backup og meta

ကျန်းမာလှပတဲ့ သွား တွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာလှပတဲ့ သွား တွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခု

    သွားကိုဖြူဖွေးစေဖို့ ဆေးခန်းမှာ သွားချေးချွတ်တာ၊ ချေးချွတ်သွားတိုက်ဆေးစတဲ့ ရွေးချယ်စရာနည်းလမ်းတွေက အများကြီးရှိပေမယ့် အမြဲတမ်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ ခဏခဏချေးချွတ်တာက သွားကျန်းမာရေးအတွက် မကောင်းလို့ပါ။ သွားဆိုတာ အသက်ရှင်နေသမျှ စားရေးသောက်ရေးအတွက် အမြဲတမ်းသုံးနေရတဲ့အစိတ်အပိုင်းတစ်ခုမို့ မကြာခဏလည်း ဖြူစင်လှပမှုတွေ လျော့ပါးလာမှာပဲ။

    ဒါ့ကြောင့် ဒီလိုတွေမကြာခဏသွားလုပ်နေစရာမလိုဘဲ သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်နိုင်ဖို့ ဘာတွေလိုမလဲ။ သွားနဲ့ခံတွင်းကို အမြဲဂရုစိုက်ရပါမယ်။ ကျန်းမာလှပတဲ့ သွားလေးတွေပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခုကို ဆက်ကြည့်လိုက်ပါဦး။

    (၁) တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။

    ခံတွင်းသန့်ရှင်းရေးက သွားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ထမင်းစားပြီးတိုင်း သို့မဟုတ် တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ တိုက်တဲ့အခါလည်း နှစ်မိနစ်အထိပဲကြာသင့်သလို သွားတိုက်တံကိုအနည်းငယ်စောင်းပြီး circular motion (စက်ဝိုင်းပုံသဏ္ဍာန် ဝိုက်ပြီး) သွားတိုက်သင့်ပါတယ်။

    (၂) သွားတိုက်တံရွေးချယ်ပါ။

    တွေ့ရာသွားတိုက်တံကို ဝယ်မသုံးပါနဲ့။ နူးညံ့တဲ့သွားတိုက်တံကိုရွေးချယ်ပါ။ သွားတိုက်တံက မာနေရင် သွားကြွေလွှာနဲ့သွားဖုံးတွေကို ထိခိုက်ပွန်းပဲ့စေနိုင်ပါတယ်။

    (၃) သွားတိုက်တံကို ပုံမှန်အသစ်လဲပါ။

    သွားတိုက်တံကို သုံးလ သို့မဟုတ်လေးလတစ်ကြိမ် အသစ်လဲသုံးပါ။ သွားတိုက်တံအမွေးတွေဖွာနေရင် သွားဖုံးကို ပွန်းပဲ့စေနိုင်တယ်၊ အဲဒီပွန်းပဲ့ရာတွေမှာ သွားတိုက်တံမှာကပ်ငြိနေနိုင်တဲ့ရောဂါပိုးမွှားတွေဝင်ရောက်သွားနိုင်ပါတယ်။

    (၄) သွားတိုက်ဆေးကောင်းကောင်းကိုသုံးပါ။

    Triclosan ၊ Propylene Glycol တို့လို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းတွေမပါဝင်တဲ့ အရည်အသွေးမီသွားတိုက်ဆေးကိုပဲရွေးချယ်သင့်ပါတယ်။ သွားကိုဖြူစင်တောက်ပစေမယ့် သွားတိုက်ဆေးတွေချည်းဆိုပေမယ့် သွားပိုးစားခြင်းအတွက်လား၊ဖြူစင်လှပဖို့လား၊ သွားကြံ့ခိုင်ရေးအတွက်လား၊ ကွမ်းချိုးချွတ်ပေးနိုင်တဲ့ အထူးသွားတိုက်ဆေးလား အစားစားရှိတာကြောင့် ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီပြီး ဘေးဥပါဒ်ကင်းတဲ့ သွားတိုက်ဆေးကိုရွေးနိုင်ပါတယ်။

    (၅) သွားကြံ့ခိုင်စေမယ့် အစာအာဟာရတွေစားပါ။

    ဘာကိုစားစား သွားကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ အချိုတွေ၊ အက်စစ်ဓာတ်လွန်ကဲလွန်းတဲ့အစားအစာတွေစားရင် သွားကိုထိခိုက်စေနိုင်တယ်။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို အရိုး သို့မဟုတ် အစာမာမာတွေ ဝါးလွန်းတာ သွားကြံ့ခိုင်မှုအတွက် မကောင်းပါဘူး။ သွားကြွေလွှာကိုကာကွယ်ပေးပြီး ဘက်တီးရီးယားတွေဖြစ်ပေါ်ခြင်းကိုတားဆီးပေးနိုင်တဲ့ အစားအစာတွေကိုစားပေးပါ။ သွားကျန်းမာစေတဲ့ အစားအစာတွေထဲမှာ ကြက်သား၊ အစေ့အဆန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း (နွားနို့၊ဒိန်ချဉ်)၊ အသီးအနှံ(ပန်းသီးအပါအဝင်)၊ ချိစ်၊ ဟင်းသီးဟင်းရွက်(ပန်းဂေါ်ဖီစိမ်း) စတာတွေပါဝင်ပါတယ်။ ချိစ်က တံတွေးပိုထွက်စေဖို့ နှိုးဆွပေးပြီး အက်စစ်ဓါတ်ကို ဓါတ်ပြယ်စေပါတယ်။

    (၆) သွားပွတ်ကြိုး သုံးပါ။

    သွားပွတ်ကြိုးဟာ ခံတွင်းကျန်းမာရေးအတွက် အရေးပါပါတယ်။ သွားပွတ်ကြိုး ပုံမှန်သုံးပေးရင် သွားပိုးစားခြင်း၊ ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးပြီး သွားကိုဖြူစင်လှပစေပါတယ်။ သွားတိုက်တံနဲ့ ဖယ်ရှားလို့မရနိုင်တဲ့ ကြိုကြိုကြားကြားက အစားအစာအကြွင်းအကျန်တွေကို သွားပွတ်ကြိုးသုံးမှ ဖယ်ထုတ်နိုင်ပါတယ်။

    (၆) ခံတွင်းသန့်ဆေးရည် သုံးပါ။

    သွားတိုက်မယ်၊ သွားပွတ်ကြိုးသုံးမယ်၊ ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းလိုက်မယ်ဆိုရင် သွားကိုဂရုစိုက်ရတာပြည့်စုံသလောက်ရှိနေပါပြီ။Listerine သို့မဟုတ် chlorine dioxide ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်တွေက ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနိုင်တဲ့အပြင် ခံတွင်းနံ့ကောင်းစေဖို့အတွက် သိပ်အသုံးဝင်ပါတယ်။ antiseptic mouthwash က သွားချေးမကပ်ငြိစေဖို့နဲ့ သွားဖုံးရောဂါတွေကို ကာကွယ်ပေးပြီး fluoride rinse ကတော့ သွားကြွေလွှာပျက်စီးခြင်းနဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။

    (၇)ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်သောက်တာ နှလုံးနဲ့အဆုတ်အတွက်ရော ခန္ဓာကိုယ်အတွက်ရော ဘာတစ်ခုမှမကောင်းပါဘူး။ ဒါ့အပြင် သွား၊ သွားဖုံးနဲ့ခံတွင်းအတွက်လည်းတကယ်ကိုဆိုးပါတယ်။ ဆေးလိပ်သောက်ရင် ခံတွင်းနံ့ဆိုးမယ်၊ သွားအရောင်ညစ်မယ်၊ သွားချေးပိုတက်မယ်၊ ဖယ်ရှားရခက်တဲ့ ချိုးတွေဖြစ်လာမယ်၊ သွားဖုံးရောဂါဖြစ်လာမယ်။

    (၈) ဆိုဒါ၊ ကော်ဖီနဲ့ အရက်ဘီယာ ကြည့်ကျက်သောက်ပါ။

    ဒီအရာတွေမှာ ခံတွင်းကျန်းမာရေးအတွက် မရှိမဖြစ်သတ္တုဓါတ် phosphorous ပါဝင်မှုများနေပေမယ့် phosphorous များလွန်းရင်လည်း ခန္ဓာကိုယ်ရဲ့ကယ်လ်စီယမ်ဓာတ်ကိုလျော့ပါးစေနိုင်ပါတယ်။ ကယ်လ်စီယမ်နည်းရင် သွားကြံ့ခိုင်မှုအားနည်းစေပြီး ပျက်စီးလွယ်ပါလိမ့်မယ်။

    သွားဖုံးသွေးယိုတာ၊ သွားကျဉ်တာ၊ တခြားသွားနဲ့ခံတွင်းပြဿနာတွေဖြစ်လာရင် ကုသဖို့မနှေးနေပါနဲ့။ သွားဆရာဝန်နဲ့ပြပြီး ခြောက်လတစ်ကြိမ်လောက် သွားကျန်းမာရေးစစ်ဆေးမှုခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement