39 ပတ်သားကလေး

    39 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

    သုံးဆယ့်ကိုးပတ်သားလေး သင့်ရင်သွေးငယ်ဟာ-
    • လက်ခုပ်တီးတတ်၊ တာ့တာပြတတ်လာပြီ။
    • စကားလုံး၊ စာကြောင်းတွေမပီကလာ ပီကလာပြောတတ်လာပြီ။
    • ပရိဘောဂတွေကိုင်ရင်း လမ်းလျှောက်တတ်လာပြီ။
    • မလုပ်ရဘူး ဆိုတာကိုနားလည်လာပြီ၊ (အမြဲတမ်းတော့လိုက်နာမှမဟုတ်ပေမယ့်…။)

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ကလေးငယ်ဟာ သင်ပြောလိုက်တဲ့စကားတွေထက် သင်သုံးလိုက်တဲ့လေသံကိုပိုပြီး အဓိပ္ပါယ်ပေါက်တာပါ။ သင်ကျေနပ်နေတဲ့လေသံကိုသူတို့နားလည်တဲ့အတွက် သင်က ‘အရုပ်ကလေးတွေလိုက်ကောက်ထားတာ တော်လိုက်တာ’ စသည်ဖြင့် ချီးမွမ်းစကားပြောပေးသင့်ပါတယ်။ သင့်ကလေးနဲ့စကားများများပြောလေလေ၊ ပြောဆိုဆက်သွယ်ခြင်းကို သူတို့ပိုနားလည်လည်လေဖြစ်ပါတယ်။
    ကလေးငယ်ဟာ ‘မလုပ်ရဘူး’ ‘ဟင့်အင်း’ စသည့်ဖြင့် အငြင်းစကားကို နားလည်လာပါပြီ၊ လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့….။ ဥပမာ၊ သင်ကမထိဖို့ မကိုင်ဖို့ပြောတာတောင် လှမ်းကိုင်ဖို့ကြိုးစားတာမျိုး တွေ့ရမှာပါ။ ဒါကြောင့် ထိုတားမြစ်စကားကို အမြဲသုံးမနေဘဲ တကယ်လိုမှသုံးပြီး သုံးတဲ့အခါမှာလည်း ထိထိရောက်ရောက် ထိုအရာကိုသူတို့ရှေ့ကဖယ်ပစ်ပြီး တခြားတစ်ခုခုနဲ့အစားထိုးအာရုံလွှဲလိုက်ပါ။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    စစ်ဆေးစမ်းသပ်မှုပုံစံတွေ၊ အမျိုးအစားအရေအတွက်ဟာ ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့….
    • ယခင်မထိုးဖူးသေးပါက ကာကွယ်ဆေးထိုးခြင်း၊ ယခင်တစ်မျိုးမျိုးထိုးဖူးပါက တုံ့ပြန်မှုများနှင့်ပတ်သတ်ပြီး ဆွေးနွေးခြင်း။
    • သွေးအားနည်းရောဂါရှိမရှိစစ်ဆေးခြင်း (များသောအားဖြင့်လက်ချောင်းထိပ်မှသွေးယူပါတယ်)

    ဘာတွေသိသင့်လဲ။

    Strep ဘတ်တီးရီးယားကြောင့် လည်ချောင်းနာခြင်း

    ကလေးတွေမှာထိုဘတ်တီးရီးယားရောဂါအဖြစ်နည်းပါတယ်။ ဒါပေမယ့် သင် ဒါမှမဟုတ် ကလေးငယ်ရဲ့သားချင်းမျိုးမှာ ထိုရောဂါဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ လက္ခဏာတွေကို သတိထားကြည့်ဖို့လိုနေပါပြီ။ လက္ခဏာတွေမှာ အာသီးရောင်ခြင်း၊ ရက်အနည်းငယ်ကြာအောင် လည်ချောင်းနာခြင်း၊ ချမ်းတုန်ခြင်း၊ ၃၈ဒီဂရီဆဲလ်စီးယပ်စ်အထက် ကိုယ်အပူချိန်ရှိခြင်း၊ ကလေးမေးရိုးအောက်ရှိ ပြန်ရည်ဂလင်းများရောင်နေတတ်ခြင်း။
    အကယ်လို့ထိုလက္ခဏာများတွေ့ရပါက၊ ဒါမှမဟုတ် ကလေးကအစာမျိုရတာ အသက်ရှူရတာ ခက်ခဲနေပါက ဆရာဝန်ထံသွားပါ။ Strep ဘတ်တီးရီးယား စစ်ဆေးတွေ့ရှိရပါက ဆရာဝန်ကပဋိဆေးဝါးများပေးပါလိမ့်မယ်။ ကလေးကဆေးမကုန်ခင် ရောဂါလက္ခဏာသက်သာသွားတောင် ညွှန်းထားသောဆေးကိုအကုန်တိုက်ပါ။

    ခြေဖဝါးပြားနေခြင်း

    ကလေးငယ်လေးတွေမှာ ခြေဖဝါးပြားနေသေးတာက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ်။
    ပထမအချက်-ကလေးငယ်လေးတွေဟာ လမ်းသိပ်မလျှောက်သေးတာကြောင့် ခြေထောက်ကြွက်သားတွေဟာ ခုံးသွားလောက်အောင် မဖွံ့ဖြိုးသေးလို့ဖြစ်ပါတယ်။
    ဒုတိယအချက်- အဆီတွေရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်တယ်၊ ၀၀ကစ်ကစ်ကလေးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
    ဒါ့အပြင် ကလေးငယ်တွေလမ်းလျှောက်တဲ့အခါ ငြိမ်ငြိမ်ထိန်းနိုင်အောင်လို့ ခြေထောက်ကိုကားပြီးလျှောက်ကြတဲ့အတွက် ခြေဖဝါးခုံးပေါ် ကိုယ်အလေးချိန်ပိုသက်ရောက်သလိုဖြစ်ကာ ခြေဖဝါးပိုပြားလာဟန်ပေါ်လာရခြင်းဖြစ်ပါတယ်။ များသောအားဖြင့် အသက်ကြီးလာတာနဲ့အမျှ ပြားနေရာကနေ ခုံးသွားပါတယ်။ တကယ်တော့ ရာခိုင်နှုန်းနည်းနည်းလေးသာ ခြေဖဝါးအပြားအတိုင်းကျန်ခဲ့တာပါ။

    လမ်းလျှောက်စောလွန်းခြင်း

    မတ်တပ်စောစောရပ်သလိုပါပဲ၊ လမ်းစောစောလျှောက်တာနဲ့ပဲ ကလေးမှာ ခြေထောက်ကွေးခြင်းအစရှိတဲ့ အခြားရုပ်ပိုင်းဆိုင်ရာပြဿနာတွေမဖြစ်လာပါဘူး။ နှစ်ခုစလုံးဟာ သူတို့လမ်းလျှောက်ဖို့အတွက် ကြွက်သားတွေကို သန်မာစေတာကြောင့် အကျိုးရှိပါတယ်။ တကယ်လို့ ခြေဗလာနဲ့လျှောက်တာသာဆိုရင် ခြေဖဝါးကြွက်သားတွေကိုပါ သန်မာလာစေမှာပါ။ ဒါပေမယ့် ဒီအရွယ်မှာလမ်းစမလျှောက်သေးတဲ့ကလေးကိုလည်း ဖိအားပေးစရာမလိုပါဘူး။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ဒီအချိန်မှာဆိုရင် စိတ်ပူစရာတွေများလာပါပြီ။

    သူစိမ်းတွေကို ကြောက်ခြင်း

    ပထမလအနည်းငယ်မှာ ကလေးငယ်ဟာ သူ့မိခင် ဖခင်ကိုတွယ်တာတတ်လာပါတယ်။ ၆ လအောက်ကလေးတွေဟာ လူကြီးဘယ်သူကိုမဆို ကောင်းကောင်းတုံ့ပြန်ပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ အားလုံးကို သူတို့ကိုစောင့်ရှောက်တဲ့လူတွေလို့ပဲ သိမ်းကျုံးသတ်မှတ်ထားတတ်တာကြောင့်ပါ။ ဒါပေမယ့် အသက် ၈ လနဲ့ ၉ လလောက်ရောက်ပြီဆိုရင်တော့ ဘီစကတ်ရဲ့ဘယ်အခြမ်းမှာယိုပါသလဲဆိုတာကို သိလာသလိုပါပဲ၊ သူ့မိဘတွေကသာ သူ့ရဲ့အဓိကစောင့်ရှောက်သူတွေဆိုတာ သိလာ သဘောပေါက်လာပြီး၊ သူတို့ကို မိဘတွေဆီကခွဲထုတ်ဖို့ကြိုးစားနေတဲ့ တခြားလူတွေကို သိလာပါတယ်။ ဒါကြောင့် ဒီအချိန်မှာဆိုရင် ချစ်ရပါသော အဖိုးအဖွားတွေကိုတောင် ငြင်းဆန်ပြီး အမေ အဖေတွေဆီကိုသာ တွယ်ကပ်နေတာကိုတွေ့ရပါလိမ့်မယ်။

    သူစိမ်းတွေကိုကြောက်ခြင်းဟာ တစ်နှစ်ကျော်လောက်ရောက်တာနဲ့ ပျောက်သွားတတ်ပါတယ်။ ကလေးဆယ်ယောက်မှာ နှစ်ယောက်လောက်သာ ထိုအကျင့်မပျောက်ဘဲ ဒါမှမဟုတ် မြန်မြန်မပျောက်ဘဲကျန်ခဲ့တာပါ။ တကယ်လို့ကလေးက သူစိမ်းတွေနဲ့ပတ်သတ်ပြီး မကြိုက်တတ်၊ စိတ်ညစ်တတ်တာမျိုးရှိရင် သူတို့ကို ဖိအားမပေးပါနဲ့။ တဖြေးဖြေးနဲ့ အဆင်ပြေလာမှာဖြစ်တာကြောင့် သူ့တို့ဖာသာကောင်းလာပါစေ။ သူငယ်ချင်းတွေ မိသားစုတွေကိုလည်း ကလေးငယ်ဟာ စိုးရိမ်ပူပန်တတ်တဲ့ အဆင့်ကိုဖြတ်သန်းနေတာဖြစ်တာကြောင့် ရုတ်တရတ်အတင်းလှုပ်ရှားတာမျိုးက သူတို့ကိုထိတ်လန့်စေမှာဖြစ်ကြောင်း၊ ဒါကြောင့် ချက်ခြင်းဖက်ပစ်လိုက်တာ၊ ချီပစ်လိုက်တာမျိုးမလုပ်ဘဲ ပြုံးပြရင်း၊ စကားပြောရင်း၊ ပေါင်ပေါ်မှာထိုင်ရင်း ကစားစရာများပေးထားရင်း တဖြေးဖြေးနဲ့ အတားအဆီးကိုဖြေလျှော့သင့်ကြောင်း သတိပေးထား၊ ပြောထားသင့်ပါတယ်။

    တကယ်လို့ ကလေးငယ်ဟာ ကလေးထိန်းနဲ့လွှတ်ထားပါက ချော့မရနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ ကလေးထိန်းတဲ့အခြေအနေကို ပြန်လည်သုံးသပ်သင့်ပါပြီ။ ကလေးထိန်းက သင့်ကလေးငယ်လိုအပ်တဲ့ အာရုံစိုက်မှု၊ ချစ်ခြင်းမေတ္တာတွေကိုမပေးတာဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် ကလေးမှာအမှန်တကယ်ပဲ သူစိမ်းတွေကိုသဘောမကျ၊ လက်မခံလိုတဲ့စိတ်ပြင်းပြင်းထန်ထန်ရှိနေတာဖြစ်နိုင်ပါတယ်။ တချို့သောကလေးငယ်တွေ၊ အထူးသဖြင့် မိခင်နို့တိုက်ကျွေးတဲ့ကလေးတွေဟာ ဖခင် ဒါမှမဟုတ် အဖွားထိန်းရင်တောင်မှ မိခင်မရှိတာနဲ့ နာရီပေါင်းများစွာကြာအောင်ငိုနေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကလေးနဲ့ခွဲနေတဲ့အချိန်တွေကို ကန့်သတ်ထားသင့်ပါပြီ၊ ဒီ ‘မေမေ့ကိုတွယ်တဲ့ ကာလ’ ကျော်သွားချိန်ထိပေါ့။ ဒါမဖြစ်နိုင်ပါက သင်သူ့အတွက်အချိန်ပေးနိုင်တဲ့အချိန်မှာ သူ့ဘေးမှာပဲအတတ်နိုင်ဆုံးရှိနေပေးပါ။

    နောက်တစ်ပတ်၊ ရက်သတ္တပတ် ၄၀ ပြည့်တဲ့အခါမှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Murkoff, Heidi.What to Expect, The First Year. New York: Workman Publishing Company, 2009.

    Print version. Page 416-434.

    စာရေးသူ ဓာတ်ပုံbadge
    Dr.Aye Myat Myat Noe မှ ရေးသားသည်။ 02/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။