backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရိုးပွ ခြင်း (osteoporosis) ကို ကြိုတင်ကာကွယ်နိုင်လား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရိုးပွ ခြင်း (osteoporosis) ကို ကြိုတင်ကာကွယ်နိုင်လား။

အရိုးပွ ရောဂါဟာ အရိုးအတွင်းမှာရှိတဲ့ အပေါက်လေးတွေက ပိုကျယ်လာပြီး အရိုးက တဖြည်းဖြည်းပါးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆလည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အရိုးအားနည်းလာပြီး ကျိုးလွယ်တာတွေကို ဖြစ်လာစေပါတယ်။ အရိုးပွရောဂါဟာ အသက်ကြီးတဲ့ မိန်းမတွေမှာ အဖြစ်များပြီး လက်ကောက်ဝတ်၊ ခါးဆစ်ရိုးနဲ့ ကျောမကြီးတွေမှာ အဓိက ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းအရင်းတွေထဲမှာ ကြိုတင်ကာကွယ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်း တွေရှိသလို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိပါတယ်။

ကြိုတင်ကာကွယ်လို့မရတဲ့ အကြောင်းအရင်းများ။

 ၁။ အသက်အရွယ်ကြီးခြင်းကြောင့်။

ငယ်ရွယ်သူတွေမှာ ပုံမှန်အားဖြင့် အရိုးတွေပျက်စီး ထိခိုက်တဲ့အခါ အရိုးအသစ်လေးတွေကို အမြန်ပြန်ပြီးတည်ဆောက်နိုင်ကြပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ အရိုးအသစ်တွေကို တည်ဆောက်တဲ့ နှုန်းကျဆင်းလာပြီး အရိုးအဟောင်းတွေ ပျက်စီးတဲ့နှုန်းက များလာပါတယ်။ ဒါ့ကြောင့်လည်း အသက်ကြီးတဲ့သူတွေမှာ ငယ်ရွယ်သူတွေထက် အရိုးပွရောဂါပို ဖြစ်နိုင်ချေများပါတယ်။

၂။ အမျိုးသမီးဖြစ်ခြင်း။

အရိုးပွရောဂါဟာ မိန်းမတွေမှာ ယောကျ်ားတွေထက် ပိုဖြစ်နိုင်ချေများပါတယ်။

၃။ လူမျိုးစုမတူညီခြင်း။

ဒီရောဂါဟာ အနောက်ပိုင်းနိုင်ငံသားတွေ၊ လူမည်း တွေထက် လူဖြူတွေ၊ အရှေ့ပိုင်းနိုင်ငံသားတွေမှာ ပိုအဖြစ်များပါတယ်။

၄။ မိသားစုမျိုးရိုးရှိနေခြင်း။

ကိုယ့်ရဲ့ မိသားစုဆွေမျိုး အထူးသဖြင့် အဖေ၊ အမေ တွေမှာ အရိုးပွရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိမယ်ဆိုရင် ပိုဖြစ်နိုင်ပါတယ်။

၅။ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ခြင်း။

ဥပမာ- မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ estrogen လို့ခေါ်တဲ့ ဟော်မုန်းတွေ သိသိသာသာလျော့နည်းလာတာကြောင့်၊ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့ အမျှ testosterone လို့ခေါ်တဲ့ ကျားဟော်မုန်း နည်းလာခြင်းကြောင့် နဲ့ တချို့သော ဟော်မုန်းကို ပြောင်းလဲစေနိုင်တဲ့ ကုထုံးတွေကလည်း အရိုးပွခြင်းကို ဖြစ်စေပါတယ်။

ကြိုတင်ကာကွယ်လို့ရနိုင်သော အကြောင်းအရင်းများ။

၁။ အစားအသောက်။

ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးတွေ ဖွံဖြိုးသန်မာအောင် အားပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ပါဝင်ပါစေ။ ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့နေတဲ့သူတွေ၊ အစားအသောက် ရှောင်တဲ့ သူတွေမှာ အရိုးပွခြင်းပိုဖြစ်နိုင်ပါတယ်။

၂။ အချို့သော ဆေးဝါးများကြောင့်။

ဥပမာ-corticosteroids အရောင်ကျဆေးတွေကို အကြာကြီးအသုံးပြုတာ၊ နဲ့ အတက်ရောဂါ နဲ့ ကင်ဆာရောဂါတွေမှာ အသုံးပြုတဲ့ ဆေးတချို့ကလည်း အရိုးကို ထိခိုက်စေပါတယ်။

၃။ အရက်အလွန်အကျွံသောက်ခြင်းကြောင့်။

အရက်အများကြီးသောက်တဲ့ သူတွေမှာလည်း ဒီရောဂါပိုပြီးဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင် ဆေးလိပ်မှာ ပါတဲ့ tobacco ကလည်း အရိုးကို အားနည်းစေနိုင်တယ်လို့ ပြောထားပါတယ်။

၄။ အထိုင်များခြင်း။

အရိုးပွရောဂါဟာ လှုပ်လှုပ်ရှားရှားနေတဲ့ သူတွေထက်စာရင် အထိုင်များတဲ့ သူတွေမှာ ဖြစ်နိုင်ချေများပါတယ်။

၅။ thyroid (သို့) လည်ပင်းကြီးခြင်းနှင့် အခြားပြသနာများ။

အချို့သော လည်ပင်းမှာ ရှိတဲ့ thyroid gland လေးတွေကြီးတဲ့ပြသနာတွေမှာ thyroid ဟော်မုန်းလေးတွေ အထုတ်များပါတယ်။ အဲဒီ thyroid ဟော်မုန်းလေးတွေများခြင်းကလည်း အရိုးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာ၊ အဆစ်မြစ်ရောင်ရောဂါတွေ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါ တချို့ရှိတဲ့သူတွေမှာလည်း အရိုးပွရောဂါ ပိုပြီးဖြစ်နိုင်ချေများပါတယ်။

အရိုးပွ ရောဂါကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။

၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

သင့်ရဲ့ ကြွက်သားတွေလိုပဲ အရိုးတွေဟာလည်း သန်မာဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။ weight bearing exercise လို့ခေါ်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ကခုန်ခြင်း၊ လှေကားတက်ခြင်း၊ ပြေးခြင်း၊ ယောဂဆော့ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ အပြင် အလေးမခြင်း၊ ကလေးကို မချီခြင်း၊ နဲ့ ဒိုက်ထိုးခြင်းတွေကလည်း သင့်ရဲ့ အရိုးတွေ သန်မာစေဖို့ အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။

၂။ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D ပါတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးပါ။

ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ သင့် ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် လျော့နည်းလာပြီဆိုရင်တော့ အရိုးတွေပျက်စီးလာနိုင်ပါတယ်။

ဒါ့ကြောင့် ကယ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့

  • အဆီဓာတ်နည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ
  • ပဲနို့၊ ပဲအမျိုးမျိုး၊ တိုဖူး နဲ့ အစမ်းရင့်ရောင်ပါတဲ့ ဂေါ်ဖီစိမ်း၊ မုန်ညင်းစိမ်း စတဲ့ ဟင်းသီးဟင်းရွက်တွေ
  • ဆယ်လမွန်ငါး စတာတွေ စားသုံးပေးသင့်ပါတယ်။

ဗီတာမင် D ကတော့ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်ကများများ စုပ်ယူနိုင်အောင် ကူညီးပေးတဲ့အတွက် ဗိုက်တာမင် D ပါတဲ့ ငါးတွေ၊ ကြက်ဥအနှစ်၊ အသည်း၊ နို့ စတာတွေ ကိုလည်း နေ့စဉ်အစားအစာတွေထဲ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။

၃။ အရက်အလွန်အကျွံသောက်ခြင်း နဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

၄။ စပ်ဆေးတွေ သောက်ခြင်းကို ရှောင်ကြဉ်ပါ။

စပ်ဆေးတွေမှာ corticosteroid ဆိုတဲ့ အရောင်ကျဆေးတွေ ပါဝင်တဲ့အတွက် ဖျားနာတဲ့အခါမှာ စပ်ဆေးတွေကို အလွယ်တကူဝယ်မသောက်ဘဲ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ဆောင်သင့်ပါတယ်။

၅။ လှုပ်လှုပ်ရှားရှားနေပါ။

တစ်နေကုန် ထိုင်နေတာမျိုးထက် မကြာခဏ လမ်းလျှောက်ပေးတာ၊ အညောင်းအညာဖြေပေးတာမျိုးကို ဂရုတစိုက် လုပ်ပေးသင့်ပါတယ်။

ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာ အထက်ပါ နည်းလမ်းကောင်းလေးတွေနဲ့ နေ့စဉ်ဘဝကို ပါထိခိုက်စေနိုင်တဲ့ အရိုးပွရောဂါကို မဖြစ်အောင် တတ်နိုင်သလောက် ကြိုတင်ကာကွယ်ကြပါစို့။

ရေးသားသူ- Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement