backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖေဖေမေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့ အစာခြေစနစ်ပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖေဖေမေမေတို့သိထားသင့်တဲ့  ကလေးတွေရဲ့ အစာခြေစနစ်ပြဿနာတွေ

အရွယ်သုံးပါးလုံးအတွက် ကျန်းမာဖို့က အရေးကြီးဆုံးဆိုရင် သဘောတူကြမယ်ထင်ပါတယ်နော်။ လူတစ်ယောက်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်က အစာခြေစနစ်ကောင်းမွန်နေဖို့ပါ။ အသက်အရွယ်ကြီးရင့်လာသူတွေအနေနဲ့ ဘယ်အစားအစာက ကိုယ်နဲ့တည့်တယ် မတည့်ဘူးဆိုတာကို ကိုယ်တိုင်ရွေးချယ်နိုင်ပေမယ့် ကလေးတွေကတော့ဖေဖေ အထူးသဖြင့်မေမေတွေက ဂရုစိုက်ပေးမှရမှာပါ။ အခုတစ်ခေါက်တော့ ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေပြဿနာလေးတွေနဲ့မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးမှာ အစာခြေစနစ်ဆိုင်ရာပြဿနာတွေမဖြစ်အောင်ဘယ်လိုကာကွယ်စောင့်ရှောက်ပေးလို့ရမလဲဆိုတာကိုပြောပြပေးပါရစေ။

ကလေးလေးတွေမှာ ဘာကြောင့် အစာခြေပြဿနာဖြစ်ရတာလဲ

ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အနေအထားတွေကတော်တော်လေးတော့များပါတယ်။ အချို့ အစာခြေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေက သိမြင်လွယ်ပါတယ်။ ကလေးကဗိုက်အောင့်နေတာ၊ ဝမ်းချုပ်နေတာမျိုးကတော့မေမေတွေအနေနဲ့ အလွယ်တကူသတိထားမိနိုင်ပါတယ်။ အချို့အစာခြေပြဿနာတွေကတော့ အလွယ်တကူသိဖို့ဆိုတာ မလွယ်ပါဘူး။

အစာချက်တဲ့လုပ်ငန်းစဉ်အတွင်း စားလိုက်တဲ့အစားအသောက်တွေထဲမှာပါလာတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ အစာခြေစနစ်က စားလိုက်သမျှအစာအစာတွေကို ချေဖျက်လိုက်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံဖြိုးသေးတာကြောင့် အစားအသောက်တိုင်းကို ချေဖျက်ဖို့ကမလွယ်ပါဘူး။ ဒါကြောင့် ကလေးတွေမှာ အစာခြေစနစ်ပြဿနာက လူကြီးတွေထက် ပိုဖြစ်လွယ်ပါတယ်။ ကလေးတွေမှာ အစာခြေစနစ်ပြဿနာ အများဆုံးဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေနဲ့ အစာခြေစနစ်က မကျန်းမာတာကြောင့်ပါ။

ကလေးတွေမှာ အစာခြေစနစ်ပြဿနာဖြစ်စေတဲ့အကြောင်းအရင်းများ

ကလးတွေမှာ အစာခြေစနစ်ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းတွေကို နည်းနည်းလောက်ပြောပြပေးပါရစေ။

  • ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေကျွေးတာ
  • ပြည့်အင့်နေအောင်ကျွေးတာ
  • ယင်နားစာတွေကျွေးမိတာ
  • လက်လုပ်ချဉ်တွေကျွေးမိတာ
  • ကလေးတွေကို သီးသန့်စားသောက်ဖို့ မစီစဉ်ပေးဘဲ လူကြီးတွေစားတဲ့အတိုင်းကျွေးတာ
  • အဆီများတဲ့အစာအသောက်တွေကျွေးတာ
  • အစာကြေခဲတာတွေစားစေမိတာတွေပါ။

ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေပြဿနာတွေက

ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကတော့ –

(၁) စားချဉ့်ပြန်ရောဂါ

စားချဉ့်ပြန်ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတစ်ခုပါ။ ကလေးအများစုမှာတော့ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကနှေးပါတယ်။ ကလေးလေးတွေရဲ့ အစာရေမျိုက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမျိုကနေ အလွယ်တကူပြန်ဆန်တက်လာပါတော့တယ်။ ကလေးကနို့စို့အရွယ်ဖြစ်နေရင်တောင်မှ စားချဉ့်ပြန်ရောဂါဖြစ်လာပါတော့တယ်။

ဘယ်လိုကာကွယ်မလဲ

ကလေးတွေမှာ စားချဉ့်ပြန်တာမျိုး မဖြစ်ရလေအောင် –

  • ကလေးကို အစားအစာတစ်ခုခုကျွေးပြီးတဲ့အခါတိုင်းမှာ လေထုတ်ပေးပါ၊
  • ကလေးကိုအစားအသောက်ကျွေးနေတဲ့အခါ မတ်မတ်ထိုင်ခိုင်းတာမျိုးလုပ်ပါ၊
  • ကလေးကို အစာစားပြီးတာနဲ့ သိပ်တာမျိုးမလုပ်ပါနဲ့၊ ကလေးကို အစားစားပြီး အနည်းဆုံး ၁ နာရီကြာမှသိပ်ပါ၊
  • ကလေးကို နို့မှုန့်တွေ၊ နို့တွေချည်းပဲမတိုက်ဘဲ အစားစစားနိုင်ချိန်မှာ နို့မှုန့်ကို ဆန်နဲ့လုပ်ထားတဲ့အာဟာရမှုန့်လေးနဲ့ရောပြီးကျွေးပေးပါ။
  • လိုအပ်ရင် ဆရာဝန်နဲ့ပြသကြည့်ပါ။

(၂) အော့အန်ခြင်း

အော့အန်ရတာက ကလေးလေးတွေမပြောနဲ့ လူကြီးတွေအတွက် တောင်တော်တော်လေးခံရခက်ပါတယ်။ ကလေးတွေမှာ ရောဂါပိုးတစ်ခုခုကူးစက်ခံရတာကြောင့် အန်တာက အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ချက်တစ်ခုပါ။ ကလေးတွေကို ကျွေးတဲ့အစားအစာတွေ၊ ကလေးကိုကျွေးမွေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကသန့်ရှင်းမှုအားနည်းတာကြောင့် ရောဂါပိုးတွေကပ်ညှိနေတာကနေတဆင့် ကလေးရဲ့ ဝမ်းထဲရောက်ပြီးအော့အန်တာတွေဖြစ်လာရပါတယ်။

ဘယ်လိုကာကွယ်မလဲ

  • ကလေးကို ရေဓာတ်ဆုံးရှုံးတာမျိုး မဖြစ်အောင် မကြာခဏရေတိုက်ပေးပါ၊
  • ကလေးကို နို့မှုန့်ဖျော်တိုက်တာမျိုးဖြစ်ဖြစ် မိခင်နို့တိုက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေဖြစ်ဖို့လိုပါတယ်၊
  • ကလေးကို ၁၅ မိနစ်ခြားတစ်ခါ အစားကျွေးပေးပါ။

(၃) ဝမ်းလျှောခြင်း

ကလေးတွေမှာ ဝမ်းလျှောတာဖြစ်ရတာအများစုက Rotavirusကြောင့်ပါ။ အစားအသောက်တွေ မသန့်ရှင်းတာနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းလျှောနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကလေးက ဝမ်းလျှောနေတယ်ဆိုရင် –

  • ကလေးကို သန့်ရှင်းတဲ့အစားအစာတွေပဲကျွေးပါ၊
  • ရေကိုကျိုချက်တိုက်ပါ၊
  • ကလေးကိုကျွေးမိတဲ့အစားအစာတွေကို ဆန်းစစ်ပါ၊
  • ကလေးကို ခန္ဓာကိုယ်ထဲက ရေဓာတ်မကုန်ဆုံးစေဖို့အတွက် ရေများများတိုက်ပါ၊
  • အာဟာရပြည့်ဝနေအောင် ကျွေးမွေးပေးပါ၊
  • လိုအပ်ရင် ဆရာဝန်နဲ့ပြသဖို့လုပ်ပါ။

(၄) ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာက ကလေးတွေမှာ အဖြစ်များတဲ့နောက်ထပ်ရောဂါတစ်ခုပါ။ ကလေးတွေက နို့စို့တဲ့အရွယ်ကနေ အစားစစားတဲ့အရွယ်မှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။ ကလေးမှာ လိုအပ်တဲ့ရေဓာတ်မပြည့်ဝတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

နေ့စဉ်စားသုံးနေတဲ့ စားသောက်မှုပုံစံကိုပြောင်းလဲပေးတာက ဝမ်းချုပ်တာကိုတော်တော်လေးသက်သာစေနိုင်ပါတယ်။ ဒါ့အပြင်

  • ကလေးစားသုံးမယ့် အစားအစာတွေထဲမှာ ရေဓာတ်ပါဝင်မှုများအောင် လုပ်ဆောင်ပေးတာ၊
  • အစာမာတွေ အများကြီးမကျွေးတာ၊
  • အစာကြေလွယ်စေမယ့် ဆေးတစ်ခုခုကို တိုက်ကျွေးပေးမယ်ဆိုရင်လည်းရပါတယ်၊
  • ဇီးသီးဖျော်ရည်၊ လိမ္မော်သီးဖျော်ရည်လိုမျိုးဖျော်ရည်လေးတွေလည်း တိုက်ပေးလို့ရပါတယ်။

(၅) ဗိုက်နာတာ

ရင်ညွှန့်အောက်ပိုင်း ဝမ်းဗိုက်ပိုင်းနေရာကနေ နာကျင်တာပါ။ ကလေးကဗိုက်နာတဲ့အခါ မအီမသာဖြစ်လာတာတွေ၊ ငိုတာတွေရှိလာနိုင်ပါတယ်။ ဝမ်းချုပ်တာ၊လေထနေတာ၊ အူရောင်တာနဲ့ irritable bowel syndrome တို့ကြောင့် ဗိုက်နာတာဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကလေးမှာ ဗိုက်နာတာမျိုးမဖြစ်အောင် –

  • ကလေးကနို့တိုက်အရွယ်ဖြစ်မယ်ဆိုရင် မိခင်အနေနဲ့ ကလေးဗိုက်နာစေနိုင်မယ့် အစားအစာတွေကိုရှောင်ရပါမယ်၊
  • ကလေးကို အစားအသောက်ကျွေးတဲ့အခါ အစာကြေဖို့ခက်တာတွေကို မကျွေးသင့်ပါဘူး၊
  • လေပွစေနိုင်တဲ့အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ၊
  • အစားစားပြီးတိုင်း ကလေးကိုလေထုတ်ပေးပါ။
  • ကလေးက မကြာခဏဗိုက်နာတာမျိုးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်။

ခန္ဓာကိုယ်ကျန်းမာဖို့မရှိမဖြစ်လိုအပ်တဲ့ အစာခြေစနစ်ကျန်းမာစေဖို့အတွက်ဆိုရင် ကလေးရဲ့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ prebiotic ပါတဲ့ အစားအသောက်တွေကျွေးမွေးပေးဖို့လိုပါတယ်။ ကလေးလေးတွေရဲ့ ဝမ်းဗိုက်လေးတွေကျန်းမာနေမှ ကလေးက ကျန်းမာသန်စွမ်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement