သင့်ကလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။
ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ဘယ်သူ့ကို ခေါ်ရမှာလဲ၊ဆေးခန်းဆေးရုံပြေးရမှာလား။ သုတေသနပြုလေ့လာချက်အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ “မေမေ့အနမ်း” လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။
ဒီနည်းလမ်းဟာ နာကျင်မှုထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊လူစိမ်းတွေနဲ့ယှဉ်ရင် သားသား မီးမီးတို့အတွက် စိတ်သက်သာရာရစေ၊လုံခြုံမှုကို ခံစားရစေမှာပါ။
“မေမေ့အနမ်း” ဆိုတာဘာလဲ။
ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ဆို့ထားရပါမယ်။
ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။
မှုတ်ထည့်လိုက်တဲ့ လေရဲ့ အရှိန်နဲ့ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုပြန်ထွက်လာပါလိမ့်မယ်။
အသက် ၁နှစ်နဲ့ ၈နှစ်ကြား ကလေးတွေမှာ “မေမေ့အနမ်း” နည်းလမ်းကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ လေ့လာတင်ပြမှု ရှစ်ခုကို ဆန်းစစ်ပြီး သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လေ့လာမှုအားလုံးမှာ ဒီနည်းလမ်းဟာ ဘာပြဿနာမှ မရှိဘဲ အလုပ်ဖြစ်ခဲ့ပါတယ်။ နှာခေါင်းကို တဝက်တပျက်ပဲ ပိတ်နေတဲ့ အရာဝတ္ထုတွေဟာ လေကို အပြင်ထွက်သွားစေနိုင်တဲ့အတွက် သူတို့တွေနဲ့ယှဉ်ရင် နှာခေါင်းပေါက်တခုလုံးကို လုံးဝပိတ်ဆို့နေတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းက ပိုအကျိုးသက်ရောက်မှုရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
အောင်မြင်မှုရာခိုင်နှုန်းကတော့ ၆၀% လောက်ရှိပါတယ်။ အဆိုပါ သုတေသနရဲ့ တွေ့ရှိချက်တွေကို Canadian Medical Association Journal မှာ ဖော်ပြခဲ့ပါတယ်။
ဒီနည်းလမ်းဟာ လုံးဝအန္တရာယ်မရှိပါဘူး။
နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းဟာ အင်မတန်လုံခြုံစိတ်ချပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တဲ့အတွက် ချိတ်တွေ၊ညှပ်တွေနဲ့ နှာခေါင်းထဲထိုးပြီး ဖယ်ထုတ်ရတာ ဒါမှမဟုတ် စုပ်ထုတ်ရတာ အစရှိတဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။
မေ့ဆေး၊ထုံဆေးတွေပေးဖို့လည်း မလိုတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင်မှာ ဘယ်လို လုပ်မယ်ဆိုတဲ့အကြောင်း ကလေးကို ကြိုတင်ရှင်းပြပေးထားမယ်ဆိုရင် သူလေးအနေနဲ့ ကြောက်လန့်နေတော့မှာ မဟုတ်ပါဘူး။
ဒီအရွယ်ကလေးတွေဆိုတာက သူတို့ကို ထူးထူးခြားခြားတခုခု လုပ်တော့မယ်ဆိုရင် ကြောက်လန့်တတ်သလို ၊အထူးသဖြင့် အရင်တခါ နှာခေါင်းထဲက ပစ္စည်းကို ထုတ်တုန်းက အတော်လေး နာကျင်ခဲ့ဖူးတယ်ဆိုရင် လုပ်ရကိုင်ရအနည်းငယ် ခက်ခဲနိုင်ပါတယ် (ကလေးက ကြောက်ပြီး ရုန်းကန်နေနိုင်လို့ပါ)။
ဒီနည်းလမ်းရဲ့ အဓိက ဖြစ်လာနိုင်တဲ့ ပြဿနာကတော့ မမျှော်လင့်ဘဲ လေဖိအားများလာနိုင်တဲ့အတွက် ကလေးရဲ့ နားစည် ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါ အချိန်မှာ glottis လို့ခေါ်တဲ့ လေဝင်ပေါက်လေးက ပိတ်နေမှာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်လာနိုင်ချေက မရှိသလောက်နည်းတဲ့အပြင် ပြုလုပ်ပြီးခဲ့သမျှ လေ့လာမှုတွေအရလည်း ပြဿနာဖြစ်ပွားမှု တစုံတရာမရှိတာကို တွေ့ရပါတယ်။ နှာခေါင်းထဲပိတ်ဆို့နေတဲ့ အရာဝတ္ထုကို အထဲရှုသွင်းလိုက်မိပြီး အသက်ရှုကြပ်သွားမယ့် အန္တရာယ်ကတော့ အချိန်တိုင်းမှာ ရှိနေပါတယ်။
“မေမေ့အနမ်း” နည်းလမ်းကို ဆရာဝန်၊သူနာပြုအစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း ပြုလုပ်နိုင်သလို ပထမတခေါက်လုပ်လို့ မအောင်မြင်ရင် အကြိမ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်နိုင်ပါသေးတယ်။
ဒါပေမယ့် အခုနည်းလမ်းကို ဘယ်နေရာ၊ဘယ်အချိန်မှာပဲ လုပ်သင့်တယ်ဆိုတဲ့အချက်လေးတွေကိုတော့ သတိပြုဖို့လိုအပ်ပါမယ်။ တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ ရှေ့မှာပဲ ဒီနည်းလမ်းကို ပြုလုပ်ရပါမယ်။
ဆရာဝန်တွေဟာ အရေးပေါ်ကုသမှုဌာနမှာပဲ အများဆုံးပြုလုပ်လေ့ရှိတဲ့အတွက် ဒီနည်းလမ်းကို အိမ်မှာပဲ အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေအနေနဲ့ သက်တောင့်သက်သာရှိပြီး ကြောက်လန့်နေမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ထင်မှတ်မထားတဲ့ ပြဿနာတခုခုပေါ်ပေါက်လာရင် (ဥပမာ ပိတ်နေတဲ့ အရာဝတ္ထုက အဆုတ်ထဲ ဝင်သွားရင်) အမြန်ဆုံး ကုသမှုပေးနိုင်ဖို့အတွက် “မေမေ့အနမ်း” နည်းလမ်းနဲ့ ပိတ်နေတဲ့ ပစ္စည်းကို ဖယ်ရှားပစ်နေချိန်မှာ ဆရာဝန်တယောက်ယောက်ရှိနေတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါကြောင်း။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]