backup og meta

ကလေးများကို မည်သည့်အိမ်မွေးတိရိစ္ဆာန်များ ပေးမွေးသင့်သလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများကို မည်သည့်အိမ်မွေးတိရိစ္ဆာန်များ ပေးမွေးသင့်သလဲ

    အိမ်မွေးတိရိစ္ဆာန်လေးများသည် အိမ်သားများအတွက် ကိုယ်ရောစိတ်ပါပျော်ရွှင်စေကြောင်း ကျွန်ုပ်တို့ မငြင်းနိုင်ပါ။ အိမ်မွေးတိရိစ္ဆာန်လေးများရှိခြင်းဖြင့် ကလေးများအတွက်လည်း သက်ရှိ သတ္တဝါတစ်ကောင်ကို ဘယ်လိုပြုစုပျိုးထောင်သလဲ သိမြင်စေပါသည်။ အိမ်မွေးတိရိစ္ဆာန်လေးများကို ဂရုစိုက်ခြင်းဖြင့် သင့်ကလေးသည် တာဝန်ယူချင်စိတ်ရှိခြင်း၊ စိတ်ချယုံကြည်ခြင်း စသည့် စိတ်နေသဘောထားများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

    အိမ်မွေးတိရိစ္ဆာန်လေးများကို မွေးထားခြင်းဖြင့် တစ်ယောက်တည်း ကယောင်ခြောက်ချားဖြစ်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ကို ပြေဖျောက်ပေးခြင်း၊ အော်တစ်ဇင်ရောဂါရှိသော ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ တိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။ ထို့ကြောင့် မည်သည့် အိမ်မွေးတိရိစ္ဆာန်လေးများသည် ကလေးများနှင့် မိသားစုဝင်များအတွက် စိတ်ချရသလဲ လေ့ လာကြည့်ကြပါစို့။

    ငါးများ

    အိမ်တွင် ငါးလေးများ စမွေးခြင်းသည် ကလေးများအတွက် ကောင်းသော ရွေးချယ်မှုဖြစ်ပါသည်။ ငါးကန်ထဲတွင် ငါးများရေကူးသွားနေသည်ကို ကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုများကို ပြေပျောက်စေသကဲ့သို့ ကလေးများသည် ငါးအမျိုးအစားများကို လေ့လာခြင်းဖြင့် အသိဉာဏ်တိုးစေပါသည်။ သို့သော် သင့်အနေဖြင့် ယဉ်ပါးသော ဘီတာငါးကဲ့သို့သော အိမ်မွေးငါးများကိုမွေးခြင်းဖြင့် အလုပ်မရှုပ်စေဘဲ ပြုစုစောင့်ရှောက်ရလည်း လွယ်ကူမည်ဖြစ်ပါသည်။

    ဘီတာငါးသည် အိမ်မွေးငါးအမျိုးဖြစ်ပြီး ရေအနည်းငယ်ရှိရုံနှင့် အသက်ရှင်ပါသည်။ ထို့ကြောင့် ထိုငါးအတွက် ရေထဲသို့အောက်ဆီဂျင်လွှတ်ပေးခြင်း၊ အပူများပေးခြင်း၊ ဇကာများတပ်ဆင်ခြင်း၊ ဓာတုအားဆေးများသုံးရခြင်း စသည်တို့ ပြုလုပ်ပေးရန် မလိုပါ။

    အိမ်မွေးကြွက်ကလေးများ

    အိမ်မွေးကြွက်ကလေးများမွေးခြင်းသည် အသက်၅နှစ်အထက် ကလေးများအတွက် သင့်တော်ပါသည်။ သူတို့သည် နေရာကျယ်ကျယ်မလိုခြင်း၊ ပျိုးထောင်ရလွယ်ကူခြင်း၊ တစ်နိုင်တစ်ပိုင်ရှိခြင်း၊ အလွန်အမင်းဂရုစိုက်ရန်မလိုအပ်ခြင်းတို့ကြောင့် မွေးရအဆင်ပြေပါသည်။ ယင်းတို့မှာ ဟမ်းစတားကြွက်ဖြူလေးများ၊ ပူးလေးများ၊ ကြွက်မြီးရှည်များ စသည်တို့ဖြစ်ပါသည်။

    အများစုသော အိမ်မွေးကြွက်လေးများသည် သူတို့အတွက် နေရာများများစားစားပေးရန် မလိုပါ။ ထို့ကြောင့် သင်သည် ခြံဝင်းနှင့် နေသူမဟုတ်လျှင် ထိုအကောင်လေးများသည် မွေးရန်သင့်တော်သော အကောင်လေးများဖြစ်ပါသည်။ ဟမ်းစတားကြွက်လေးများသည် ချစ်စရာကောင်းခြင်း၊ အသိဉာဏ်ရှိခြင်း၊ လူနှင့် မစိမ်းခြင်းတို့ကြောင့် မွေးသင့်သော အိမ်မွေးတိရိစ္ဆာန်လေးများ ဖြစ်ပါသည်။

    ခွေးများ

    ပါပီခွေးလေးများသည် ကလေးများအကြိုက် အမျိုးအစားများဖြစ်ပါသည်။ အကယ်၍ သင့်ကလေးအတွက် ခွေးလေးများ မွေးမည်ဆိုလျှင် အိမ်အလုပ်များကို သင်ကိုယ်တိုင်နိင်နင်းမှ အဆင်ပြေလိမ့်မည်။ ခွေးအမျိုးအစားအားလုံးသည် ကလေးများနှင့် အဆင်မပြေပါ။ ခွေးမွေးလျှင် အစာ၀၀ကျွေးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်း၊ ကစားရန် နေရာ အလုံအလောက်ရှိခြင်း၊ တိရိစ္ဆာန်ဆေးခန်းမှန်မှန်ပြကာ ကာကွယ်ဆေးများထိုးပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း စသည်တို့ပြုလုပ်ပေးရပါမည်။ အောက်ပါတို့သည် အိမ်တွင် မွေးရအဆင်ပြေစေသော ခွေးမျိုးနွယ်များ ဖြစ်ပါသည်။

    • လာဘရေဒါ
    • ဂိုးဒင်း ရီထရီဗာ
    • ခွေးပု
    • ကောကာ စပယ်နီရယ်
    • သြစတြေးလျ သိုးထိန်းခွေး တို့ဖြစ်ပါသည်။

    ကြောင်များ

    ကြောင်များသည် ကလေးများအကြိုက်ဖြစ်ပါသည်။ အမွေးဖွာသောကြောင်များကို လူတိုင်းက ချစ်ကြပါသည်။ ခွေးများနှင့် မတူဘဲကြောင်များသည် အမှီအခိုကင်းကြပြီး ဂရုတစိုက်ပြုရန် သိပ်မလိုအပ်ပါ။ ခွေးများထက်စာလျှင် ကြောင်များသည် သခင်၏ယုယမှုကို မလိုအပ်လှပါ။ သို့သော် ခွေးများကဲ့သို့ပင် တိရိစ္ဆာန်ဆေးခန်းမှန်မှန်ပြကာ ကာကွယ်ဆေးများထိုးပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ သင့်အိမ်တွင် နေရာကျယ်ကျယ်မရှိလျှင် ကြောင်များသည် ကလေးများအတွက် အဖော်ကောင်းများဖြစ်ပါသည်။ အောက်ပါတို့သည် အိမ်တွင် မွေးရအဆင်ပြေစေသော ကြောင်မျိုးနွယ်များ ဖြစ်ပါသည်။

    • အာဘီဆီယံ မျိုးနွယ်ကြောင်များသည် လူအများနှင့် မစိမ်းဘဲ ယဉ်ပါးသည်။
    • အမေရိက အမွေးတိုကြောင်များသည် ခွေးများနှင့်ပင် အကျွမ်းတဝင်ရှိကြသည်။
    • မြန်မာကြောင်များသည် အနေအထိုင်သိမ်မွေ့ပြီး ချစ်ဖို့ကောင်းကြပါသည်။
    • ဘာမင်ကြောင်များကမူ အလွန်ပင် ပျိုးထောင်ရလွယ်ကူသော ကြောင်များဖြစ်ပါသည်။

    အချုပ်ဆိုရသော် အိမ်မွေးတိရိစ္ဆာန်များနှင့် အတူကြီးပြင်းလာသော ကလေးများသည် ပျော်ရွှင်ခြင်း၊ အမှတ်တရများစွာရှိခြင်း စသည့် အကျိုးများခံစားရမည်ဖြစ်ပါသည်။ တိရိစ္ဆာန်များသည် သူတို့သခင်ကို အတိုင်းအဆမဲ့ချစ်ကြပါသည်။ သင့်ကလေးကို အိမ်မွေးတိရိစ္ဆာန် ဝယ်ပေးမည်ဆိုလျှင် တိရိစ္ဆာန်ကို မည်သို့ပြုမူဆက်ဆံရမည်ကို ကလေးအား သေချာစွာ သင်ပေးပါ။ မွေးမည့် တိရိစ္ဆာန်အမျိုးအစားကို မိသားစုနှင့် တိုင်ပင်ပြီးရွေးချယ်ပါ။ သင့်အိမ်အနေအထား၊ နေထိုင်မှုအပေါ်မူတည်ပြီး အိမ်မွေးတိရိစ္ဆာန်များကို ဝယ်မလာမီ သေချာစွာ ရွေးချယ်သင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement