backup og meta

ကလေးတွေရဲ့အစာခြေစနစ်ပြဿနာတွေ ဘယ်လိုကာကွယ်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့အစာခြေစနစ်ပြဿနာတွေ ဘယ်လိုကာကွယ်မလဲ

    မေမေရယ် ဗိုက်အောင့်တယ်လို့ မပြောတတ်သေးတဲ့ ကလေးတွေအတွက် မိဘတွေ ပိုပြီးဂရုစိုက်ပေးရပါတယ်။ အမူအရာလေးတွေ ဘာများထူးခြားနေလဲ၊ အရင်နဲ့မတူတာ ဘာများဖြစ်နေလဲ၊ အရိပ်ကြည့်အကဲခတ်နေရမှာပါ။ မဟုတ်ရင် ငိုတာတစ်မျိုးပဲတတ်တဲ့ ကလေးခမျာဘာကြောင့် ငိုနေမှန်းမသိ၊ ဘယ်လိုချော့ရမှန်းမသိနဲ့ ကုသမှုခံယူဖို့ မလိုအပ်ဘဲ အချိန်ကြာနေရင် ဘယ်ကောင်းပါ့မလဲ။

    ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာကတော့ အစာခြေစနစ်နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ မကြာခဏ ဖြစ်တတ်ပေမယ့် အစပိုင်းမှာလက္ခဏာပေါ်လိုက်ပျောက်လိုက်ဆိုတော့ မေ့မေ့လျော့လျော့ ဖြစ်သွားတတ်ပါတယ်။ ကလေးငိုရင် အလိုမကျတာရယ်၊ ဆာတာရယ်အပြင် အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်တယ်လို့ မေမေတို့သိထားသင့်ပါတယ်။

    အစာခြေစနစ် ပြဿနာရှိနေတာ ဘယ်လိုသိနိုင်မလဲ

    ကလေးမှာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေပြီဆိုရင် ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

    ပျို့တက်တယ်

    ကလေးတွေ ပြန်ပျို့တက်တာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။အစာမကြေတာ၊မအီမသာဖြစ်တာ၊အစားများတာ၊ ချောင်းဆိုးတာ၊တအားငိုထားတာ၊ အစာအဆိပ်သင့်တာအစရှိတဲ့အကြောင်းရင်းတွေကြောင့် ပျို့တတ်၊အန်တတ်ပါတယ်။ တစ်ခါတလေပျို့အန်ရင်းနဲ့ဝမ်းလည်းပျက်၊ဗိုက်အောင့်၊ကိုယ်ပူတာတွေပါ ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် –

    • ဆီးနည်းနေတာ
    • နှုတ်ခမ်းတွေခြောက်နေတာ
    • အားကုန်နွမ်းလျနေတာ
    • ကလေးကလုံးဝစိတ်မကြည်တာဆိုရင်ဆရာဝန်ပြသင့်ပါတယ်။

    ဗိုက်အောင့်တယ်

    ဗိုက်အောင့်တယ်ဆိုတာ သေချာမပြောတတ်ပေမယ့် ဗိုက်ကိုနှိပ်ပြီး မျက်နှာလေးရှုံ့မဲ့နေရင်၊ စားနေကျအစားအသောက်တွေကိုပါ ငြင်းဆန်ပြီး ငိုနေရင် သတိထားကြည့်ပါ။ဗိုက်အောင့်တဲ့ဝေဒနာကဒီအကြောင်းရင်းတွေကြောင့်လည်းအဖြစ်များပါတယ် –

    • ဝမ်းချုပ်ခြင်း
    • ဝမ်းလျှောခြင်း
    • အစာအဆိပ်သင့်ခြင်း
    • အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း
    • အစာအိမ်ရောင်ခြင်း
    • အစားများလွန်းခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။

    ဒီဝေဒနာမှာ လေပွခြင်း၊ကိုက်ခဲခြင်း၊မအီမသာဖြစ်ခြင်းတို့ပါဝင်နေပြီဆိုဒါတွေလည်းဖြစ်နိုင်ပါတယ် –

    • အစားအစာဓာတ်မတည့်ခြင်း
    • နာတာရှည်အစာခြေစနစ်ရောဂါစု(Irritable bowel syndrome)
    • အူအတက်ရောင်ခြင်း
    • အူတွင်းပိတ်ဆို့ခြင်း
    • နမိုးနီးယားရောဂါ

    ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်း

    ကလေးတွေကိုဝမ်းချုပ်စေတဲ့အကြောင်းရင်းကလည်းအများကြီးရှိပါတယ်။ အိမ်သာသွားဖို့တည်မရတာ၊ အမျှင်ဓာတ် ရေဓာတ်နည်းတဲ့ စားသောက်မှု အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေပါဝင်ပါတယ်။ ကလေးက တစ်နေ့တစ်ကြိမ်တောင် ပုံမှန်ဝမ်းမသွားဘူးဆိုရင် ဝမ်းမချုပ်စေဖို့ ဆရာဝန်အကြံပြုချက်ကိုတောင်းပါ။

    ဝမ်းပျက်နေတဲ့ကလေးတွေက အရည်တွေသွားမယ်၊ဝမ်းပျော့ပျော့တွေမကြာခဏသွားမယ်။ ဗိုက်အောင့်၊ ဗိုက်နာတာ ရှိချင်မှလည်းရှိမယ်။ ဝမ်းအရည်တွေသွားတဲ့ကလေးတွေအတွက်တော့ ရေဓာတ်ဆုံးရှုံးမှုများလွန်းတဲ့အခြေအနေ အမြန်ဖြစ်သွားနိုင်တာမို့ မြန်မြန်ကုသဖို့လိုပါတယ်။

    အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်း

    အစာအိမ်ထဲကအက်စစ်ရည်ပြန်ဆန်တက်တာ(စားချဉ့်ပြန်ရောဂါ)လို့ခေါ်တဲ့ GERDလက္ခဏာတွေက ကလေးတွေမှာလည်းအဖြစ်များပါတယ်။အစားအစာဓာတ်မတည့်မှု၊အစာပြွန်အောက်ခြေကြွက်သားမှာ ပြဿနာရှိနေခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။ကလေးကဒါမျိုးဖြစ်တတ်တယ်ဆိုရင်ငရုတ်သီး၊ချောကလက်၊အဆီများတဲ့အစားအစာတွေကိုမကျွေးပါနဲ့။

    အစားရွေးအစားကြေးများလာတယ်

    ကလေးတွေ အရင်ကလောက် အစားသိပ်မစားတော့ဘူးဆိုတာ မိဘတွေအတွက် သတင်းဆိုးတစ်ခုပါပဲ။ ဒါဟာအစာခြေစနစ်ပြဿနာရှိနေတဲ့ ခပ်ပါးပါးလက္ခဏာတစ်ခုဖြစ်နေပါသေးတယ်။ GERD ကြောင့်လည်း ကလေးတွေကအစားကြေးများလာတယ်၊ အရင်ကြိုက်နေကျစားစရာတစ်ခုခုရဲ့အနံ့၊ပုံစံတို့ကိုတောင်မကြိုက်တော့ဘူး ငြင်းဆန်လာတယ်ဆိုတာဗိုက်ထဲ နေလို့မကောင်းတာလည်းဖြစ်နိုင်လို့ပါ။

    အစာခြေစနစ်ပြဿနာတွေကိုဘယ်လိုကာကွယ်မလဲ

    (၁) အမျှင်ဓာတ်

    ဂျုံပြောင်းနှံတွေ၊အသီးအနှံတွေ၊အသီးအရွက်တွေလိုမျိုးအမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကအစာခြေစနစ်အတွက်တကယ်ကောင်းပါတယ်။ ပန်းသီး၊ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီစတာတွေကိုတနေ့တာအာဟာရထဲပါအောင်ကျွေးပါ။

    (၂) ကိုယ်လက်လှုပ်ရှားမှု

    ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေတယ်ဆိုတဲ့အပြင် ကလေးရဲ့အစာခြေစနစ်အတွက်လည်း အရမ်းကိုအရေးပါပါတယ်။ ကလေးတွေကိုထိန်းရလွယ်အောင် တီဗီရှေ့မှာအကျင့်လုပ်ထားတာ ဒါမှမဟုတ် ဖုန်းပေးပြီးဆော့ခိုင်းတာတွေကအစာခြေစနစ်လုပ်ဆောင်ချက်တွေကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ပေါ့ပေါ့ပါးပါးလှုပ်ရှားပျော်ရွှင်အောင်ထားပေးရမယ်၊ တက်ကြွလှုပ်ရှားမှုကိုအားပေးရပါမယ်။

    (၃)  ရေဓာတ်ဖြည့်ပါ

    ကလေးတွေက ချွေးထွက်တာ၊ဆီးသွားတာ၊ ခန္ဓာကိုယ်အရည်တွေ ဆုံးရှုံးရတာတွေကြောင့်အပြင် လူကြီးတွေလောက် ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် ရေလုံလောက်အောင်တိုက်ပါ။အချိုရည်တွေချည်းမတိုက်ပါနဲ့။ ရေကိုမကြာခဏတိုက်ပေးပါ။

    (၄) ပမာဏနည်းနည်းနဲ့ ခွဲကျွေးပါ

    ကလေးကို တစ်နေ့ဘယ်နှကြိမ် ကျွေးပါသလဲ။ တစ်နေ့ထမင်းနှစ်ကြိမ် ကျွေးပြီး အများကြီးတွေ မပြင်ထားပါနဲ့။ ထမင်းစားချိန်ဆိုပြီး ပုံစံခွက်ချထားတဲ့ထမင်းပန်းကန်ကြီးနဲ့ မကုန်မချင်းလိုက်ခွံ့မှာလား။ ကလေးစားနိုင်သလောက်ကို ထိုက်သင့်ရုံပမာဏနဲ့အကြိမ်ခွဲကျွေးပါ။

    (၅) အစားမလွန်ပါစေနဲ့

    မနိုင်ဝန်ထမ်းရတဲ့ အစာအိမ်လေးက ကောင်းကောင်းအစာခြေနိုင်ဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။ အများကြီးစားမိရင် ကလေးက အစာမကြေ၊ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်တွေနဲ့ အစာခြေဖျက်မှုတွေကမောက်ကမဖြစ်လာပါလိမ့်မယ်။

    (၆) အင်ဇိုင်းများများရအောင်ကျွေးပါ

    အစားအစာတွေကို ခြေဖျက်ဖို့ ခန္ဓာကိုယ်က အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဲဒီအင်ဇိုင်းတွေကို အားဖြည့်ထောက်ကူပေးဖို့ သင်္ဘောသီး၊ သရက်သီး၊ ပျားရည်နဲ့နာနတ်သီးတို့လိုအစားအစာတွေကနေသဘာဝကရတဲ့အင်ဇိုင်းတွေရရှိနိုင်ပါတယ်။

    (၇) တချို့ဟာတွေကိုရှောင်ပါ။

    စည်သွပ်ထားတဲ့ အစားအစာတွေ၊ ပြုပြင်စီမံထားတဲ့ အစားအစာတွေ၊ အချိုများတဲ့ သရေစာတွေက အာဟာရဓာတ်တွေ၊ အင်ဇိုင်းတွေပါလေ့မရှိပါဘူး။ ပြည့်ဝဆီတွေ၊အသွင်ပြောင်းဆီနဲ့ တာရှည်ခံပစ္စည်းတွေသာ ပြည့်ဝနေတတ်လို့ပုံမှန်လိုစားသုံးနေမိရင်ဝမ်းချုပ်ခြင်းနဲ့အာဟာရချို့တဲ့ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement