backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိမိကလေးလေးက Down Syndrome အနေနဲ့မွေးလာခဲ့ရင်ဘယ်လို ပြုစုပျိုးထောင်ပေးကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိမိကလေးလေးက Down Syndrome အနေနဲ့မွေးလာခဲ့ရင်ဘယ်လို ပြုစုပျိုးထောင်ပေးကြမလဲ။

Down Syndrome ဆိုတာ ဗီဇလက္ခဏာတွေကို သယ်ဆောင်ပေးတဲ့ chromosome လေးတစ်ခုမှာ ပုံမမှန်မဟုတ်ပဲ တစ်ခုအပိုပါလာတဲ့  မွေးရာပါရောဂါတစ်ခု ဖြစ်ပါတယ်။ Down Syndrome အနေနဲ့ မွေးလာတဲ့ ကလေးလေးတွေ ဟာ ပုံမှန်ကလေးလေးတွေထက် ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းပြီး အခြားရောဂါတွေလည်း ဖြစ်နိုင်ချေပိုများတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အဲလိုကလေးလေးတွေရဲ့ မိဘတွေ အနေနဲ့ ပုံမှန်မိဘတွေထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Down Syndrome ကလေးတစ်ယောက်ရဲ့ မိဘတွေ အနေနဲ့ ကလေးလေးကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ မိမိကလေးလေးက Down Syndrome အဖြစ်နဲ့ မွေးလာတဲ့ အခါမှာ မိဘတိုင်းက စိတ်ဓာတ်ကျ၊ ဝမ်းနည်းမိကျမှာပါ။ ဒါပေမယ့် မိဘတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးလေးကို အကောင်းဆုံးပျိုးထောင်ကြရမှာ ဖြစ်တဲ့ အတွက် အားတင်းပြီး ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံးအနေနဲ့ အကြံပေးချင်တာကတော့ မိမိကိုယ်ကို အရင်ဆုံး နှစ်သိမ့်အားပေးပြီး ပြင်ဆင်ထားဖို့ပါ။

() စိတ်ခွန်အားဖြစ်အောင် နေပါ။

မိမိကို စိတ်ခွန်အားတွေ၊ ပျော်ရွှင်မှုတွေပေးနိုင်မယ့် သူတွေ (ဥပမာ- မိသားစုဝင်များ၊ သူငယ်ချင်းများ ) နဲ့ ရင်ဖွင့်ဆွေးနွေးပြီး စိတ်ဖိစီးမှုတွေ လျှော့ချဖို့ အချိန်ပေးပါ။  အခြား Down Syndrome ကလေးမိခင်တွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တောင်းတာမျိုးတွေ၊ စိတ်ခွန်အားပေးနိုင်တဲ့ စာအုပ်ဖတ်တာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

() ကျန်းမာရေးကို ဂရုစိုက်ပါ။

မိခင်တစ်ယောက်အနေနဲ့ ကလေးလေးအတွက် အချိန်အများကြီးပေးပြီး သေချာစောင့်ရှောက်ရတာ မှန်ပေမယ့် မိမိကျန်းမာရေးကို လည်း ပစ်မထားသင့်ပါဘူး။ ပုံမှန်အိပ်၊ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်၊ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာလေးတွေ စားပြီး ကိုယ့်ကျန်းမာရေးကိုကိုယ် ဂရုစိုက်ပေးပါ။

နောက်တစ်ချက်ကတော့ ကလေးလေးကို ဘယ်လို ဂရုစိုက်ကြမလဲဆိုတာလေး ဆက်ပြီးပြောပြပေးချင်ပါတယ်။

() မိမိရဲ့ကလေးလေးကို ပုံမှန်အခြားကလေးလေးတွေလိုပဲ သင်ကြားပေးပါ။

ကလေးလေးကို ကစားပေးတာ၊ စာဖတ်ပြတာ၊ ပုံလေးတွေပြပေးပြီး ပုံမှန်ကလေးတွေအတိုင်း သင်ကြားပေးနိုင်ပါတယ်။ Down Syndromeကလေးလေးတွေအတွက် သီးသန့်သင်ကြားပေးတဲ့ လေ့ကျင့်ပေးတဲ့ကျောင်းတွေကို ပို့တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ မိဘတွေအတွက် အရေးကြီးဆုံးတစ်ချက်က စိတ်ရှည်ရှည်နဲ့ မိမိကလေးလေးကို အခြားကလေးလေးတွေလိုပဲ အခွင့်အရေးပေးဖို့ပါပဲ။

() ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပါ။

ဒီလို မိဘတွေအနေနဲ့ ဆရာဝန်၊ ကျွမ်းကျင်သူတွေနဲ့ မကြာခဏ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။ Down Syndromeကလေးလေးတွေဟာ ပုံမှန်ကလေးလေးတွေထက်ပိုပြီး နှလုံးချို့ယွင်းချက်တွေ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းတာတွေ၊ သွေးရောဂါနဲ့ အခြားကျန်းမာရေးဆိုင်ရာ ပြသနာတွေ အများကြီး ပိုဖြစ်နိုင်တဲ့အတွက် ကလေးလေးရဲ့ ကျန်းမာရေးအတွက်ပိုပြီး စစ်ဆေးဂရုစိုက်ပေးဖို့ အကြံပေးချင်ပါတယ်။ အဲလို Down ကလေးလေးတွေဟာ ပုံမှန်လောက် သက်တမ်းမရှည်ကြပေမယ့် သာမာန်လူတွေလိုပဲ အကြာကြီးနေသွားနိုင်တဲ့ သူတွေလည်း အများကြီးရှိတဲ့အတွက် မှန်ကန်တဲ့ ဂရုစိုက်မှုလေးတွေ ပေးကြဖို့ အကြံပေးချင်ပါတယ်။

() နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကိုလည်း သင်ပေးပါ။

နေ့စဉ်လုပ်ဆောင်ရမယ့် သွားတိုက်၊ မျက်နှာသစ်၊ အဝတ်လဲ စတဲ့ အလုပ်လေးတွေကို သေသေချာချာနားလည်အောင် ပုံလေးပြပြီး သင်တာဖြစ်ဖြစ်၊ သီချင်းဆိုပြတာလေးတွေဖြစ်ဖြစ် လုပ်ပြရင်း သင်ပေးပြီး ကလေးလုပ်နိုင်တဲ့ အသက်အရွယ် အပေါ်မူတည်ပြီး ကလေးလေးကို ကိုယ်တိုင် လုပ်ဆောင်ခွင့်ပေးသင့်ပါတယ်။

() ကလေးလေးကို အားပေးပါ။

ဒါကတော့ Down Syndromeကလေးလေးတွေမှ မဟုတ်ပါဘူး။ အခြားပုံမှန် ကလေးလေးတွေ အတွက်လည်း အသုံးဝင်ပါတယ်။ ကလေးလေးတွေ တစ်ခုခု လုပ်တာမှားသွားတဲ့အခါ မှားနေပြီဆိုပြီး အပြစ်ပြောတဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ ပြန်လုပ်ကြည့်ပါဦး၊ လုပ်နိုင်ပါတယ်၊ စတဲ့စကားလုံးလေးတွေနဲ့ အားပေးဖို့ အရေးကြီးပါတယ်။ လုပ်နိုင်သွားတဲ့အခါ တော်လိုက်တာ ဆိုပြီး ချီးကျူးပေးတာကလည်း ကလေးလေးကို ပိုပြီး သင်ယူချင်စိတ်များလာစေနိုင်ပြီး ယုံကြည်မှုပိုရှိလာစေမှာပါ။

() အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး တွန်းအားမပေးပါနဲ့။

ဒီအချက်က အရေးကြီးပါတယ်။ တချို့မိခင်တွေက ကလေးလေးကို ဖြစ်စေချင်တာများပြီး အတင်းဖိအားပေးတတ်ပါတယ်။ Down Syndrome ကလေးလေးတွေဟာ သာမာန်ကလေးတွေလောက် ဉာဏ်ရည် မဖွံ့ဖြိုးတဲ့အတွက် ဖြည်းဖြည်းချင်းသင်ပေးတာမျိုးနဲ့ မိမိကလေးအခြေအနေအရ ဘာတွေလိုအပ်တယ်၊ ဘာတွေလုပ်သင့်တယ် ဆိုတာကို မကြာခဏ ဆရာဝန်နဲ့ တိုင်ပင်ပြီးလုပ်ဆောင်သင့်ပါတယ်။

မိမိကလေးလေး Down Syndromeလေးဖြစ်နေတယ်ဆိုပြီး စိတ်ပျက်အားငယ် အပြစ်တင်မနေဘဲ ဒီဆောင်းပါးလေးဖတ်ပြီး မိမိကလေးလေးအတွက် ကောင်းမွန်တဲ့ဘဝလေးဖြစ်လာအောင် တတ်နိုင်သမျှ ပြုစုပျိုးထောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ- Khine Phoo Ngon

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement