အဆစ်ရောင်ခြင်း အမျိုးအစားများ အလိုက် ရောဂါရှာဖွေနည်းနဲ့ ကုသနည်းများ
ရောဂါကုသဖို့အတွက် အရင်ဆုံးသင့်ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ပါမယ်။ လိုအပ်ရင် ဆေးစစ်တာတွေ လုပ်ပါမယ်။ ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်၊ အယ်ထွာဆောင်း စတာတွေ လုပ်ရမှာပါ။
ကုသနည်းတွေကတော့
- သောက်ဆေး – အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး၊ စတီးရွိုက်၊ ခုခံအားထိန်းဆေးတွေ စတာတွေကို ရောဂါအပေါ်လိုက်ပြီး လိုအပ်သလို ပေးသွားမှာပါ။
- ကိရိယာအထောက်အကူ – သိပ်မဆိုးဘူးဆိုရင် ကိရိယာအထောက်အကူနဲ့ အနားယူပြီး စောင့်ကြည့်နိုင်ပါတယ်။ ဥပမာ ဝှီးချဲ၊ ချိုင်းထောက်၊ ကျောက်ပတ်တီးစီးတာ၊ ဒေါက်တွေထောက်တာ၊ ခါးပတ်ဝတ်တာ။
- ခွဲစိတ်နည်း – လိုအပ်လာရင် ခွဲစိတ်ပြီး အဆစ်တွေ ပြုပြင်တာ၊ အဆစ်တွေ အစားထိုးတာ လုပ်ရမှာပါ။
- ပြန်လည်သန်စွမ်းရေး – အရိုးအဆစ်ခွဲစိတ်ပြီးသွားရင် အချိန်အတော်ကြာအနားယူရတဲ့အတွက် ကြွက်သားတွေ၊ အရိုးအဆစ်တွေ တောင့်တင်းနေတတ်ပါတယ်။ ဒါကြောင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။
အိမ်တွင်းနည်းလမ်းများ
တစ်ဖက်က ဆရာဝန်နဲ့ ကုသနေချိန်မှာ အိမ်မှာလည်း နာကျင်မှု သက်သာပြီး ကုသမှုကို အထောက်အကူပြုတဲ့ နည်းလမ်းလေးတွေ လုပ်ပေးလို့ရပါတယ်။
- ကိုယ်အလေးချိန်ချပါ။ အဝလွန်တာက အရိုးပေါ်ဝန်ပိလို့ အဆစ်ရောင်ရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ နာနေတဲ့အချိန်တွေကလွဲရင် ကျန်တဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။ လမ်းလျှောက်တာကစလို့ စက်ဘီးနင်းတာ၊ လှုပ်လှုပ်ရှားရှားနေတာ၊ အကြောလျှော့တာ၊ ယောဂကျင့်တာ စတာတွေ လုပ်လို့ရပါတယ်။
- RICEကို မမေ့ပါနဲ့။ နာနေတဲ့အချိန်မျိုးမှာ
Rest – နာနေတဲ့ နေရာကို အနားပေးထားပါ။
Ice – ရေခဲကပ်ပါ။ ရေခဲကို အဝတ်ထဲထည့်ပြီး နာနေတဲ့နေရာကို မိနစ်၂၀လောက် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ခံနိုင်ရုံလောက်သာ အေးပါစေ။
Compress – နာတဲ့နေရာကို ပတ်တီးနဲ့ ခပ်ဖိဖိစီးထားပေးပါ. မတင်းကြပ်ပါစေနဲ့။
Elevate – နာနေတဲ့ နည်းနည်းမြှင့်ထားပေးပါ။ ဥပမာ ခြေဆစ်နာတယ်ဆိုရင် တွဲလောင်းချထားမယ့်အစား ခုံပေါ်တင်ထားပါ။
- ရေနွေးဝတ်လေး ကပ်ပေးလို့လည်း ရပါတယ်။
- နီရဲ ရောင်ကိုင်းနေတာ မဟုတ်ရင် ဒဏ်ကြေဆေး ခပ်ပါးပါးလူးပေးတာ၊ ပလာစတာကပ်တာ၊ အသာအယာနှိပ်နယ်တာမျိုး လုပ်ပေးပါ။
အဆစ်ရောင်ဝေဒနာက (အထူးသဖြင့် ခြေ၊ လက်မှာဖြစ်တဲ့) အချိန်မီမကုသရင် နောက်ပိုင်းမှာ ပုံပျက်ပြီး သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်။ အထိုင်အထခက်တာ၊ လမ်းမလျှာက်နိုင်တာတွေအထိ ဖြစ်သွားနိုင်လို့ အချိန်မီကုသဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။