backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ ဆိုတာဘာလဲ။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဆိုသည်မှာ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုဆိုလိုပြီး ယင်းသည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးဝင်လျှင် နှာခေါင်း၊ လည်ချောင်း၊ နားများနှင့် နှာခေါင်းဘေးတွင်းရှိလေအိတ်ငယ်များသို့ ပျံ့နှံ့ခြင်းများ ဖြစ်နိုင်ပါသည်။

ကလေးငယ်များသည် တစ်နှစ်လျှင် ၅ ကြိမ်မှ ၈ ကြိမ်အထိ အအေးမိတုပ်ကွေး ဖြစ်တတ်ကြပြီး အသက် ၆ နှစ်ကျော်သွားလျှင် အအေးမိတုပ်ကွေးဖြစ်နိုင်ချေ ကျဆင်းသွားကြောင်း တွေ့ရသည်။

အအေးမိခြင်း၏ အကြောင်းရင်းများကဘာလဲ။

အအေးမိတုပ်ကွေးဖြစ်ခြင်းသည် ယင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ခြင်းဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ပိုးများသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများကြောင့် လေထဲမှတဆင့်ကူးစက်ခြင်း၊ ဗိုင်းရပ်စ်ပိုးရှိသော လူ သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်ခြင်းဖြစ်ပါသည်။

အအေးမိလျှင် ဘယ်လို ရောဂါလက္ခဏာများ ခံစားရသလဲ။

အအေးမိလျှင် အောက်ပါ ရောဂါလက္ခဏာများ ခံစားနိုင်ပါသည်။

· နှာရည်ယိုခြင်း၊ နှာစေးခြင်း

· နှာချေခြင်း၊ ချောင်းဆိုးခြင်း

· လည်ချောင်းယားခြင်း၊ အသံနာခြင်း

· မျက်လုံးများနီရဲနေခြင်း၊ ဖောင်းနေခြင်း၊ မျက်ရည်ပူများထွက်ခြင်း

· ပင်ပန်းနွမ်းနယ်ခြင်း

· ၁ ရက်မှ ၃ရက်ကြာအောင် ချမ်းတုန်ဖျားခြင်း

· ခေါင်းကိုက်ခြင်း

· ကိုယ်လက် ကိုက်ခဲခြင်း

· ကြွက်သားများ နာကျင်ခြင်း တို့ခံစားရနိုင်ပါသည်။

အအေးမိခြင်းကို ဘယ်လိုကုသမလဲ။

အအေးမိခြင်းကြောင့်ဖြစ်သော ဝေဒနာအများစုသည် ၁ ပတ် ၂ ပတ်ခန့်အကြာတွင် အလိုလိုပျောက်ကင်းသွားတတ်ကြပါသည်။ သင့်ကလေးငယ်သည် အသက် ၄ နှစ်အောက်ဖြစ်ပါက ဆေးဆိုင်တွင် ဝယ်ပြီး ဆေးတိုက်ခြင်း မပြုလုပ်ပါနှင့်။ ထိုဆေးများသည် သင့်ကလေးကို မမျှော်လင့်သော ဘေးထွက်ဆိုးကျိုးများခံစားရစေနိုင်သောကြောင့်ဖြစ်ပါသည်။

သင့်ကလေး၏ ဝေဒနာများကို acetaminophen သို့မဟုတ် NSAIDs အကိုက်အခဲပျောက်ဆေးများတိုက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ သို့သော် ထိုဆေးများသည် ၆ လအောက်ကလေးများတွင် ဆရာဝန်၏ ညွှန်ကြားချက်ရှိမှသာ သောက်သင့်သော ဆေးများဖြစ်ပါသည်။ သင်တိုက်နေသောဆေးများသည် ကလေးငယ်၏ရောဂါလက္ခဏာများကို ထင်ထားသလောက် မသက်သာစေသောအခါ ဆရာဝန်နှင့် ပြသင့်ပါသည်။

အအေးမိခြင်း၏ရောဂါလက္ခဏာများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

· သင့်ကလေးကို ကောင်းမွန်စွာအနားယူစေပါ။ အစာဝင်အောင်ကျွေးပါ။ အရည်များများတိုက်ပါ။

· ချွဲပျော်စေရန်နှင့် ရေဓာတ်ပြည့်ဝစေရန် ရေနှင့် သစ်သီးဖျော်ရည်များတိုက်ပါ။ သကြားပါဝင်မှု နည်းပါစေ။ ကဖိန်းဓာတ်များသော အရည်များ၊ အစားအစာများသည် ရေဓာတ်ခမ်းခြောက်စေသောကြောင်း ယင်းတို့ကို ကလေးများအား မတိုက်ပါနှင့်။

· ကလေးငယ်၏ နှာခေါင်းထဲတွင် ပိတ်နေသော နှပ်များကို ဖယ်ရှားသန့်စင်ပေးပါ။

· လည်ချောင်းနာပျောက်စေရန် ဆားရည်နှင့် အာလုပ်ကျင်းပေးပါ။

· သင့်ကလေးကို အသက်ရှူရပိုကောင်းစေရန် လေကို စိုထိုင်းဆပေးသော လေအေးပေးစက်များကို အသုံးပြုနိုင်ပါသည်။

· နီကိုတင်း ပါသော ဆေးလိပ်ငွေ့များသည် ကလေးငယ်၏ ရောဂါဝေဒနာများကို ပိုဆိုးစေသည့်အတွက် ယင်းတို့ကို ရှောင်ကြဉ်ပါ။

အအေးမိခြင်းကို သူများထံမကူးစက်မပြန့်နှံ့အောင် ဘယ်လိုကာကွယ်မလဲ။

· အအေးမိတုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးများသည် တုပ်ကွေးစဖြစ်သည့်နေ့မှစ၍ ၃ရက်မှ ၅ရက်အတွင်းတွင် အပြန့်နိုင်ဆုံးဖြစ်သည့်အတွက် ထိုရက်များတွင် သင့်ကလေးအား အခြားကလေးများနှင့် နီးကပ်စွာနေထိုင်ခြင်း မပြုလုပ်စေပါနှင့်။

· ကလေးများအား လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများပြုလုပ်စဉ်တွင် ရောဂါပိုးများ ပြန့်ပွားမှုကို ကာကွယ်ရန် နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ကိုင်ပဝါဖြင့် အုပ်ရန် သင်ပေးပါ။

· သင့်ကလေး နေမကောင်းဖြစ်နေစဉ် ကစားစရာများ၊ ချိုလိမ်များ၊ အရုပ်များ၊ မျက်နှာသုတ်ပဝါ၊ အစားအစာများနှင့် အစားအသောက်ထည့်သော ပန်းကန်ခွက်ယောက်များ စသည်တို့ကို အခြားကလေးများနှင့် မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနှင့်။

ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသမလဲ။

သင့်ကလေးသည် နေမကောင်းဖြစ်ရာမှ နာလန်မထနိုင်လျှင် အထူးသဖြင့်

· ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်ဆီယက်ထက်ကျော်လွန်နေလျှင်

· ရောဂါလက္ခဏာများသည် ၁၀ ရက်ထက်ပိုကြာနေလျှင်

· ရောဂါလက္ခဏာများသည် ဆေးဆိုင်တွင်ဝယ်သောက်သော အအေးမိပျောက်ဆေးများနှင့် မသက်သာလျှင် ဆရာဝန်ထံသွားပြသင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement