေမေမေပါပဲ။ သူတို့လေးတွေမှာ အားပေးမှု၊ ယုံကြည်မှုနဲ့ ချစ်ခင်နွေးထွေးမှု၊ ကာကွယ်ပေးမှုတွေ လိုအပ်နေပါတယ်။ ဒီအချိန်မှာ မမေ့သင့်တဲ့အချက် (၃) ချက်က –

  • အချိန်ပေးပြီး ကလေးအနားမှာနေပါ။
  • ကလေးက အရင်နဲ့မတူ အပြုအမူပြောင်းလဲနေတာတွေကို လက်ခံပေးပါ။
  • ကလေးရဲ့ဆန္ဒတွေကိုလေးစားပေးပါ၊ သူတို့လေးတွေရဲ့စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ချက်ချင်းအရေးတယူတုံ့ပြန်ပေးပါ။

ကလေးရဲ့ပြဿနာကို သိလိုက်ရတဲ့အခါ မိဘတွေအနေနဲ့ –

ဂရုတစိုက် အမြန်ဆုံးတုံ့ပြန်လှုပ်ရှားပါ

လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခုခုအကြောင်း အခြေအနေတွေ ကလေးကပြောပြချင်နေတယ်လို့ စိတ်ထဲထင်နေရင် ဒါမှမဟုတ် မသင်္ကာစရာလက္ခဏာတွေတွေ့ခဲ့ရင် ချက်ချင်းကို ဂရုတစိုက်တုံ့ပြန်ပါ။ သက်ဆိုင်ရာကျောင်း သို့မဟုတ် လူမှုရေးအသင်းအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး စုံစမ်းပါ။ တရားဥပဒေအရဖြေရှင်းအရေးယူဖို့မြန်မြန်ပြင်ဆင်ပါ။ လူမှုရေးအသင်းအဖွဲ့တွေက ကူညီအကြံပေးပါလိမ့်မယ်။

ကလေးကို ယုံကြည်ပါ

ကလေးကဖွင့်ဟပြောပြလာတဲ့ ကျူးလွန်သူဟာ ကိုယ့်သွေးသားအရင်းကြီးဖြစ်နေရင်တောင် ကလေးရဲ့စကားကိုယုံကြည်ပေးပါ။ မယုံနိုင်စရာဖြစ်နေရင်တောင် မိသားစုချင်း၊ ရင်းနှီးသူချင်း၊ လေးစားရသူမို့ ဆိုပြီး ဒီလိုလုပ်ရပ်မျိုးကို ဖုံးအုပ်ပေးစရာမလိုပါဘူး။ အကြောင်းကြောင်းကြောင့် ကလေးကိုနှုတ်ပိတ်နေဖို့ ဖိအားပေးကြတာလည်းများပါတယ်။ မိဘကိုပဲ ယုံကြည်အားကိုးထားတဲ့ကလေးလေးဘက်က အပြည့်အဝရပ်တည်ပြီး ကာကွယ်ပေးရမှာပါ။

အားပေးပါ

ဒီအချိန်မှာ မိသားစုကနွေးထွေးမှုနဲ့အားပေးတာကို ခံစားမိဖို့အရေးကြီးပါတယ်။ သူတို့ပြောသမျှကို အလေးအနက်ထားပေးပါ၊ ကလေးကို တစ်ဦးတည်းကြိတ်ခံစားရတဲ့အနေအထား လုံးဝမရောက်အောင် သတိထားပေးပါ။ သူနဲ့တသားတည်း အတူရှိနေတဲ့အကြောင်း ကလေးသိအောင် ဂရုစိုက်ပေးပါ။

စိတ်ကိုတည်ငြိမ်ထားပါ

သိသိချင်းမှာ ချက်ချင်းဒေါသနဲ့မဖြေရှင်းပါနဲ့။နောက်ပိုင်းလည်းဒေါသတွေထွက်မနေပါနဲ့။ ကလေးရဲ့စိတ်ထဲ အပြစ်ရှိစိတ်ခံစားနေရနိုင်လို့ ပိုဆိုးသွားစေနိုင်ပါတယ်။ ကိုယ်က ကလေးအတွက် နာကျင်စိတ်၊ မခံချင်စိတ်တွေပြည့်နှက်နေမှာပေမယ့် ကလေးရှေ့မှာ ထိန်းပါ။ လုပ်သင့်တာကို တည်တည်ငြိမ်ငြိမ်နဲ့လုပ်သွားပါ။ မိဘကဒေါသဖြစ်နေတာမြင်ရင် ကလေးရဲ့ကြောက်စိတ်ပိုဆိုးလာမယ်၊ ပုံမှန်အတိုင်း စိတ်အားပြန်တက်ဖို့ဝေးသွားနိုင်တယ်၊ ပိုအားငယ်လာမယ်၊ သူ့စိတ်ထဲက အိပ်မက်ဆိုး သို့မဟုတ် အမည်းစက်က ပိုကြီးလာမယ်။ ကလေးကို စိတ်ဓါတ်ခွန်အားပေးဖို့ အရေးကြီးပါတယ်။

ပိုချစ်ပေးပါ

မိဘက ချစ်တယ်ဆိုတာတော့ သူတို့သိထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအချိန်မှာ ပိုချစ်ပေး၊ဂရုစိုက်ပေးပြီးဘေးမှာအမြဲကာကွယ်ပေးထားကြောင်း ကလေးကခံစားမိပါစေ။ သူ့စိတ်ထဲက မလုံခြုံမှုကိုဖြေဖျောက်ပေးနိုင်မှဖြစ်မှာမို့ပါ။

လုံခြုံမှုကို ပြန်တည်ဆောက်ပါ

ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုကစပြီး ကလေးကို ဘယ်နည်းနဲ့မှထပ်မထိခိုက်အောင် ကာကွယ်ပေးရပါမယ်။ လူပြောများသွားလို့ပဲထား ကလေးအပေါ် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေရှိလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ထပ်မဖြစ်အောင်ရော ဘယ်လိုကာကွယ်မလဲ။ ဒီလိုမျိုးမကြုံရအောင် ဘေးကင်းလုံခြုံရေးဘယ်လိုစီမံသွားမလဲ ဆွေးနွေးပြီး အစီအစဉ်ဆွဲပါ။

စိတ်ဆင်းရဲမနေပါနဲ့

ကြုံခဲ့ရတဲ့ဖြစ်ရပ်ကြောင့် ကလေးမှာထိခိုက်ခဲ့ပေမယ့်ပြန်လည်ထူထောင်ရေး ကြိုးစားအားပေးလို့ရပါတယ်။ ကိုယ့်ကလေးလေးကို ထိခိုက်နာကျင်ခဲ့ရတာ ရင်နာစရာကောင်းပေမယ့်ပြန်လည်ထူထောင်ရေးနဲ့ အားပေးစောင့်ရှောက်မှုအဆင့်က ပိုအရေးကြီးပါတယ်။ စိတ်ညစ်နေလို့ ဘာမှမထူးဘူးဆိုတာလေး သတိရပါ။

အကူအညီတောင်းပါ

ကိုယ့်ခွန်အားနဲ့၊ အတွေးနဲ့ပဲ အဆင်မပြေဘူးဆိုရင် အတွေ့အကြုံရှိတဲ့၊ သိနားလည်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊လူပုဂ္ဂိုလ်တွေကို အကူအညီတောင်းပြီး အကြံဉာဏ်ရယူပါ။ ကူညီပေးဖို့တောင်းဆိုသင့်ပါတယ်။

ဖေဖေမေမေတို့ လုံးဝမလုပ်သင့်တာက –

  • ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကလေးကိုအပြစ်မတင်မိဖို့
  • ဘယ်သူ့ကိုမှမပြောနဲ့နော်ဆိုပြီး နှုတ်မပိတ်ဖို့
  • အားလုံးမေ့လိုက်တော့နော်ဆိုပြီး မနှစ်သိမ့်ဖို့ (ဘာမှမဖြေရှင်းပေးဘဲ၊အထက်ကအဆင့်တွေမပါဘဲ)
  • နောက် ဒီစကားထပ်မပြောနဲ့တော့ဆိုပြီး မတားမြစ်ဖို့
  • အဲဒီကိစ္စကိုမူတည်ပြီး ကလေးရှေ့မှာ ဝမ်းနည်းမပြဖို့၊ စိတ်ဓါတ်မကျပြဖို့ဖြစ်ပါတယ်။ အရေးကြီးဆုံးက ကလေးတွေဖြစ်လို့ ဘာအတွက်ပဲဖြစ်ဖြစ် ကလေးကိုဦးစားပေးစဉ်းစားပြီး ဆုံးဖြတ်ကြပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇွန် 3, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 4, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။