backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပါးစပ်နာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပါးစပ်နာ

အဓိပ္ပါယ်ဖွင့်ဆိုချက်

 ပါးစပ်နာ (Cold sore) ဆိုတာဘာလဲ။

Cold sore (ပါးစပ်နာ) ဆိုတာက ပါးစပ်မှာအနာဖြစ်ခြင်း ဖြစ်ပါတယ်။ သူ့ကို fever blister အပူဖု လို့ လည်း ခေါ်ကြပါတယ်။ ဒီရောဂါက ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကူးစက်မှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်။

သင့်မှာဒီ ဗိုင်းရပ်စ်မျိုးရှိနေပြီဆိုရင် သူကသင်နဲ့အကြာကြီးနေတော့မှာပါ။ ပါးစပ်နာ တွေက ထိတွေ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါပါ။ ရောဂါလက္ခဏာတွေကို ချက်ချင်းမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာမှပြတတ်ပါတယ်။ ရောဂါကုသပျောက်ကင်းသွားပြီးရင်တောင်မှ သင့်ဘဝတစ်လျှောက်လုံးမှာ ခဏခဏပြန်ပေါ်လာနိုင်ပါတယ်။

လက္ခဏာများ

ပါးစပ်နာ (Cold sore) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါးစပ်နာ တွေဟာများသောအားဖြင့် အဆင့်လိုက် ကြီးထွားလာတာပါ။

• နှုတ်ခမ်းတစ်ဝိုက်မှာ ယားယံခြင်းသို့မဟုတ် တဆစ်ဆစ်ဖြစ်နေခြင်းကိုခံစားနေရပါလိမ့်မယ်။

• ရက်အနည်းငယ်ကြာတဲ့အခါမှာ သေးငယ်မာကြောပြီး နာကျင်စေတဲ့ဖုလေးတွေထွက်ပေါ်လာပါလိမ့်မယ်။ များသောအားဖြင့်ဒါက ပါးစပ်တစ်ဝိုက်မှာသာဖြစ်တတ်ပြီး တစ်ခါတလေမှာတော့ နှာခေါင်းနဲ့ပါးတွေမှာပါဖြစ်တတ်ပါတယ်။ အချို့တွေက စုပေါက်နေပြီးအရည်ကြည်တွေဖြစ်နေတတ်ပါတယ်။

• အဖုလေးတွေဟာ ရက်အနည်းငယ်အကြာ သို့မဟုတ် ရက်သတ္တပေါင်းအနည်းငယ်အကြာမှာ အလိုလို ပေါက်သွားပါလိမ့်မယ်။ ပြီးရင်တော့ အပေါ်မှာအနာဖေးတက်လာပြီး ဒါတွေကလည်းမကြာခင်မှာ အမာရွတ်မထင်ဘဲပျောက်ကင်းသွားပါလိမ့်မယ်။

ရောဂါနဲ့ပတ်သက်တဲ့ အခြားသောလက္ခဏာရပ်တွေ ဥပမာ လည်ချောင်းနာခြင်း၊ ခံတွင်းနံ့ဆိုးခြင်းအဖျားတက်ခြင်းသို့မဟုတ် လည်ပင်းရှိပြန်ရည်ကျိတ်ရောင်ခြင်းတွေလည်း ပေါ်လာနိုင်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အလွယ်တကူကုသနိုင်ပေမယ့် ဒီရောဂါဖြစ်လိုက်ပြီဆိုရင် ရေသောက်ရင် သို့မဟုတ် အစာစားရင်တောင် နာကျင်နေစေပါတယ်။ တကယ်လို့ ကုသမှုကိုပိုပြီးလျင်မြန်စေချင်တယ်ဆိုရင် ဘယ်နည်းလမ်းကိုသုံးသင့်တယ်ဆိုတာ ဘာမှမလုပ်ခင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်ပေးတဲ့လမ်းညွှန်မှုနဲ့ ဆေးညွှန်းအတိုင်းလိုက်နာပါ။

အကြောင်းရင်းများ

Cold sore (ပါးစပ်နာ) ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါဟာ ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ ကြောင့်ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်က ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတဲ့အခြားလူတစ်ယောက်နဲ့ နီးနီးကပ်ကပ်ဆက်ဆံခြင်း -ဖြစ်နိုင်ခြေရှိတာကတော့ နမ်းရှုပ်ခြင်း၊စားသောက်ရာမှာသုံးတဲ့ပစ္စည်း ဘရိတ်ဓါးနဲ့ တဘက်စတာတွေကို ဝေမျှသုံးစွဲခြင်း၊ သို့မဟုတ် ပါးစပ်နှင့်လိင်ဆက်ဆံခြင်းတွေကနေ ကူးစက်နိုင်ပါတယ်။

ဗိုင်းရပ်စ်နဲ့ပထမဆုံးထိတွေ့ခြင်းဟာ အသက်ငယ်တုန်းကာလတွေမှာဖြစ်တတ်ပါတယ်။ ပထမဆုံးပိုးကူးစက်ခြင်းကိုတော့ မူလကူးစက်ခြင်း(primary infection) လို့ခေါ်ပါတယ်။ ဒီအခြေအနေပြီးသွားရင်တော့ နောက်ပိုင်းကာလတွေမှာ ပိုဆိုးလာနိုင်ပြီး ခဏခဏပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီရောဂါကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက အဖြစ်များတာတွေကတော့

• နေရောင်ခြည်နဲ့ထိတွေ့မှုများခြင်း၊ အထူးသဖြင့် နှုတ်ခမ်း

• စိတ်ဖိစီးမှုများခြင်း သို့မဟုတ် ပင်ပန်းခြင်း

• အခြားကူးစက်ရောဂါများ ဥပမာ အအေးမိခြင်း သို့မဟုတ် တုပ်ကွေး

• အစားအသောက်ဓါတ်မတည့်ခြင်း

• နှုတ်ခမ်း သို့မဟုတ် သွားဖုံး၌ ဒဏ်ရာရှိခြင်း သို့မဟုတ် သွားဘက်ဆိုင်ရာကုသမှုခံယူထားခြင်း

• ခန္ဓါကိုယ် ခုခံအားနည်းခြင်း

• အရေပြားအပေါ်အလွှာရှိ အနာအဆာများကိုဖယ်ရှားခြင်း သို့မဟုတ် လေဆာကိုသုံးပြီး အသားအရည်ပြည့်စေခြင်း စတဲ့ အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုများ

• ကိုယ်ဝန်ဆောင်ခြင်းနှင့် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းကြောင့် ဟော်မုန်းပြောင်းလဲခြင်း

ကုသမှုနှင့် ထိန်းချုပ်ခြင်း

Cold sore (ပါးစပ်နာ) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါကတော့ ကုသစရာမလိုဘဲ ရက်သတ္တအနည်းငယ်အကြာမှာ အလိုလိုပျောက်ကင်းသွားတတ်တာမျိုးပါ။ ဒါပေမယ့် မြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို စမ်းသပ်ကြည့်နိုင်ပါတယ်။

• Acyclovir (Xerese®, Zovirax®)သို့မဟုတ် Valacyclovir (Valtrex®)စတဲ့ ဗိုင်းရပ်စ်သတ်ဆေးခရင်မ်တွေနဲ့ ဆေးပြားတွေကိုအသုံးပြုပါ။ ခရင်မ်ကိုသုံးတဲ့အခါ နာကျင်နေတဲ့နေရာပေါ်မှာ ပွတ်ပေးတာထက် ညင်ညင်သာသာလေးပုတ်လိမ်းပေးပါ။

• ပါးစပ်နာကပ်ခွာတွေသုံးပါ။

• ဗိုင်းရပ်စ်သတ်ဆေးမပါသော ခရင်မ်များ။ ဒီခရင်မ်တွေဟာ ရောဂါကို ကုသပေးနိုင်မှာမဟုတ်တော့ပေမယ့် နာကျင်မှုတွေကိုတော့ လျှော့ချပေးနိုင်ပါတယ်။

• နာကျင်မှုကိုသက်သာစေသောဆေးများ။ ibuprofen သို့မဟုတ် ပါရာစီတမောလ်လို နာကျင်မှုသက်သာစေတဲ့ဆေးများ

Cold sore (ပါးစပ်နာ) ကို ဘယ်လိုထိန်းချုပ်ပါသလဲ

ဆေးတွေကိုအသုံးပြုခြင်းအပြင် ရောဂါကိုသက်သာစေမယ့်အခြားသောနည်းလမ်းတွေရှိပါသေးတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေဖြစ်နေရင်ပေါ့။

• ရေများများသောက်ပါ။

• အက်စစ်ပါဝင်သော သို့မဟုတ် ငန်သော အစားအစာတွေကိုရှောင်ပြီး အေးမြပြီးနူးညံ့ပျော့ပျောင်းတဲ့ စားစရာတွေကို စားပါ။

• သွားတိုက်ဖို့အတွက်တောင်မှ ပါးစပ်ကမခံမရပ်နိုင်အောင် နာနေရင် အာလုပ်ကျင်းဆေးရည်အသုံးပြုပါ။

• ဆေးလိမ်းတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာသွားမကိုင်ပါနဲ့။ ဆေးမလိမ်းခင်နဲ့ ဆေးလိမ်းပြီးအချိန်တွေမှာ လက်ကိုသေချာဆေးပါ။

• နီရဲရောင်ရမ်းနေခြင်းလျော့ကျသွားဖို့ ပါးစပ်ပေါ်မှာ အေးမြစိုစွတ်တဲ့ တဘက်တင်ထားပါ။

• နာကျင်နေတဲ့ပါးစပ်ကို သက်သာသွားစေဖို့ မုန့်ဖုတ်ဆိုဒါ ပါဝင်တဲ့ အာလုပ်ကျင်းဆေးရည် ကိုအသုံးပြုပါ။

• အက်စစ်ပါဝင်တဲ့စားစရာတွေကိုရှောင်ပါ။ (ခရမ်းချဉ်သီးနဲ့ အက်စစ်ဓါတ်ထုတ်ပေးနိုင်တဲ့အသီးတွေ)

• နာကျင်မှုကိုသက်သာစေတာ သို့မဟုတ် အနာကိုသက်သာစေနိုင်တဲ့ ဆေးဆိုင်မှာကိုယ်တိုင်ဝယ်လို့ ရတဲ့ လိမ်းဆေးဆီတွေကိုသုံးပါ။

• အသက်၂နှစ်နှင့်အထက် ကလေးတွေကိုတော့ Zilactin –L Liquid၊ Orajel Baby နဲ့ Anbesol တို့လို နာကျင်ကိုက်ခဲမှုပျောက်စေတဲ့ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement