backup og meta

ကလေးတို့ရဲ့သင်္ကြန် ဘေးကင်းပျော်ရွှင်ရစေဖို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတို့ရဲ့သင်္ကြန် ဘေးကင်းပျော်ရွှင်ရစေဖို့

    ဧပြီလရောက်မှ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတဲ့အငွေ့အသက်က မတ်လမကုန်ခင်တည်းက ရှိနေနှင့်ပြီးသားပါ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ အရောင်းအဝယ်တွေစပြီး အလုပ်ဖြစ်နေပြီလေ။ အပျော်ဆုံးကတော့ကျောင်းပိတ်ရက်မှာ သင်္ကြန်ရေဆော့ဖို့စောင့်မျှော်နေကြတဲ့ ကလေးတွေပါပဲ။ရေသေနတ်တွေ၊ရေပြွတ်တွေ အမျိုးစုံအောင် ဝယ်ဖို့ပူဆာကြသလို သင်္ကြန်အတွက် ကြိုရင်ခုန်နေကြတာမြူးကြွလွန်းပါတယ်။

    လူတိုင်းလိုလိုရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သင်္ကြန်ရက်တွေလည်းပါခဲ့တာပေါ့။ အကြို၊အကျ၊အကြတ်၊အတက်လေးရက်ကို ရက်ထပ်နှစ်မို့ သင်္ကြန်ငါးရက်ဖြစ်တဲ့နှစ်ဆို ကလေးတွေသိပ်ပျော်ကြတာပဲ။ သင်္ကြန်ရက်တွေကုန်ဆုံးသွားမှာ နှမျောလို့ ညနေစောင်းတာတောင် ရေထဲကကိုမတက်တော့ဘူး။ အိမ်ရှေ့ထွက်ဆော့ရင်း အချိန်ကုန်လို့အိမ်ထဲပြန်ဝင်ဖို့ကိုတောင် မနည်းခေါ်ရတဲ့အထိ။

    ကလေးတွေဆိုတာ လူကြီးတွေလို မဏ္ဍပ်ထိုင်လို့မရ၊ကားနဲ့လည်ဖို့ စိတ်မချရတဲ့အရွယ်ဆိုတော့ အိမ်ရှေ့ သို့မဟုတ် ရပ်ကွက်မဏ္ဍပ်မှာပဲ မိသားစုမောင်နှမတွေနဲ့ပျော်ရ၊ရေကစားရတာများပါတယ်။ တချို့မိဘတွေက ကလေးတွေပျော်အောင် အိမ်ကကားနဲ့ခဏထွက်လည်ပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် သင်္ကြန်မှာကစားဖို့ ရေကစားဖို့ပစ္စည်းတွေဝယ်ပေးထားရုံ၊ ရေပက်စရာပြင်ပေးထားရုံ၊ရေပက်ခံထွက်ဖို့လိုက်ပို့ရုံနဲ့တော့ ကလေးတွေကိုပျော်ရွှင်စေဖို့ တာဝန်ကျေတာမဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သင်္ကြန်မှာပျော်မယ့် ကလေးတွေရဲ့ ကျန်းမာရေး၊ဘေးကင်းလုံခြုံရေး အားလုံးအတွက် သတိမလွတ်ဘဲ ထည့်တွေးထားသင့်ပါတယ်။ အန္တရာယ်ဆိုတာ အများကြီးရယ်။ မတော်တဆ ကလေးမှာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်တစ်သက်လုံး သင်္ကြန်ဆိုတာ ရင်နာရတဲ့အိပ်မက်ဆိုးလိုဖြစ်သွားနိုင်ပါတယ်။

    ကလေးတွေလား ရေဆော့နေကြတယ်လေဆိုပြီး လွှတ်မထားလိုက်ပါနဲ့။ပျော်ပျော်ရွှင်ရွှင် ကိုယ်တိုင်ပါဝင်ရေကစားတာ၊ ဒါမှမဟုတ် လှမ်းကြည့်နေတာမျိုး ရှိရပါမယ်။ရေကစားမယ့်ကလေးတွေအတွက် မိဘတွေသတိထားသင့်တဲ့အချက်လေးတွေမေ့နေမှာစိုးလို့ အကြံပြုလိုက်တယ်နော်။

    ကလေးတွေကစားမယ့် ရေက သန့်ရဲ့လား

    ရေပက်ခံထွက်တာဆို မတတ်နိုင်ပေမယ့်ရေထွက်ပက်မယ့်ကလေးတွေအတွက်တော့ သန့်ရှင်းတဲ့ရေဖြစ်ဖို့ မိဘတွေက ဂရုစိုက်ပေးရပါမယ်။ရေကစားပါတယ်ဆိုမှရေကမသန့်ရှင်းဘူးဆိုရင် တစ်ကိုယ်လုံးအဲဒီရေတွေစိုရွှဲပြီး အချိန်အကြာကြီးနေရတဲ့အခါ ဘယ်လိုဖြစ်ပါ့မလဲ။ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို ကြည့်ရအောင် –

    • ဝမ်းပျက်ခြင်း –သင်္ကြန်ရေတွေစိုရွှဲနေတဲ့အခါ မျက်နှာပေါ်၊ခေါင်းပေါ်ကစီးကျလာမယ့်ရေက ပါးစပ်ထဲ နည်းနည်းတော့ဝင်မှာပါပဲ။ အဲဒီရေတွေကမသန့်ရှင်းတဲ့အခါ ကလေးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လာနိုင်ပါတယ်။
    • ဓါတ်မတည့်ခြင်း –ရေမှာပါလာတဲ့ အရာတစ်ခုခုက ကလေးရဲ့အရေပြားနဲ့ထိတွေ့တဲ့အခါ ဓါတ်မတည့်လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ကလေးက နဂိုတည်းက ထိခိုက်လွယ်အသားအရေပိုင်ရှင်ဖြစ်နေရင် ပိုတောင်သတိထားရပါဦးမယ်။
    • မျက်စိကျန်းမာရေး– မသန့်ရှင်းတဲ့ရေ၊ရေမွှေးထည့်ထားတဲ့ရေ၊ရေခဲရေတို့ကြောင့် မျက်စိနီရဲတာ၊စပ်တာတွေဖြစ်တတ်ပါတယ်။ရောဂါပိုးပါတဲ့ရေနဲ့ထိတွေ့မိခဲ့ရင် မျက်စိပိုးဝင်နိုင်ပြီးဆေးခန်းပြရတဲ့အထိဖြစ်စေနိုင်ပါတယ်။ရေပြွတ်နဲ့ရေပက်ကြရင်း မျက်စိစပ်တာ၊ မျက်ကြည်လွှာနဲ့ဆံချည်မျှင်သွေးကြောလေးတွေကို ပွန်းပဲ့ထိခိုက်စေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလှပဲဖြစ်ဖြစ် ကလေးတွေရဲ့သင်္ကြန်မျက်မှန်ရောင်စုံလေးတွေ တပ်ပေးထားတာလည်း ကာကွယ်ရာရောက်ပါတယ်။ အနည်းဆုံးတော့ မျက်လုံးကိုတိုက်ရိုက်မထိစေတော့ပါဘူး။

    ယာဉ်အန္တရာယ် ဂရုစိုက်ပါ

    ရေထွက်ပက်ကြပြီဆို ကလေးတွေက ကဲမှကဲ။ ရွယ်တူတွေ၊ အိမ်နီးချင်းကစားဖော်တွေနဲ့အတူရေထွက်ကစားရတာ အရမ်းပျော်ပြီး လာသမျှလူတွေ၊ စက်ဘီး၊ ကားတွေကို လုပက်ကြပါတယ်။ရေကိုစိုအောင်ပက်ဖို့ပဲ အာရုံရှိပြီး စက်ဘီးရော၊ ကားရော မသိတော့ဘဲ အတင်းကပ်သွားတာမျိုး မဖြစ်အောင်ဘေးကနေစောင့်ကြည့်ရမှာပါ။ မိသားစုလိုက်ကားနဲ့လည်တယ်ဆိုလည်းခြေချော်ပြီးပြုတ်မကျအောင်၊ဘေးကကားတွေနဲ့မငြိရအောင် ကလေးကို ဂရုစိုက်ပေးသင့်ပါတယ်။ စက်ဘီးလေးနဲ့ရပ်ကွက်ထဲ လှည့်ပြီး တစ်ကိုယ်တော်ဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ရေပက်ခံထွက်တဲ့ အလယ်တန်းအရွယ်ကိုလူလည်များကိုလည်း စိတ်ချလက်ချမလွှတ်လိုက်သင့်ပါဘူး။ လွှတ်ရင်လည်းဝေးဝေးလံလံမသွားဖို့၊ အချိန်လွန်အောင်မသွားဖို့၊ အရမ်းလူရှုပ်တဲ့နေရာမသွားဖို့သေချာနားချပြီးမှခွင့်ပြုပါ။

    ခွက်စောင်းခုတ်တာ သတိထားပါ

    ကလေးလောကမှာ ခွက်စောင်းခုတ်တဲ့ကိစ္စက နာမည်ကြီးပါတယ်။ ဘယ်သူ့ကိုဖြင့် ခွက်စောင်းခုတ်လိုက်တာကျောကော့သွားတာပဲ ဆိုပြီးတော့လည်း အချင်းချင်း ကြွားတတ်ကြသေးတယ်။ အဲဒီလို အပြိုင်အဆိုင်ခုတ်ကြရင်း ကလေးချင်းရန်မဖြစ်ဖို့၊ မတော်တဆထိခိုက်ပြီး အနာတရမဖြစ်ဖို့ ဂရုစိုက်ထိန်းပေးရပါမယ်။ ထိမိရင်လည်း ဦးခေါင်း၊မျက်စိ၊မျက်နှာက ဒဏ်ရာရမှာ ပြေးမလွတ်ပါဘူး။ မျက်နှာနုနုလေးတွေမှာ တစ်သက်တာအမာရွတ်မကျန်စေဖို့ ကြိုတင်ကာကွယ်ပေးသင့်ပါတယ်။ မတော်လို့ထိမိရင်တောင် ထိခိုက်မှုနည်းစေဖို့ ကလေးတွေကို စတီးခွက်တွေမပေးသင့်ပါဘူး။ ဖြစ်နိုင်ရင် ပလတ်စတစ်ပစ္စည်းတွေပဲပေးထားတာကောင်းပါတယ်။

    နေအပြင်းဆုံးအချိန်တွေမှာပေးမကစားပါနဲ့

    ကလေးတွေကို မနက်ပိုင်းနဲ့ ညနေနေကျချိန်မှ ရေပေးကစားပါ။ သူတို့ကတော့ လွှတ်ပေးထားရင် တစ်နေကုန်တောင်ရေကစားနေမယ့်သူတွေဖြစ်လို့နေ့လယ်ပိုင်း လူမစည်တော့တဲ့အချိန် အိမ်ထဲမှာနားခိုင်းထားပါ။ သင်္ကြန်ရေက ကျန်းမာတယ်ဆိုပေမယ့် လက်ရှိရာသီဥတုပြောင်းလဲမှုတွေအရ နုနယ်သေးတဲ့ကလေးတွေမှာတော့ အခန့်မသင့်ရင် အပူလျှပ်တာ၊နေလောင်တာ၊ ဖျားတာတွေဖြစ်လာနိုင်ပါတယ်။

    ရေကစားပြီးရင်သေချာရေပြန်ချိုးပေးပါ

    ရေချိုးချင်ရင်ရေပက်ခံထွက်လိုက်မယ် ၊ရေပြန်ချိုးစရာမလိုတော့ဘူး တူတူပဲပေါ့ ဆိုပြီး လက်မခံထားပါနဲ့။ လူပေါင်းစုံ၊ရေပေါင်းစုံရောနှောကစားခဲ့ပြီးနောက်ပိုင်းရေမှာပါတဲ့ဘက်တီးရီးယားတွေ၊ တခြားသူတွေနဲ့ ထိတွေ့ဆော့ကစားခဲ့တာတွေ၊ရောဂါပိုးတွေ စသည်ဖြင့် ကပ်ငြိပါလာတတ်ပါတယ်။ရေကတဆင့်ပြန့်ပွားတတ်တဲ့ရောဂါတွေကအများကြီးမို့ရေကစားပြီး အိမ်ပေါ်ရောက်တာနဲ့ရေချိုးဆပ်ပြာနဲ့ရေချိုးသန့်စင်ပေးသင့်ပါတယ်။

    တကယ်တော့ အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေအတွက် ဖေဖေမေမေတို့ဂရုစိုက်ပေးသင့်တာ ဒီအချက်တွေတင်မကပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လန်းဆန်းပျော်ရွှင်ရေးအတွက် ဘက်ပေါင်းစုံက ဂရုစိုက်ပြီး ကြပ်မတ်ထိန်းသိမ်းပေးရပါမယ်။ တစ်နှစ်တစ်ကြိမ်ကျရောက်လာတဲ့ အခုလိုပျော်စရာသင်္ကြန်ပွဲတော်ကာလမှာ ကလေးတို့ရဲ့ပျော်ရွှင်မှုနဲ့ကျန်းမာမှုအတွက် နည်းနည်းပိုအာရုံစိုက်ပေးကြပါလို့။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement