ကျောင်းနေအရွယ်ကလေးတွေဟာ ဘာမှမသိသေးတဲ့ အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲ အရွယ်ရောက်လာတဲ့အထိစောင့်ရှောက်ပျိုးထောင်ပေးရမှာဖေဖေမေမေတို့တာဝန်ပဲပေါ့။ အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာ လွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။ ဘယ်လိုပဲ အကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကို အမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ ကလေးတွေရဲ့ အပြုအမူ၊အနေအထိုင်လေးတွေကို အမှုမဲ့အမှတ်မဲ့ မထားပါနဲ့။
ဆိုးဆိုးဝါးဝါးလိင်အကြမ်းဖက်ခံရတဲ့ကလေးမှာတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အထိ လက္ခဏာပြင်းထန်တယ်ဆိုပေမယ့် ကိုယ်မသိဘဲ ကာလတာရှည် လိင်နှောင့်ယှက်မှု၊စော်ကားမှုကြုံနေရပြီးပြောလည်းမပြောပြရဲတဲ့ကလေးမှာရော ဘာတွေဖြစ်နေနိုင်လဲမေမေတို့သိဖို့လိုပါတယ်။ သမီးလေးရဲ့မိန်းမကိုယ်က အရည်ထွက်နေသလား၊ ကလေး(သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ်) ရဲ့ကိုယ်အောက်ပိုင်းအင်္ဂါတဝိုက်နာကျင်မှု၊ယားယံမှုရှိနေသလား၊ ဆီးလမ်းကြောင်းပိုးဝင်မှု သို့မဟုတ် လည်ချောင်းနာခြင်း မကြာခဏဖြစ်နေသလား၊ ဆီးသွားရင် သို့မဟုတ် ဝမ်းသွားရင် ကလေးကနာကျင်နေရသလား၊ လိင်အင်္ဂါတွေမှာသွေးထွက်သလား၊ ဒဏ်ရာအနာတရဖြစ်နေသလားဆိုတာ သတိထားမိသင့်ပါတယ်။
ကလေးက လူတွေကို မယုံတော့ဘူး
လိင်စော်ကားခံရတဲ့ကလေးတွေဟာ လုံးဝသူစိမ်းတွေထက် ရင်းနှီးတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ၊ ယုံကြည်ရသူတွေဆီကကြောက်စရာကြုံရတာများတာမို့ ဘယ်သူ့ကိုမှ မယုံတော့တာ၊သံသယများလာတတ်တာပါ။ ရုတ်တရက်လှုပ်ရှားမှုတွေ၊ အသံကျယ်ကျယ်တွေကို အရင်ကနဲ့မတူ လန့်တတ်နေသလို တစ်ယောက်ယောက်က လာထိလိုက်၊ကိုင်လိုက်ရင်တောင်ကြောက်ရွံ့နေတတ်တာ လိင်စော်ကားခံထားရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာပြဿနာရှိလာတယ်
ကလေးက သူငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာ ရင်းနှီးဖို့ ခက်လာတယ်၊ သူရင်းနှီးတဲ့သူတစ်ယောက်ယောက်ရဲ့ ကျူးလွန်မှုကြောင့် ဒီလိုကြုံခဲ့ရတဲ့အခါပေါင်းသင်းဆက်ဆံရေးကိုကြောက်လာတာလည်း ပါပါတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကလေးဟာ တခြားသူတွေကိုရှောင်တော့မှာပါ။ ကလေးက လူတစ်ဦးတည်းကိုပဲရှောင်ဖို့ကြိုးစားနေပြီဆိုရင်တော့ ကိုယ့်ကလေးကိုချော့ပြီးမေးသင့်နေပါပြီ။