backup og meta

ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ

    ကလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်က ပိုကြီးလာပါပြီ။ လူဖြစ်ပြီကွလို့ ပျော်နေရုံနဲ့ မပြီးသေးပါဘူး။ အရင်လို ပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေနဲ့ အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့ မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။ ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ဖို့ လိုတာပေါ့။

    ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိ ကလေးရဲ့ဖွံ့ဖြိုးမှု၊ အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲဝေသတ်မှတ်ထားတဲ့ အတွေးအခါ်မျိုးက မိသားစုစိတ်ဓာတ် အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာလေးဖြစ်လာမှာပါ။

    ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ ကလေးရဲ့ ဝေယျာဝစ္စတွေမှာ ဇနီးကိုဝင်ကူညီပေးတာကလည်း ကလေးနဲ့ ကိုယ်နဲ့ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။ ဥပမာ ဇနီးက အဝတ်လျှော်နေချိန် ကလေးကူထိန်းပေးတာ၊ ချော့မြှူပေးတာမျိုး၊ ကလေးသိပ်ပေးတာမျိုး၊ ကလေးသေးဝတ်လဲပေးတာမျိုးတွေဖြစ်ပါတယ်။

    ကလေးရှိတဲ့ ဖေဖေတို့ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာ အကြံပြုထားတယ်နော်-

    ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်စေဖို့

    (၁) အစကတည်းက ကလေးဝေယျာဝစ္စတွေ ဝင်ကူပေးပါ

    အနှီးလဲပေးတာ၊ ချော့မြှူပေးတာ၊ ရေချိုးပေးတာ၊ ကလေးသိပ်တာ စတဲ့ ကလေးရဲ့ တစ်နေ့တာဝေယျာဝစ္စတွေမှာ အချိန်ရတာနဲ့ တတ်နိုင်သလောက်ဝင်လုပ်ပေးပါ။ ကလေးငယ်လေးနဲ့ ပတ်သက်ရင် လုပ်စရာတွေက တစ်ခုပြီး တစ်ခုများလွန်းတာကြောင့် တစ်နေ့နည်းနည်းပဲ ဝင်ကူဦးတော့ ကလေးနဲ့ ဖခင်ကြားက ရင်းနှီးမှုက ခိုင်မာနီးကပ်လာစေမှာပါ။ တစ်ခါတစ်လေ စကားစပြောချိန်မှာ ဖေဖေလို့ အရင်ဆုံးခေါ်တတ်လာတာမျိုးတောင်ရှိပါတယ်။ နောက်တစ်ချက်က အလုပ်များပြီးပင်ပန်းနေတဲ့ ကလေးရဲ့ မေမေ၊ သင့်ရဲ့ ချစ်ဇနီးလည်း နည်းနည်းအနားရတာပေါ့။

    (၂) ကိုယ့်ကလေးရဲ့အထာကို နားလည်အောင် လေ့လာပါ

    ကလေးတွေက စကားမပြောတတ်သေးတော့ ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာလေးတွေနဲ့ သူတို့လိုတာကို တောင်းဆိုတတ်တယ်။ သင်္ကေတပြတတ်ပါတယ်။ အထာပေးတဲ့မျက်နှာလေးပေါ့။ ဥပမာ ပက်လက်လေးအိပ်နေရာကနေ မေမေခေါ်ပါ၊ ဖေဖေခေါ်ပါဆိုပြီး ချီခိုင်းချင်ရင် ခါးလေးကော့၊ လက်လေးကမ်းပြီး မခို့တရို့ချစ်စရာမျက်နှာပေးနဲ့ အသနားခံတတ်ကြပါတယ်။ တချို့ကတော့ လိုချင်တာကို ငိုပြီးတောင်းဆိုတတ်ပါတယ်။ ကလေးရဲ့ အထာကိုသေချာနားလည်ပြီဆိုရင် ထိန်းရ၊ ချော့ရတာ လွယ်ကူသွားပါလိမ့်မယ်။

    (၃) ကလေးနဲ့ ထိတွေ့မှုရှိပါ

    ကလေးနဲ့ ရင်းရင်းနှီးနှီးထိတွေ့မှုရှိပေးတာက ကလေးရဲ့ စိတ်မှာ လုံခြုံစိတ်ချမှုခံစားရစေတဲ့အပြင် ဖခင်အပေါ် ယုံကြည်မှုနဲ့ ရင်းနှီးချစ်ခင်စိတ် တိုးစေပါတယ်။ မိခင်ဖခင်တွေနဲ့ ဒီလိုမျိုး နှောင်ဖွဲ့တဲ့သံယောဇဉ်က ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း နှိုးဆွအားပေးပါတယ်။ ကလေးကို ပွေ့ချီပေး၊ နမ်းရှုံ့ပေးပါ၊ ကြင်ကြင်နာနာ ပွေ့ချီထားရင်းနဲ့ ရင်ဘတ်ချင်းနီးကပ်အောင်ကြိုးစားရမှာပါ။

    (၄) မကြာခဏ ကလေးနဲ့စကားပြောပေးပါ

    အူး၊အဲ၊ဂါး၊ဂဲ နဲ့ သူ့ဘာသာစကားနဲ့သူ ပြောနေချိန်မှာလည်း ကိုယ်ကသူ့ကို စကားပြောပေးပါ။ ချီထားရင်းနဲ့ မြင်ကွင်းရှေ့က အရာတစ်ခုခု အကြောင်းပြောပြပေးတာမျိုး၊ ဘာအကြောင်းပဲဖြစ်ဖြစ် စကားပြောပေးပါ။ နားလည်တာမလည်တာ အသာထား၊ သူကငြိမ်ပြီးနားထောင်ပေးမှာပါ။

    “သားရေ ဟိုမှာကြည့်စမ်း မီးညောင်လေးပါလား။ မီးညောင်လေးက ဘယ်လိုအော်လဲသိလား။ ညောင် လို့အော်တယ်။ သားသိလား ဘယ်လိုအော်လဲ” စသည်ဖြင့် သူမသိသေးတဲ့ အရာတွေ၊ အခေါ်အဝေါ်လေးတွေပါ ထည့်ပြောပေးရင် တဖြည်းဖြည်း မှတ်သားပြီး စကားပြောတတ်တာပိုမြန်စေပါလိမ့်မယ်။

    ကလေးရဲ့နားမှာ စကားလုံးတစ်လုံးကြားရတိုင်း ဝေါဟာရအသစ်တစ်ခုတိုးနေတာဖြစ်ပြီး ဖခင်နဲ့ရင်းနှီးမှုကလည်း ပိုလာမှာပါ။ ပုံပြင်ပြောပြတာ၊ စာအုပ်ဖတ်ပြတာ၊ သီချင်းဆိုပြတာလည်းကောင်းပါတယ်။

    (၅) ဗဟုသုတ ကိုယ့်ဘာသာရှာဖွေလေ့လာပါ။

    ဖခင်အသစ်စက်စက်တစ်ယောက်အဖြစ်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်လှုပ်ရှားနေရတယ်ဆိုရင် သိပ်မစိုးရိမ်ပါနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ စာအုပ်တွေရှာဝယ်တာ၊ အင်တာနက်မှာ ရှာဖွေလေ့လာတာ၊ သားသမီးရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ မေးမြန်းဆွေးနွေးတာတွေကနေ ကလေးစောင့်ရှောက်နည်းဗဟုသုတတွေလေ့လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးအကြောင်းသိချင်ရင် ကလေးအနားမှာ များများနေပေးပါ။

    (၆) အကူအညီယူပါ၊ အကူအညီတောင်းပါ

    ဘာကူညီပေးရမလဲလို့ မေးတဲ့သူရှိရင်၊ ကိုယ်က ကလေးနဲ့  တိုင်ပတ်နေချိန်ဖြစ်ရင် အကူအညီလက်ခံလိုက်ပါ။ ကိုယ်ထိန်းရမယ့်အလှည့်မှာ ကလေးကို လုပ်ပေးရအဆင်မပြေတာရှိရင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေဆီက အကူအညီကို လက်ခံလိုက်ပါ။ ဥပမာ ကလေးက ဝမ်းသွားထားတဲ့အခါ မသန့်စင်ပေးတတ်၊ အဝတ်မလဲပေးတတ်သေးတာမျိုး။ ကိုယ်မသိဘဲ လုပ်လိုက်တဲ့ကိစ္စက ကလေးအတွက်အဆင်မပြေဖြစ်စေနိုင်တာကြောင့် လိုအပ်ရင် အတွေ့အကြုံရှိသူတွေကို အကူအညီတောင်းပါ။ မေးမြန်းပါ။ အနည်းဆုံးတော့ ဖုန်းတစ်ချက်ဆက်မေးရင်တောင် ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement