နို့တိုက်မိခင်များ စားသင့်သည့်အစားအစာနှင့် မစားသင့်သည့် အစားအစာများ

    နို့တိုက်မိခင်များ စားသင့်သည့်အစားအစာနှင့် မစားသင့်သည့် အစားအစာများ

    မွေးကာစကလေးတွေအတွက် မိခင်နို့ရည်ဟာ အာဟာရဓါတ်အပြည့်ဆုံးရင်းမြစ်ဖြစ်တယ်လို့ မြင်တတ်ကြပါတယ်။ မိခင်နို့ရည်အားလုံးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးချင်းမတူကြဘူးဆိုတာရော သင်သိပါသလား။ မိခင်အများစုက နို့ရည်ရဲ့အရည်အသွေးဟာ သူတို့ရဲ့စားသောက်ပုံပေါ်မူတည်နေတယ်ဆိုတာ သိကြရတဲ့အခါမှာ အံ့သြလေ့ရှိပါတယ်။ သူတို့ဟာကလေးတွေကို နို့ချိုတိုက်ကျွေးနေရတာမို့ ကလေးငယ်ဟာ တကယ်တမ်းဖွံ့ဖြိုးလာနိုင်ဖို့အတွက် ဘယ်အစားအစာကိုစားရမလဲ ဘယ်အစားအစာကို ရှောင်သင့်တယ်ဆိုတာကို သိထားသင့်ပါတယ်။

    နို့ထွက်နှုန်းနဲ့ နို့ရဲ့အရည်အသွေးကို တိုးမြင့်လာစေနိုင်တဲ့ ထိပ်တန်းအစားအစာ ၅မျိုး

    ၁။ ဆယ်လ်မွန်- ပြောဖို့မလိုလောက်အောင်ပါပဲ။ ယနေ့ခေတ်မှာ ဆယ်လ်မွန်ဟာ လူကြိုက်အများဆုံးထူးရှယ်အစားအစာတွေထဲမှာပါဝင် နေပါတယ်။ သူ့မှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်သော အဆီဓါတ် တွေပါဝင်တာအပြင်ကို သူ့ရဲ့အရသာရှိမှုကြောင့်လည်း ဒီလိုထူးရှယ်အစားအစာဖြစ်နေရတာပါ။

    ၂။ အုတ်ဂျုံ- သွေးတွင်းသကြားဓါတ် နဲ့ ကိုလက်စထရောကို သိသာစွာလျော့နည်းစေတဲ့အမျှင်တွေ၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ ပရိုတိန်းတွေရဲ့ တကယ့်ရင်းမြစ်ကောင်းတစ်ခုပါ။ မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်သောဆီးချိုကို ကာကွယ်နိုင်ဖို့ အုတ်ဂျုံကိုပုံမှန်စားသုံးဖို့ တိုက်တွန်းခံကြရပါတယ်။

    ၃။ ကြက်သွန်ဖြူ-ကြက်သွန်ဖြူစားလေ့ရှိတဲ့မိခင်တွေရဲ့ကလေးတွေဟာ အခြားသောကလေးတွေထက် နို့သောက်နှုန်းပိုများပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ မိခင်နို့ရဲ့အရသာ အပြောင်းအလဲကြောင့်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်လို့သင်က ကြက်သွန်ဖြူရဲ့အရသာကိုမကြိုက်ဘူးဆိုရင် နောက်တစ်ကြိမ်မှာ ကြက်သွန်ဖြူဆေး (garlic pill) ကိုသောက်ကြည့်ပါ။ သူကလည်း တူညီတဲ့ရလဒ်ကိုရစေပါတယ်။

    ၄။ Methi (Fenugreek အစေ့နဲ့ အရွက်များ)။ methi ကိုအသုံးပြုလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သူ့ကို အညှောင့်ဖောက်လို့ရနိုင်ပါတယ်။ အခြားသောဟင်းတွေမှာ အရသာစပ်ဖို့လည်းအသုံးပြုနိုင်သလို လက်ဖက်ရည်အဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။ ဒီအစေ့မှာ အိုမီဂါ (၃) ကြွယ်ဝစွာပါဝင်ပြီး အရွက်တွေမှာတော့ betacarotene ၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဘီ ပမာဏများပြားစွာပါဝင်ပါတယ်။ တကယ်လု့ိ သင့်မှာ ပဲပုပ်၊ မြေပဲ စတာတွေနဲ့ ဓါတ်မတည့်တာမျိုးရှိရင် methi နဲ့လည်း ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။

    ၅။ ဟင်းသီးဟင်းရွက်များ – ဟင်းသီးဟင်းရွက်တွေဟာ အစာကြေလွယ်ပြီး glycemic index(သွေးတွင်း သကြားဓါတ်မြင့်တက်စေနိုင်သောစနစ်) နည်းပါးပြီး အာဟာရဓါတ်မြင့်မားစွာပါဝင်ပါတယ်။ ဒါကြောင့်ပဲ ဟင်းသီးဟင်းရွက်တွေဟာ လူတွေအတွက် အစားထိုးမရတဲ့အရာ တွေဖြစ်နေတာပေါ့။ မိခင်တွေဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေရော အခွံပါဟင်းသီးဟင်းရွက်တွေကိုပါ နေ့စဉ် စားသုံးသင့်ပါတယ်။ မိခင်စားသုံးတဲ့အစားအစာတွေထဲမှာ ကလေးအတွက်လိုအပ်တဲ့ ဓါတ်တွေအပြည့်အဝပါဝင်နေဖို့ကလည်း အရေးကြီးလှပါတယ်။

    နို့တိုက်ကျွေးခြင်းအတွက် အဆိုးဆုံးစားစရာ ၅မျိုး

    ၁။ ကဖိန်းဓါတ်မြင့်မားစွာပါဝင်တဲ့စားစရာများ– ဥပမာ- ကော်ဖီ၊ ချောကလက်၊ အသင့်ဖျော်လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်များ။ သင်စားသုံးလိုက်တဲ့ ကဖိန်းဓါတ်ရဲ့ အချို့သောပမာဏဟာ သင်တိုက်ကျွေးနေတဲ့ နို့ရည်အဖြစ်ပြောင်းလဲသွားပြီး ကလေးတွေကို အန္တရာယ်အခြေအနေကိုရောက်ရှိစေနိုင်ပြီး သူတို့ရဲ့ အိပ်စက်ခြင်းကို သက်ရောက်စေနိုင်ပါတယ်။

    ၂။ အယ်လ်ကိုဟောပါဝင်သော စားစရာများ – သင်ကတကယ့်ကို အရက်သောက်ချင်နေခဲ့ရင် ကလေးကိုနို့ချိုတိုက်ကျွေးတဲ့အချိန်မှာ အရက်ဓါတ်တွေပါမသွားဖို့ နို့တိုက်ချိန်နဲ့ အနည်းဆုံး ၂နာရီခန့်ခွာပြီးသောက်ပါလို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ ဒီလိုကလေးကို နို့တိုက်ကျွေးချိန်မှာ အယ်လ်ကိုဟောဓါတ်ပါသွားရင် ကလေးရဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်လို့ပါ။ နို့ထွက်နည်းသွားရခြင်းရဲ့ အဓိက တရားခံတွေထဲမှာ အရက်ကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လု့ိ ယုံကြည်ကြပါတယ်။

    ၃။ အစပ်များ – ငရုတ်ကောင်း၊ ငရုတ်ပွ၊ သစ်ကြံပိုး တို့လိုမျိုး အပူအစပ်တွေဟာ အပူဒဏ်မခံနိုင်တဲ့ ကလေးတွေအတွက်တော့ အနာတွေနဲ့ အရည်ပြားအဖုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အချို့သောကလေးတွေကတော့ ဒါမျိုးအလွယ်တကူဖြစ်လေ့မရှိပါဘူး။

    ၄။ နို့ထွက်ပစ္စည်းများ – ကလေးအတော်များများဟာ နွားနို့မှာပါတဲ့ ပရိုတိန်းနဲ့ ဓါတ်မတည့်တာမျိုးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်ကနို့ထွက်ပစ္စည်းတွေထဲက ဘယ်တစ်မျိုးကိုပဲဖြစ်ဖြစ် သုံးဆောင်မယ်ဆိုရင် (ဥပမာ- ချိစ်၊ နွားနို့၊ ဒိန်ချဉ် သို့မဟုတ် ရေခဲမုန့်) ဒါတွေက ကလေးငယ်တွေရဲ့ အစာခြေစနစ်ကိုရောက်သွားနိုင်ပြီး နှင်းခူ၊ ဝမ်းလျှောဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စသဖြင့်အပျော့စားဓါတ်မတည့်ခြင်းကနေ ပြင်းထန်တဲ့ အခြေအနေတွေထိဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို အခြားသော ဓါတ်မတည့်နိုင်ဖွယ်များတဲ့ စားစရာတွေဖြစ်တဲ့ ဂျုံ။ ကြက်ဥ၊ မြေပဲ သို့မဟုတ် အခွံမာရေသတ္တဝါ(ပုစွန်၊ဂဏန်း၊ပြည်ကြီးငါးစသဖြင့်) စတာတွေကလည်း ဖြစ်စေနိုင်ပါတယ်။

    ၅။ ရှောက် အမျိုးအစား သစ်သီးဝလံများ (Citrus fruits)– ကလေးရဲ့အူလမ်းကြောင်းဟာ အထိမခံနိုင်သေးဘဲ အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အက်ဆစ်ဓါတ်မြင့်မားစွာပါဝင်တဲ့စားစရာတွေ ဥပမာ- လိမ္မော်သီး၊သံပုရာသီးနဲ့ နာနတ်သီးကဲ့သို့သောအသီးတွေဟာ ကလေးငယ်ကို အနာတွေဖြစ်စေနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ဗီတာမင် C ကလည်း မရှိမဖြစ်လိုအပ်တာကြောင့် ဒီလို Citrus fruits တွေအစား ချိုတဲ့အသီးတွေဖြစ်တဲ့ သင်္ဘောသီး သို့မဟုတ် သရက်သီးတို့လို အသီးမျိုးကို အစားထိုးစားသုံးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    How to increase breastmilk supply http://www.babycenter.in/a1049926/how-to- increase-breastmilk-supply Accessed December 19, 2016.
    Are there any foods to avoid while breastfeeding? http://www.babycenter.com/404_are-there- any-foods-to- avoid-while- breastfeeding_8906.bc

     

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 03/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။