backup og meta

တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့

    ဆယ်ကျော်သက်အရွယ် ဆိုတာက ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အသက်အရွယ် အပိုင်းအခြား တစ်ခုပါ။ ဒါပေမယ့် ဆယ်ကျော်သက်တိုင်းကရော ပျော်ရွှင်နေရဲ့လား။ ဆယ်ကျော်သက်အရွယ်မှာ မပျော်ရွှင်ခဲ့ရလို့ဆိုပြီး အသက်ကြီးမှ နောင်တရနေတာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘဝရဲ့ အပိုင်းအခြားလေးတစ်ခုဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေးတွေဖြစ်စေဖို့အတွက် မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    ပျော်ရွှင်မှုကို မလိုလားသူ မရှိပါဘူး

    လူသားတိုင်းက ပျော်ရွှင်မှုကို လိုလားပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာက လူသားတွေ ကိုယ်ဆိုင် ဖန်တီးယူဖို့ ထိန်းချုပ်ဖို့ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ တော်တော်များများက လက်ခံယူဆထားကြပါတယ်။

    တကယ်က ပျော်ရွှင်မှုက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီလို တစ်နေ့တာ တွေ့ကြုံရမယ့် ကိစ္စတွေထဲမှာ မမျှော်လင့်တဲ့ အခြေအနေတွေ ရှိနိုင်ပေမယ့် နေ့စဉ် လည်ပတ်နေကျ အနေအထားတွေကို  အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်တာက ပျော်ရွှင်မှုကို ကိုယ်တိုင် ဖန်တီးယူလိုက်တာပါပဲ။

    လေ့လာချက်တွေအရကတော့ ပျော်ရွှင်မှုတွေက လူတစ်ယောက်ရဲ့ အခြေအနေအပေါ်မှာ ၁၀% လောက်ပဲ မူတည်နေပြီး ကျန်တဲ့ ၉၀% က ကိုယ်တိုင်ရဲ့ အလေ့အထတွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။ ဒီတော့ လူတိုင်း လိုလားတဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးလိုက်ပါ။

    တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့

    တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ် ဖြစ်စေဖို့

    ဆယ်ကျော်သက်အရွယ်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ များစွာကို ကြုံတွေ့ရနိုင်တယ်ဆိုပေမယ့် အခုလိုမျိုး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ ရပါတယ်။

    ကဲ ….. ပျော်ပျော်ရွှင်ရွှင် ဆယ်ကျော်သက် အရွယ်လေးဖြစ်စေဖို့ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာဖို့ လိုပါမယ်။ ဒီတော့ သွက်လက်ပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေး ဖြစ်စေဖို့ဆိုရင်

    အာဟာရ မျှတစွာ စားတတ်ပါစေ

    ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာနေစေဖို့အတွက် အာဟာရ မျှတအောင် စားဖို့က အရေးကြီးပါတယ်။ ဒါကြောင့် တစ်နေ့တာ စားသုံးမှုမှာ အသင့်စား၊ အမြန်စား အစားအစာတွေ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို မွေးမြူပေးပါ။

    တစ်နေ့တာ စားသုံးမှုမှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးပေးပါ။ မနက်စာ၊ နေ့လယ်စာ၊ ညစာ တစ်နေ့ကို သုံးနပ်တော့ သေချာလေး စားဖြစ်အောင် စားပေးပါ။

    ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ပါစေ

    ဆယ်ကျော်သက်အရွယ်မှာ ပျော်ရွှင်ဖို့ မေ့မထားသင့်တဲ့ အချက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပါ။ ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အားလုံးကို ကိုယ်တိုင် သေချာ ဂရုစိုက်ပါ။ ဒါမှ စမတ်ကျကျနဲ့ လူဝင်ဆန့်ပြီး သွက်လက်တဲ့ ဆယ်ကျော်သက်လေး ဖြစ်မှာပါ။

    လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ

    ဆယ်ကျော်သက် အရွယ်မှာ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ ထိုက်သင့်တဲ့ အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် ရရှိစေဖို့အတွက် တစ်နေ့ကို မိနစ် ၆၀ ပုံမှန် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ် လုပ်ဆောင်ပေးလို့ ရပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကိုလည်း ထွက်ရှိစေနိုင်ပါတယ်။

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိနေပါစေ

    ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နေတာက ပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်နိုင်သလို စိတ်ဓာတ်ကျတာ၊ အနိုင်ကျင့်ခံရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ သေချာလေး ထိန်းသိမ်းစေချင်ပါတယ်။

    အိပ်ရေးဝပါစေ

    ဆယ်ကျော်သက်အရွယ်မှာ အိပ်ချိန်က တစ်ညကို ၉ နာရီ ကနေ ၉ နာရီခွဲလောက် ရှိဖို့လိုပါမယ်။ ဆယ်ကျော်သက်အရွယ်မှာ အိပ်ရေးပျက်တာက အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှုမှာ အခက်တွေ့စေနိုင်ပါတယ်။

    အသားအရေကို ဂရုစိုက်တတ်ပါစေ

    ဆယ်ကျော်သက်အရွယ်မှာ ပြင်းထန်စွာ နေလောင်ခံရတာက နောင်တစ်ချိန်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များတဲ့ ဝက်ခြံလိုမျိုး အရေပြားပြဿနာကြောင့် အသားအရေ ထိခိုက်နိုင်ခြေ နည်းမှာပါ။

    သီချင်းတွေကို ကျယ်ကျယ် နားမထောင်မိပါစေနဲ့

    ဆယ်ကျော်သက်အရွယ်မှာ သီချင်းမြူးမြူးလေးတွေကို အသံကျယ်ကျယ် နားထောင်တတ်ပေမယ့် ကျန်ရှိနေတဲ့ ဘဝသက်တမ်းမှာ အကြားအာရုံ ပြဿနာ   မခံစားရစေဖို့ဆိုရင် သီချင်းတွေကို အသံကျယ်ကျယ် နားထောင်ပါနဲ့။

    ဆယ်ကျော်သက်အရွယ်မှာ ပျော်ရွှင်စေဖို့ ဒီအချက်လေးတွေကို အလေ့အကျင့်ဖြစ်အောင် မွေးမြူကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement