backup og meta

မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုဒိမ်းမှုနဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ ဖြစ်ရပ်တချို့

    မုဒိမ်းမှု တစ်နည်းအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှုနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ မှားယွင်းစွာ သိထားတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီလို လိင်အကြမ်းဖက်မှုတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ တရားဥပဒေ မရှိတာ၊ လူတွေရဲ့ ထိန်းချုပ်မှု၊ အသိစိတ် ကင်းမဲ့တာ စတဲ့အချက်တွေကြောင့်လည်း ခုချိန်ထိ ကမ္ဘာမှာ ထိန်းချုပ်မရတဲ့ အဖြစ်အများဆုံး ပြစ်မှုတွေထဲမှာ မုဒိမ်းမှုဟာ ထိပ်ဆုံးမှာ ရှိနေရခြင်းပဲ ဖြစ်ပါတယ်။

    ဒီဆောင်းပါးမှာတော့ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ အချက်တွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

    ၁။ မုဒိမ်းမှုကို သူစိမ်းတွေသာ ကျူးလွန်တတ်ကြတယ်။

    ပြန်လည် စစ်တမ်းကောက်ယူလိုက်တဲ့အခါ မုဒိမ်းမှု ကျူးလွန်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ သူစိမ်းတွေ ဖြစ်ကြပြီး ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေဟာ မိသားစုဝင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးနားချင်း၊ ကိုယ့်ချစ်သူ သို့မဟုတ် လမ်းခွဲပြတ်ဆဲထားပြီးသူတွေ ဖြစ်ကြပါတယ်။ အံ့သြစရာပေါ့နော်။ ဒီလိုလူမျိုးတွေဟာ မုဒိမ်းမှုသားကောင်တွေရဲ့ တစ်နေ့တာ အချိန်ဇယား၊ ဘယ်နေရာကို ဘယ်အချိန်မှာ သွားတတ်လဲ၊ ဘယ်လမ်းကြောင်းက ပြန်တတ်လဲ ဆိုတာတွေကို သိထားကြပြီး ရင်းနှီးနေသူဖြစ်တဲ့အတွက် ကိုယ့်ကို မုဒိမ်းကျင့်မယ့်သူလို့ ဘယ်သူကမှ မထင်မှတ်တော့ဘဲ ပြစ်မှုကျူးလွန်ဖို့ ပိုပြီးလွယ်ကူသွားတာပါပဲ။

    ၂။ ယောက်ျားတွေသာ မုဒိမ်းကျင့်နိုင်တယ်။

    ဒီနေရာမှာ ယောက်ျား၊ မိန်းမ အစရှိသဖြင့် လိင်ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ လူသားအဖြစ်နဲ့သာ ဖော်ပြပါတယ်။ အဲ့တော့ မုဒိမ်းမှုကို ယောက်ျားတွေသာမက မိန်းမ၊ လူကြီး၊ လူငယ် အကုန်လုံး ကျူးလွန်နိုင်ခြေ ရှိတယ်လို့ပဲ ဆိုရမှာပါ။ လူငယ်ဆိုတဲ့ နေရာမှာ အသက် ၁၈ မပြည့်သေးတဲ့ ကလေး၊ ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်ပါတယ်။ များသောအားဖြင့် သူတို့ထက် အသက်ငယ်တဲ့ ကလေးတွေ၊ အသက်အရွယ် မတိမ်းမယိမ်းဖြစ်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေဟာ မုဒိမ်းမှုကျူးလွန်သူရဲ့ သားကောင်တွေ ဖြစ်သွားနိုင်ပါတယ်။

    ၃။ ထိခိုက်ဒဏ်ရာ၊ အကြမ်းဖက်ခံရတဲ့ လက္ခဏာမျိုး ရှိမှသာ မုဒိမ်းမှုမြောက်တယ်။

    တစ်ခါတစ်လေ လူတွေဟာ အရမ်းကြောက်သွားတဲ့အချိန်မှာ ကြောက်မိကြောက်ရာ တုံ့ပြန်မှု ပြုလုပ်တတ်တာမျိုး ရှိသလို ဘာမှမလုပ်မိဘဲ ငြိမ်သက်သွားတာမျိုးလည်း ရှိပါတယ်။ မုဒိမ်းမှုလိုမျိုး အခြေအနေမျိုးမှာ ကျူးလွန်ခံရသူအနေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုးပါ ကြုံလာရတတ်တာကြောင့် မလွဲသာ မရှောင်သာ ငြိမ်နေရခြင်းကို တချို့လူတွေက နှစ်ဦးသဘောတူ ဆက်ဆံတဲ့ အခြေအနေအဖြစ်လည်း မြင်တတ်ကြပါတယ်။ အထူးသဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ထားခံရတယ်ဆိုရင် ပြင်းဆန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ တကယ်တော့ ပြန်လည် တုံ့ပြန်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ဖက်သားလူ သဘောတူညီမှု မရဘဲ လိင်ဆက်ဆံခြင်းဟာ အဓမ္မ ပြုကျင့်တာနဲ့ အတူတူပါပဲ။

    ၄။ အဓမ္မပြုကျင့်ခံရသူရဲ့ အဝတ်အစားဟာ မုဒိမ်းမှုကို အားပေးရာရောက်နေတယ်။

    ဒါကတော့ ရှေးခေတ်အယူဝါဒနဲ့ တစ်ဖက်ပိတ် အမြင်ကို လက်ကိုင်ထားကြတဲ့ ရှေးရိုးစွဲဝါဒီသမားတွေမှာ အရမ်း အတွေ့များတဲ့ ကိစ္စပါ။ ပြစ်မှုကျူးလွန်သူကို အပြစ်တင်မယ့် အစား ကျူးလွန်ခံရသူ (များသောအားဖြင့် အမျိုးသမီး) တွေရဲ့ ဝတ်စားဆင်ယင်ပုံကို အပြစ်တင်တတ်ကြပါတယ်။ မြန်မာပြည်မှာဆို ပိုဆိုးပါတယ်။ စကပ်အတို၊ ဘောင်းဘီအတို၊ ရင်ဟိုက်တွေ ဝတ်လို့ မုဒိမ်းကျင့်ခံရတာနေမှာပေါ့၊ နည်းတောင် နည်းသေးတယ်ဆိုပြီး ပြစ်မှုကျူးလွန်ခံရသူကို အပြစ်တင် (Victim Blaming) တတ်ကြတာပါ။ ဒီနေရာမှာ မြန်မာအဝတ်အစားတွေ လုံခြုံစွာ ဝတ်ဆင်နေတဲ့သူတွေလည်း အဓမ္မ ပြုကျင့်ခံရနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ လူတိုင်းမှာ တဏှာစိတ်ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ တဏှာစိတ်ကို ကိုယ့်ရဲ့ အသိစိတ်၊ ကိုယ်ကျင့်တရားနဲ့ ထိန်းချုပ်နိုင်ရမှာပါ။ အဲ့လို မထိန်းချုပ်နိုင်လို့ ပြစ်မှုကျူးလွန်မိတယ်ဆိုရင်တော့ ကိုယ့်အမှားပါပဲ။ ဘေးလူတွေအနေနဲ့လည်း မဆီမဆိုင် ပြုကျင့်ခံရသူရဲ့ ဝတ်စားဆင်ယင်ပုံကို လက်ညှိုးထိုးသရော်နေစရာ အကြောင်းမရှိပါဘူး။ လောကကြီးကို အမြင်ကျယ်ကျယ် ကြည့်တတ်ဖို့ ကြိုးစားပါ။

    ၅။ မုဒိမ်းမှုကျူးလွန်ခြင်းဟာ အရက်မူးပြီး စိတ်မထိန်းနိုင်လို့ မှားသွားကြတာပါ။

    ယောက်ျားပဲ၊ အရက်သောက်တာများပြီး မူးလို့ မှားသွားတာပါဆိုတဲ့ အကြောင်းပြချက်မျိုးဟာ မုဒိမ်းမှုကနေ ကင်းလွတ်စေတဲ့ အကြောင်းပြချက် လုံးဝ မဖြစ်နိုင်ပါဘူး။ ရဲဆေးတင်ချင်လို့ အရက်သောက် ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ နဂို လူတစ်ယောက်ရဲ့ စိတ်အခံမှာကိုက အဓမ္မ ပြုကျင့်ချင်တဲ့စိတ် ရှိတာကြောင့် အရက်သောက်တဲ့အခါမှာ ဒီစိတ်ရိုင်းတွေက ထကြွသောင်းကျန်းလာပြီး မုဒိမ်းမှု ဖြစ်စေဖို့ တွန်းအားပေးလိုက်တာနဲ့ အတူတူပါပဲ။ အရက်တင် မကပါဘူး၊ မူးယစ်ဆေး၊ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး အကြောင်းပြချက်တွေဟာလည်း မုဒိမ်းမှုကျူးလွန်စေဖို့ ခိုင်လုံတဲ့ တွန်းအားပေး အကြောင်းပြချက်အဖြစ် သတ်မှတ်လို့ မရပါဘူး။ အဓမ္မ ကျူးလွန်သူတွေမှာ နဂိုစိတ်အခံက ရှိနေပြီးသား ဖြစ်နေလို့ပါ။

    ၆။ အိမ်ထောင်ဖက်၊ ချစ်သူဆိုရင် မုဒိမ်းကျူးလွန်တယ်လို့ သတ်မှတ်လို့ မရဘူး။

    တရားဥပဒေ အရ လက်ထပ်ထိမ်းမြားပြီးတဲ့ တိုင်အောင်၊ တရားဝင် ချစ်သူတွေ ဖြစ်နေတဲ့တိုင်အောင် တစ်ဖက် ကာယကံရှင်က လိင်ဆက်ဆံဖို့ သဘောမတူဘူး၊ အဆင်သင့် မဖြစ်ဘူးလို့ ပြောထားတယ်ဆိုရင် ဒီသဘောထားကို လေးစားလက်ခံဖို့ လိုပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အိမ်ထောင်ဖက်၊ ချစ်သူဖြစ်လို့ ကိုယ်စိတ်အလိုရှိတိုင်း လိင်ဆက်ဆံလို့ ရတယ်ထင်နေရင်တော့ ဒါဟာ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှု မြောက်တယ်ဆိုတာ တစ်ဆက်တည်း သိထားအောင် ပြောပြပေးချင်ပါတယ်။

    ၇။ အမျိုးသားတွေမှာ အဓမ္မ ပြုကျင့်ခံရတဲ့ အခြေအနေမျိုး မရှိပါဘူး။

    ဒါကတော့ လုံးဝကို မှားယွင်းနေတဲ့ အချက်ကြီးပါ။ အပေါ်မှာ ပြောထားခဲ့သလိုပဲ၊ ကျူးလွန်သူ ဖြစ်စေ၊ ကျူးလွန်ခံရသူဖြစ်စေ လိင်၊ လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ ရာထူး စတာတွေနဲ့ တိုင်းတာနှိုင်းယှဉ်လို့ မရပါဘူး။ ယောက်ျားတွေ ဖြစ်နေလို့ လိင်စိတ်က အမြဲတမ်း ရှိနေတဲ့အတွက် တစ်ဖက် မိန်းကလေးက အဓမ္မ ပြုကျင့်လာခဲ့ရင်တောင် ကျေကျေနပ်နပ် ခံယူရမယ်ဆိုတဲ့ တစ်ဖက်စွန်းရောက် စွဲကိုင်နေသူများမှာသာ ဝင်နေတတ်တဲ့ အတွေးအခေါ်မျိုးပါ။

    ဒီဆောင်းပါးမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုနဲ့ ပတ်သက်ပြီး လူတော်တော်များများ ထင်မှတ်မှားတတ်ကြတဲ့ အချက်တွေကို အကြောင်းရင်းနဲ့ တကွ ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတတ်တဲ့ အရာတွေကို လျစ်လျူမရှုပါနဲ့။ လူတိုင်းကိုလည်း အယုံမလွယ်ပါနဲ့။ ဘယ်ပဲ သွားသွား ကိုယ့်အသက်အန္တရာယ်က ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ဆောင်ထားပါ။

    အထူးသဖြင့် ကျူးလွန်ခံရသူတွေမှာ ပြစ်မှုအခင်း ဖြစ်ပွားပြီးတာနဲ့ သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်တိုင်ကြားပါ။ သို့မဟုတ် ဆေးရုံမှာ သွားရောက်ပြီး ဆရာဝန်နဲ့ အရေးပေါ် ပြသပါ။ ကျူးလွန်သူရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောပြပြီး အမှုဖွင့်ဖို့ ကြိုးစားပါ။ တခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုထင်မြင်နေမလဲ ဆိုတဲ့ အတွေးတွေကို ခဏမေ့ထားပါ။ အဓိက ကိုယ်သာ အရေးကြီးပါတယ်။ ကိုယ့်မှာ ခံစားလိုက်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအတွက် တရားမျှတမှုကို သက်ဆိုင်ရာက စီမံဖန်တီးပေးဖို့ အစွမ်းကုန်ကြိုးစားမှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement