backup og meta

ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

မွေးကင်းစကလေးတွေမှာ ရှုံ့တွနေတဲ့ အရေပြားနဲ့  venix လို့ခေါ်တဲ့ အဖြူရောင်အဖတ်တွေ ပါရှိပြီး သူတို့ဟာ ပထမ အပတ်မှာတယ် ကွာကျသွားတတ်ပါတယ်။ ဒါက သဘာဝ အကာအကွယ်ဖြစ်လို့ ပွတ်တိုက်တာ၊ ခွာတာတွေ မလုပ်သင့်ပါဘူး။ မွေးကင်းစကလေးတွေရဲ့ အသားအရေနဲ့ ပတ်သက် ‘The less is more’ပါ။ ဆိုလိုတာက ဘာမှမလုပ်တာက အကောင်းဆုံးပါ။ ကလေးမှာ သူ့သဘာဝအတိုင်း အကာအကွယ်တွေ ပါလာပြီးသားမို့လို့ ဘာမှမလုပ်လေလေ အထိအခိုက်နည်းလေပဲ ဖြစ်ပါတယ်။ မဖြစ်မနေလုပ်ချင်တယ်ဆိုရင်တော့ ခုပြောမဲ့ ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ ကို လိုက်နာသင့်ပါတယ်။

ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

  • ကလေးငယ်ကို ရေချိုးပေးချင်စိတ်ကို ထိန်းထားပါ။

မကြာခဏ ရေချိုးပေးခြင်းက ကလေးငယ်ရဲ့ အသားအရေကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ အရေပြားကို ထိခိုက်လွယ်စေပြီး ခြောက်သွေ့စေပါတယ်။ နှင်းခူနာဖြစ်ပွားမှုကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် ပထမ တစ်နှစ်မှာ တစ်ပတ်မှာ သုံးခါလောက် ချိုးပေးရင် လုံလောက်ပါပြီ။

သွားရည်ကျတာနဲ့ Diaper ပေတာက လွဲလို့ ကလေးတွေဟာ ညစ်ပတ်မလွယ်တတ်ကြပါဘူး။ ပြီးတော့ သူတို့ဟာ လူကြီးတွေလို လျှောက်သွားနေကြတာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် ပထမလမှာတော့ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် ရေပတ်တိုက်ပေးခြင်းဟာ ကလေးငယ်အတွက် လုံလောက်ပါတယ်။

  •  ကလေးအတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုပေးပါ။

နောက်ပိုင်းမှာတော့ ကလေးအတွက် အစိုဓာတ်ထိန်းကရင်မ်တွေ၊ ရေချိုးဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေ သုံးရတော့မှာပါ။ အဲ့ဒီအခါ လူကြီးသုံးတွေကို ကလေးကို လိမ်းပေးတာထက် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုပေးတာက ပိုပြီး စိတ်ချရပါတယ်။ လူကြီးသုံးပစ္စည်းတွေက လူကြီးအတွက် ဘာမှမဖြစ်ပေမဲ့ ကလေးရဲ့ နူးညံ့တဲ့အသားအရေအတွက် ပြင်းနေနိုင်လို့ပါ။

  • နေလောင်ဒဏ်ကနေ ကာကွယ်ပေးပါ။

ကလေးတွေကို အပြင်ခေါ်သွားမယ်ဆိုရင် တတ်နိုင်သမျှ အရိပ်ထဲမှာပဲထားပါ။ နေမလောင်အောင် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ပေးပါ။ ဦးထုပ်ဆောင်းပါ။ ၆လအောက် ကလေးတွေမှာ နေလောင်ကာခရင်မ် လိမ်းတာထက် နေရောင်မထိအောင် ကာကွယ်တာက ပိုကောင်းပါတယ်။ မဖြစ်မနေ လိမ်းဖို့ လိုလာရင်လည်း အဝတ်အစား မကာနိုင်တဲ့ နေရာတွေလောက်ပဲ လိမ်းပေးပါ။

  • ကလေးငယ်တွေ ဝတ်ဆင်တဲ့ အဝတ်အစားအသစ်တွေကို လျှော်ပါ။

အဝတ်အစားတွေ၊ စောင်၊ အိပ်ရာခင်း စတာတွေကို အပြင်ကနေ ဝယ်လာပြီးရင် အသုံးမပြုခင်မှာ တစ်‌ခေါက်လျှော်ပါ။ ကလေးအသုံးအဆောင်တွေကို လျှော်တဲ့အခါမှာ အနံ့မပြင်းတဲ့ ဆပ်ပြာမှုန့်တွေကို အသုံးပြုပါ။ တတ်နိုင်ရင် ကလေးအဝတ်အစားလျှော်ဖို့ ထုတ်ထားတဲ့ ဆပ်ပြာမှုန့်တွေကို သုံးပါ။

  • ကလေးသေးခံတွေကို ပုံမှန်လဲလှယ်ပါ။

ကလေး သေးခံ စိုနေပြီဆိုတာနဲ့ လဲပေးပါ။ ညစ်ပတ်တဲ့အထိ စောင့်စရာ မလိုပါဘူး။ ဒါမှ သေးခံလောင်တာ မဖြစ်မှာပါ။ ‌တကယ်လို့ သေးခံလောင်ခဲ့ရင်လည်း တင်ပါးတစ်ဝိုက်ကို အသာအယာ သန့်ရှင်းရေး လုပ်ပေးတာ၊ ဇင့်အောက်ဆိုဒ်ကရင်မ်တွေ သုံးပေးတာ‌တွေ လုပ်ပေးနိုင်ပါတယ်။

  • ကလေး လက်သည်းလေး‌တွေကို တိပေးပါ။ 

ကလေး လက်သည်း‌လေးတွေ ရှည်နေရင် ကုတ်မိတာတွေ ဖြစ်နိုင်လို့ လက်သည်းတွေကို ဂရုတစိုက် တိပေးပါ။ လက်သည်းညှပ်နဲ့ ညှပ်ပေးလို့ ရသလို တံဇဉ်းနဲ့ ပွတ်ပြီး တိပေးလို့လည်း ရပါတယ်။ ကလေးလက်ကို မထိမိအောင် အလင်းရောင် ကောင်းကောင်းရတဲ့ နေရမှာ လုပ်ပေးပါ။

  • အစိုဓာတ်ထိန်းကရင်မ် လူးပေးပါ။ 

ကလေးတိုင်းတော့ မဟုတ်ပေမဲ့ တချို့ကလေးတွေက အသားခြောက်တတ်ပါတယ်။ ဒါဆိုရင်တော့ ရေချိုးပြီးတဲ့အခါ ကလေးသုံး အစိုဓာတ်ထိန်းကရင်မ်လေးတွေ လူးပေးဖို့ လိုပါတယ်။

ကလေးတွေရဲ့ အသားအရေက ထိခိုက်လွယ်တာကြောင့် မွေးကင်းစအရွယ်မှာ မလိုရင် ဘာမှမလိမ်းတာ အကောင်းဆုံးပါ။ ဒီထဲမှာ သနပ်ခါး၊ ပေါင်ဒါ စတာတွေလည်း ပါပါတယ်။ အမှုန်‌လေးတွေကို ရှူမိပြီး ကလေး အသက်ရှူလမ်းကြောင်းမှာ ဒုက္ခဖြစ်မှာ စိုးလို့ပါ။ ဒါကြောင့် အသားအရေ ထိန်းသိမ်းနည်းနဲ့ ပတ်သက်လာရင် အသားအရေရဲ့ လိုအပ်ချက်ကိုပဲ ဖြည့်ပေးပြီး အပို မသုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO CARE FOR YOUR BABY’S SKIN, HAIR, AND NAILS https://www.aad.org/public/everyday-care/skin-care-basics/care/baby-care-skin-hair-nails 12/01/2016

Bathing and Skin Care for the Newborn  https://www.stanfordchildrens.org/en/topic/default?id=bathing-and-skin-care-for-the-newborn-90-P02628 .12/01/2016

Skincare for babies https://www.rch.org.au/kidsinfo/fact_sheets/Skincare_for_babies/12/01/2016

ယခုပုံစံ

04/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ