backup og meta

40 ပတ်သားကလေး

40 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ခုဆိုရင်ကလေးငယ်လေးတွေရဲ့ ပင်ကိုစရိုက်ပုံစံလေးတွေ ပေါ်လာပါပြီ။ တွေ့သမျှလူတိုင်းကို အားရပါးရပြုံးပြတတ်တဲ့ လူမှုဆက်ဆံရေးကောင်းသူဖြစ်ရင်ဖြစ်မယ်။ ရှက်တတ်ပြီး သူတို့ကိုကောင်းသောဦးတည်ချက်နဲ့ တစ်ယောက်ယောက်က ချဉ်းကပ်လာတာဆိုရင်တောင် မျက်နှာလေးကိုဖွက်ပြီး ပုန်းနေတတ်သူလေးတွေဖြစ်ရင်ဖြစ်မယ်။ တခြားလူတွေကို လက်ခံမဆက်ဆံမီ အခြေအနေတွေကို သေချာသုံးသပ်တတ်သူလေးတွေဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူတို့စိတ်အခြေအနေဟာ ချက်ခြင်းဆိုသလို အလျင်အမြန်ပြောင်းရင်ပြောင်းသွားတတ်ပါတယ်။

သင်အပြင်ထွက်ဖို့ပြင်နေတာမြင်ရင် တာ့တာလှမ်းပြတာမျိုး သင့်အာရုံကိုရဖို့ ခြေဟန်လက်ဟန်တွေနဲ့လည်း ဖမ်းယူပါလိမ့်မယ်။

ဒီကိုးလပြည့်ပြီး နောက်ဆုံးရက်သတ္တပတ်မှာဆိုရင် သင့်ကလေးလေးဟာ-

• ဘောလုံးကစားတတ်နေပါပြီ (သင်လှိမ့်ပေးလိုက်တဲ့ ဘောလုံးလေးကိုသင့်ဆီပြန်လှိမ့်ပေးတာမျိုး)

• အကူအညီမလိုဘဲ ခွက်နဲ့သောက်တတ်နေပါပြီ

• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)

• အတန်ကြာကြာတစ်ယောက်ထဲ ကောင်းကောင်းမတ်တပ်ရပ်နိုင်လာပါပြီ။

• ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ။

• မေမေ ဖေဖေ အပြင် အခြားစာလုံးတွေ စပြောလာပြီ။

• လက်ဟန်ခြေဟန်နဲ့ စေခိုင်းတာတွေကို ပြန်တုံ့ပြန်တတ်လာပါပြီ (ဥပမာ- လက်ကိုဖြန့်ပြီး အဲ့ဒါအမေ့ကိုပေး လို့ခိုင်းတာမျိုးပေါ့)

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ဒီလိုကစားနည်းလေးတွေဆော့ပေးပါ-

• တူတူပုန်းခြင်း

• လက်ခုပ်တီးခြင်း

• သီချင်းဆိုပြီး ကခုန်ခြင်း

• မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စသည်ဖြင့် ဆော့ရင်းသင်ပေးခြင်း

• အခြားကစားနည်းတချို့….

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

စစ်ဆေးစမ်းသပ်မှုပုံစံတွေ၊ အမျိုးအစားအရေအတွက်ဟာ ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးဆွေးနွေးနိုင်တာတွေကတော့….

• နောက်လမှာ ကလေးငယ်ရဲ့စားခြင်း၊ အိပ်ခြင်း၊ ဖွံ့ဖြိုးလာမှု လုံခြုံမှုတွေနဲ့ပတ်သတ်ပြီး သိသင့်သည်များကိုညွှန်ပြခြင်း၊ မျှော်လင့်ထားသင့်သည်များကိုပြောပြခြင်း

• တကယ်လို့ဆရာဝန်ကပြောဖို့မေ့နေတယ်ဆိုရင် ဒီမေးခွန်းတွေမေးနိုင်ပါတယ်- ကလေးကို ဘယ်လိုစားစရာအသစ်တွေ ထပ်ကျွေးလို့ရလဲ၊ ခုအချိန်ထိမကျွေးရသေးရင် အသီး၊ ငါး၊ အသား ၊ ကြက်ဥအကာ စသည်တို့ကို ဘယ်တော့စကျွေးလို့ရမလဲ၊ ဘယ်တော့ကလေးကိုနို့လုံးဝဖြတ်ပြီး ဖြည့်စွတ်စာအစားထိုးကျွေးလို့ရမလဲ….။

ဘာတွေသိသင့်လဲ။

သင်သိသင့်တာတွေကတော့-

သွားမပေါက်သေးခြင်း

ထိုသွားမဲ့အပြုံးကြီးတွေကို ခုခံစားလို့ရနေချိန်မှာ အားရပါးရခံစားထားပါ။ တစ်နှစ်သားထိ သွားမပေါက်သေးတဲ့ကလေးတွေ အများအပြားရှိပါတယ်။ ကလေးတွေမှာ ပထမဆုံးသွားဟာ ခုနှစ်လသားလောက်မှာ ပေါက်ကြတာမှန်ပေမယ့် တကယ်တော့ နှစ်လမှ ဆယ့်နှစ်လအထိဖြစ်နိုင်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ သွားပေါက်နောက်ကျခြင်းဟာ မျိုးရုးအလိုက်ဖြစ်တာကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ ဘာမှမဆိုင်ပါဘူး။ ပထမသွားနောက်မကြာခင် ဒုတိယသွားပေါက်လာပါလိမ့်မယ်။ အစာအတုံးသေးသေးလေးတွေကို ဝါးစရာလိုလာရင် သွားဖုံးနဲ့ဝါးကြတာကြောင့် သွားမပေါက်သေးတာကို ဘာမှလုပ်ပေးစရာမလိုပါဘူး။

ဆံပင်မပေါက်သေးခြင်း

သွားပေါက်နှေးတာလိုပဲ ဒီအရွယ်မှာ ဆံပင်မရှိသေးတာက ဖြစ်လေ့မရှိတာမဟုတ်သလို ဒီတိုင်းအမြဲပုံသေပဲသွားမှာမဟုတ်ပါဘူး။ ခုချိန် ဆံပင်မပေါက်သေးတာနဲ့ပဲ ကြီးလာရင်လည်း ဆံပင်မရှိမှာ၊ ထိပ်ပြောင်နေမှာမဟုတ်ပါဘူး။ အချိန်ကျရင် ပေါက်လာပါလိမ့်မယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီအချိန်မှာစိတ်ပူစရာတွေများပါတယ်

ထမင်းကျွေးချိန် လွယ်ကူအောင်လုပ်မယ်

သူတို့ကို ထမင်းကျွေးချိန်ကို ပျော်ဖို့ကောင်းတဲ့အချိန်လေးဖြစ်ပါစေ။ ကလေးကြိုက်တာ မကြိုက်တာကို သင်လက်ခံသင့်ပါတယ်။ ကုန်အောင်စားဖို့၊ အညွှန်းတွေထဲပါတဲ့ စားသင့်တယ်ဆိုတာတွေအကုန်စားဖို့ မတိုက်တွန်းသင့်ပါဘူး။ ကလေးကိုတီဗီ၊ အိမ်မွေးတိရိစ္ဆာန် စတဲ့အာရုံပြားစေတာတွေနဲ့ဝေးဝေး ခုံအမြင့်ပေါ်မှာကျွေးပါ။ ထမင်းကျွေးနေရင်း ပျော်စရာလေးတွေပြောပေးပါ၊ သူတို့စားနေတဲ့အစာအကြောင်းတွေ၊ ပန်းကန်ထဲမှာဘယ်လောက်ပဲကျန်တော့တာ စသည်ဖြင့် လျှောက်ပြောနေနိုင်ပါတယ်။ ဒါဟာ ပစ္စည်းတွေကို သဘောပေါက်နိုင်စွမ်း၊ ဘာသာစကားနားလည်နိုင်စွမ်းတွေ တိုးတက်စေပါတယ်။ သင့်ကလေးလေးဟာလည်း တစ်မိသားစုလုံးစားနေတာမျိုး စားခွင့်ရှိပါတယ်။ သူတို့စားရအဆင်ပြေအောင် သေးသေးလေးတွေစိတ်ပိုင်း လှီးဖြတ်ပေးပြီး၊ ဒါမှမဟုတ် ချေပြီးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက် မသင့်တော်တဲ့ ဒါမှမဟုတ် သူနဲ့ဓါတ်မတည့်တာမျိုးဖြစ်စေနိုင်တာမျိုးတော့ မကျွေးပါနဲ့၊ ပူလောင်လွန်းတွေလည်း ပါးစပ်အပူလောင်နိုင်တာကြောင့် မကျွေးပါနဲ့။ ကလေးငယ်ဟာ သင်စားနေတာကို စိတ်ဝင်စားပြီးလိုက်စားချင်မှာပါ။ ဘာလို့လဲဆိုတော့ စားနေတာက ‘သင်’ဖြစ်နေလို့ပါ။

အပြင်ထွက်စားဖို့စဉ်းစားရင် ကလေးအတွက်စားစရာရနိုင်မယ့် ဆိုင်မျိုးကိုသာရွေးပါ။ စားသောက်ဆိုင်တော်တော်များများဟာ မိသားစုတွေအတွက် စီစဉ်ထားတာမျိုးရှိတာကြောင့် ကလေးတွေအတွက် ခုံအမြင့်နဲ့ တခါတလေ အရုပ်ကလေးပါ ရှိတတ်ပါတယ်။ တကယ်လို့ ကလေးက ဆူညံတာကိုမကြိုက်ရင်တော့ စားသောက်ဆိုင်ရွေးတဲ့အခါ ဒါကိုထည့်စဉ်းစားဖို့မမေ့ပါနဲ့။

နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Murkoff, Heidi.What to Expect, The First Year. New York: Workman Publishing Company, 2009.

Print version. Page 416-434.

ယခုပုံစံ

02/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement