backup og meta

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

    လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား ။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။

    လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ်

    လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လို့ ဒီအချက်တွေကြောင့် ပြောရတာပါ။

    နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်နည်းမယ်။

    ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဟာ တစ်နာရီမှာ (၄)မိုင်ကနေ (၆)မိုင်ထိ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသူတစ်ယောက်နဲ့ ညီမျှပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ မျိုး၊ လေဖြတ်တာမျိုးတွေဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ လိင်ဆက်ဆံနေစဉ် လှုပ်လှုပ်ရှားရှား ရှိနေမယ့်အတွက် နှလုံးခုန်နှုန်း မြင့်တက်နေမှာပါ။ ဒါဟာနှလုံး ကျန်းမာရေးအတွက် အထူးကောင်း မွန်ပြီး သက်လုံလည်း ကောင်းစေပါတယ်။

    ဒါ့အပြင် ကျားဟော်မုန်း (testosterone)နဲ့ မဟော်မုန်း (estrogen)ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

    နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။

    သင့်ရဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူ (သို့) ပါတနာဟာ သင့်ကို ချစ်ခင်ကြင်နာမှုတွေပေးတဲ့အခါ သင့် အနေနဲ့ အတိုင်းမသိ ကြည်နူးပျော်ရွှင်လာမှာပါ။ သူရဲ့ဓါတ်ပုံလေးကို မြင်နေရရင်တောင် သင့်အနေနဲ့ ပျော်ရွှင်နေမှာပါ။ ဒီလိုပါပဲ သင်ချစ်ခင်ရသူ တစ်ယောက်နဲ့ လိင်ဆက်ဆံခြင်းကြောင့် နာကျင်မှုကို လျော့နည်းစေ သက်သာစေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာလာချိန်မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒီလိုနာကျင်နေချိန်မှာ လိင်ဆက်ဆံမှုတစ်ခုပြီးမြောက်ခြင်းကို ခံစားရပါက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ (A good orgasm)။ လိင်ဆက်ဆံမှုပြီးမြောက်ခြင်းဟာ ကာလ ကြာရှည်ခံစားနေရတဲ့ ခါးနာရောဂါ၊ ကြွက်သားနာကျင်မှုရောဂါတွေကိုတောင် လျော့ပါးစေတယ်လို့ ဆိုထားပါတယ်။

    လိင်ဆက်ဆံခြင်းကြောင့် စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။

    လိင်ဆက်ဆံမှုကို ပြုလုပ်တဲ့ အခါ ဦးနှောက်အစိတ်အပိုင်းတစ်ခုကနေ သာယာမှုကိုခံစားရပါတယ်။ လိင်ဆက်ဆံမှုတစ်ခုကို အဆုံးထိ ပြီးမြောက်စရာတောင် မလိုပါဘူး။ ရာဂနှိုးဆွခြင်းတစ်ခုခုဖြစ်တဲ့ (Sexual arousal)ရှေ့ပြေး လုပ်ငန်း (Foreplay)လိုမျိုး ပြုလုပ်ပေးခြင်းကတောင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားမှန်သမျှကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျော့နည်းသက်သာစေပါတယ်။ ဖိုမဆက်ဆံခြင်းတစ်ခုပြီးမြောက်တဲ့ အခါ လူတစ်ယောက်ဟာ မိမိကိုယ်ကို ပိုမိုလေးစားလာပြီး မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာကာ တက်ကြွလန်းဆန်းနေမှာပါ။

    ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

    ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်း တစ်ခုကို ပြီးမြောက်စေနိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဆီးကျိတ်ကင်ဆာဖြစ်ဖို့ရန် ရာခိုင်နှုန်းနည်းပါးပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်း (masturbation)ပင်လျှင် ဆီးကျိတ်ကင်ဆာ(Prostate cancer)ဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

    အိပ်စက်ခြင်းစက်ဝန်းအတွက် အကျိုးရှိပါတယ်။

    လိင်ဆက်ဆံခြင်းဟာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အကြောင်းအရင်း တိတိကျကျ တော့မရှိသေးပါဘူး။ ဒါပေမဲ့ ကာမ ဆက်ဆံပြီးစ စုံတွဲတွေဟာ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိပြီး လွယ်လွယ်ကူကူနှစ်ခြိုက်စွာ အိပ် ပျော်နိုင်တာကတော့ အမှန်ပါပဲ။ နိုးထလာတဲ့အခါမျိုးမှာလည်း လန်းဆန်းတက်ကြွနေပြီး နေ့သစ်ကို ရင်ဆိုင်ဖို့ခွန်အား အပြည့်ရှိနေတတ်ကြပါတယ်။ လိင်ဆက်ဆံတဲ့အခါ ‘prolactin’ ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။ ‘prolactin’ ဟာ အိပ်စက်ခြင်း အပေါ်မှာ များစွာအကျိုးသက်ရောက်နိုင်ပါတယ်။

    စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

    ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့ မင်းသမီးဟာ လိင်ဆက်ဆံမှု တစ်ခုအပြီးမှာ ပြုံးရွှင်ရယ်မောနေကြတာကို တွေ့မြင်ဖူးကြမှာပါ။ ကိုယ်ချစ်ရတဲ့သူနဲ့ ချစ်တင်းနှောရတဲ့အခါ စိတ်အစဉ်ဟာ ကြည်လင်ပျော်ရွှင်နေမှာပါ။

    အသားအရေ ကြည်လင်စေနိုင်ပါတယ်။

    ဒါဟာယုံချင်စရာတော့မကောင်းပါဘူး။ ဒါပေမယ့် အမှန်ပါပဲ။ ချစ်တင်းနှောပြီးကာစလူတွေဟာ ပိုမိုကြည့်ကောင်းနေတတ်ကြပြီး ပိုမိုနုပျိုနေတတ်ကြ ပါတယ်။ ကာမဆက်ဆံနေစဉ်အတွင်းမှာ သွေးလည်ပတ်မှုဟာ ကောင်းမွန်နေပြီး အရေပြားအပေါ်ကို အကျိုးသက်ရောက်နိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး အသားအရေ ကြည်လင်တောက်ပစေမှာပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement