backup og meta

ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ

    ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေ အအေးမိတုပ်ကွေး ဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမေမေတို့အတွက် လူရောစိတ်ပါပင်ပန်းစေမှာ အမှန်ပါ။ သားဦးမိခင်တွေဆို ပိုတောင်ဆိုးပါတယ်။ သားဦးသမီးဦးကလည်းဖြစ် ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိလို့ ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိခင်တိုင်းအတွက် အသုံးတည့်စေမယ့် အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ သားသားမီးမီးလေးတွေကိုစောင့်ရှောက်နည်းပြောပြပေးထားပါတယ်။

    ကလေးကအအေးမိဖျားနာတာဆိုရင်

    ကလေးမှာ အအေးမိဖျားနာဖြစ်တဲ့အခါ ကိုယ်နွေးနွေးလေးဖြစ်နေပြီး မအီမသာနဲ့ဂျီကျနေတတ်ပါတယ်။ ငယ်တဲ့ကလေးတွေမှာဆိုရင် ပိုတောင်ဆိုးပါမယ်။ သူတို့လေးတွေက ခံစားရတာကို မပြောနိုင်တဲ့အခါ ငိုတာ ဒါမှမဟုတ် အမူအရာတွေနဲ့ဖော်ပြတာမျိုးလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် ကလေးကအအေးမိဖျားနာနေပြီဆိုရင် –

    ကလေးကို အနားယူခိုင်းပါ – အနားယူတာက ကလေးရဲ့ ခန္ဓါကိုယ်မှာ ခွန်အားပြည့်လာစေပြီးရောဂါပိုးတွေကိုတုံ့ပြန်နိုင်စွမ်းကောင်းလာစေမှာ အသေအချာပါ။ ကလေးကကျောင်းနေအရွယ်မျိုးဖြစ်နေပြီဆိုရင် ကလေးကိုကျောင်းကိုမလွှတ်ဘဲနေအိမ်မှာဘဲ အနားယူခိုင်းပါ။

    အရည်များများတိုက်ပါ – အရည်များများသောက်တာက အဖျားကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကလေးကအော့အန်တာဝမ်းသွားတာတွေပါဖြစ်နေမယ်ဆိုရင်တော့ ကလေးကို အရည်များများတိုက်ပေးဖို့ပိုလိုပါမယ်။

    စိုထိုင်းမှုထိန်းစက်အသုံးပြုပေးပါ –အအေးမိဖျားနာဖြစ်တဲ့အခါ ကလေးငယ်မှာ နှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာတွေပါ ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို သက်သာစေဖို့ဆိုရင် ကလေးရဲ့ ပတ်ဝန်းကျင်မှာ အစိုဓါတ်ရှိအောင်လုပ်ပေးဖို့လိုပါမယ်။ ဒါကြောင့် ကလေးရဲ့အခန်း ဒါမှမဟုတ် ကလေးရဲ့ အိပ်ရာနားမှာ စိုထိုင်းမှုထိန်းစက်လေးဖွင့်ပေးထားပါ။

    အာဟာရရှိတာကျွေးပါ –ကလေးက အအေးမိဖျားနာဖြစ်နေတဲ့အခါ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် ခန္ဓါကိုယ်က အာဟာရပြည့်ဝနေဖို့အတွက် လိုပါတယ်။ ဒါကြောင့် ကလေးကို အစာမာမာတွေမဟုတ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုကျွေးပေးပါ။ အလွယ်ဆုံးကတော့ ကြက်ပြုတ်ရည်တိုက်ပေးရင်ရပါတယ်။

    ဆရာဝန်ပြပေးပါ – ကလေးဆိုတာက နုနယ်လွန်းပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် လူကြီးသောက်တဲ့ဆေးတွေကို တိုက်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်လုပ်ပေးဖို့လည်းလိုပါမယ်။

    ဒီလိုလက္ခဏာတွေရှိနေလားသေချာကြည့်ပါ

    သာမန်အဖျားတွေက ၇ ရက်ကနေ ၁၀ ရက်အတွင်း သက်သာသွားကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ရင်သွေးလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသဖို့လိုပါမယ်။

    ကလေးငယ်က တုပ်ကွေးဖြစ်တာဆိုရင်

    တုပ်ကွေးကတော့ ရုတ်တရက်ဆိုရောက်လာတတ်တဲ့ဝေဒနာတစ်ခုပါ။ ရာသီအကူးပြောင်းမှာ အဖြစ်များပါတယ်။ မိမိရင်သွေးလေးမှာ တုပ်ကွေးဖြစ်လာခဲ့မယ်ဆိုရင်တော့ –

    အနားယူခိုင်းပါ – အအေးမိတာထက် တုပ်ကွေးဖြစ်တာက ပိုပြင်းထန်ပါတယ်။ ဒါကြောင့် ကလေးမှာ တုပ်ကွေးဖြစ်နေမယ်ဆိုရင် ကိုယ်ခံအားကောင်းလာစေဖို့အတွက် ကလေးကိုပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ပေးလိုက်ပါ။ကောင်းမွန်တဲ့ကိုယ်ခံအားကသာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မှာပါ။

    ဆားရည်နွေးနွေးလေးနဲ့ ပလုပ်ကျင်းပေးပါ –ဆားရည်နဲ့ ပလုပ်ကျင်းတာက တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဆားရည်နွေးနွေးလေးကို နှာခေါင်းထဲ အစက်ချပေးမယ်ဆိုရင်လည်းနှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုပျော်စေမှာ အသေအချာပါ။

    ရေဓါတ်ပြည့်ဝအောင်နေပါ – ခန္ဓါကိုယ်ကရေဓါတ်က ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးက တုပ်ကွေးဖြစ်နေတဲ့အခါ ကလေးကိုရေဓါတ်ပြည့်ဝအောင် ပိုဂရုစိုက်ပေးပါ။ ဘာမှမလုပ်ပေးနိုင်ရင်တောင် ကလေးကိုရေများများတိုက်ပေးပါ။ဆေးဖက်ဝင်တဲ့ အရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းကိုတိုက်ပေးလို့ရပါတယ်။နောက်တစ်ခုက စွပ်ပြုတ်ရည်၊ သစ်သီး ဖျော်ရည်တွေတိုက်ပေးတာမျိုးလုပ်နိုင်ပါတယ်။

    ဆရာဝန်ပြပေးပါ – ကလေးဆိုတာက နုနယ်လွန်းပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် လူကြီးသောက်တဲ့ဆေးတွေကို တိုက်တာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်လုပ်ပေးဖို့လည်းလိုပါမယ်။

    ဒီလိုလက္ခဏာတွေရှိနေလားသေချာကြည့်ပါ

    တုပ်ကွေးဆိုတဲ့ဝေဒနာက လူကြီးတွေတောင်မှ တော်တော်လေးခံစားရတဲ့ရောဂါမျိုးပါ။ ဒါကြောင့် ရင်သွေးလေးမှာများ တုပ်ကွေးဖြစ်နေခဲ့ရင် ဒီလိုလက္ခဏာတွေများရှိနေလားသေချာစောင့်ကြည့်ပေးစေချင်ပါတယ်။

    • အဖျားက ၃ ရက်ကြာတဲ့အထိ အဖျားက ၁၀၁ အထက်ဖြစ်နေခဲ့ရင်
    • ရင်ဘတ်နဲ့ဝမ်းဗိုက်ထဲကအောင့်နေတာမျိုးဖြစ်နေခဲ့ရင်
    • အသက်ရှုရခက်နေခဲ့ရင်
    • အော့အန်နေခဲ့ရင်
    • ဆီးသွားနည်းနေခဲ့ရင်
    • အဖျားကမကျဘဲ အခုပြောခဲ့တဲ့လက္ခဏာတွေထဲကတစ်ခုခု ဒါမှမဟုတ် တစ်ခုမကတဲ့အနေအထားတွေက ၁၀ ရက်ကျော်တဲ့မသက်သာဘူးဆိုရင်တော့ နီးစပ်ရာဆေးခန်းနဲ့ဆေးရုံတွေကိုသွားရောက်ပြသပေးပါ။

    ကလေးနေကောင်းလာရင်ရော ဘာတွေလုပ်ဖို့လိုမလဲ

    ကလေးက အအေးမိတာ တုပ်ကွေးဖြစ်တာကနေပြန်ကောင်းလာပြီဆိုရင်တော့ ကာကွယ်ရေးဘက်ကို စလုပ်ရတော့မှာပါ။ ဒီအချိန်မှာ အရင်ဆုံးလုပ်ရမှာက ကလေးနေမကောင်းမဖြစ်ခင်ကနဲ့ နေမကောင်းဖြစ်နေချိန်မှာ ကိုင်တွယ်ထိတွေ့အသုံးပြုထားတဲ့အရာတွေကိုလျှော်ဖွပ်သန့်စင်ဆေးကြောပေးပါ။ ကလေးကိုရော အခြား မိသားစုဝင်တွေကိုပါ လက်သန့်ရှင်းရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ဖို့ပြောပေးပါ။ ကလေးကို လမ်းဘေးစာတွေ၊ ယင်နားစာတွေ မစားဖို့ သတိပေးပါ။ ကလေးကို အာဟာရပြည့်ဝတာတွေကျွေးမွေးပြီး အိပ်ရေးဝအောင်ဂရုစိုက်ပေးပါ။ မကြာခင်ဝင်ရောက်လာတော့မယ့် မိုးရာသီမှာ ရင်သွေးလေးကို အဖျားမမိအောင်ကာကွယ်နိုင်ကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement