အရည်အသွေးမကောင်းတဲ့သွားပွတ်တံတွေကို သုံးမိနေတယ်ဆို ချက်ချင်းရပ်ပြီး ကိုယ့်အတွက်အသင့်တော်ဆုံး သွားပွတ်တံကို ရှာဖွေလိုက်ပါတော့။ မဟုတ်ရင် သွားဖုံးထိခိုက်၊ သွားပျက်စီးရုံတင်မကဘဲ တခြားရောဂါတွေပါဖြစ်လာရရင် မတန်ပါဘူး။
တကယ်ကောင်းတဲ့ သွားပွတ်တံဆိုတာ ဒီအရည်အသွေးတွေနဲ့ပြည့်စုံနေရမယ်နော်။
ခံတွင်းမှာ အံဝင်ခွင်ကျဖြစ်တဲ့ အရွယ်အစား
သွားပွတ်တံထိပ်ဟာ သွားရဲ့မျက်နှာပြင်အကုန်လုံးကို လွယ်လွယ်ရောက်ရှိနိုင်တဲ့ အရွယ်အစားဖြစ်မှ အဆင်ပြေပါမယ်။ ပါးစပ်ထဲထည့်လိုက်မှ ဟိုထောက်ဒီထောက်နဲ့ သွားတွေဆီအကုန်မထိနိုင်ဘူးဆိုရင် သုံးလို့မထိရောက်နိုင်ပါဘူး။ သွားပွတ်တံထိပ်ခေါင်းဟာ ကိုယ့်ပါးစပ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အရွယ်အစားပဲဖြစ်သင့်ပါတယ်။ ကြီးနေခဲ့ရင် အနောက်ဘက်က အံသွားတွေဆီရောက်ဖို့ခက်တာကြောင့် ဘက်တီးရီးယားတွေက ကျန်ခဲ့မှာပါမို့ပါ။
သုံးရအဆင်ပြေတဲ့ လက်ကိုင်
သွားတိုက်တဲ့နေရာမှာ အဆင်ပြေပြေဖြစ်စေဖို့ အတွက်က သွားတိုက်တံရဲ့ လက်ကိုင်ကလည်း အရေးပါပါတယ်။ သွားနဲ့ထိမှာက သွားပွတ်တံဘရက်ရှ်ပဲ ဆိုပြီး လက်ကိုင်ကို တော်ရုံသိပ်မကြည့်ကြပါဘူး။ တကယ်က လက်ကိုင်မှာ ရှုပ်ထွေးတဲ့ဒီဇိုင်းနဲ့ဆိုရင် ဘက်တီးရီးယားပိုးတွေ ခိုအောင်းဖို့ လွယ်စေတာကြောင့် ရိုးရှင်းပြီး ကိုင်ရလွယ်တဲ့ဒီဇိုင်းဖြစ်သင့်ပါတယ်။
ပျော့ပျောင်းတဲ့ သွားပွတ်တံဘရက်ရှ်
သွားပွတ်တံမှာ ဘရက်ရှ်ပျော့ပျောင်းဖို့က အရေးကြီးဆုံးပါ။ ဒါမှ သွားနဲ့သွားဖုံးအတွက်ဘေးအကင်းဆုံးဖြစ်မှာပါ။ ဘရက်ရှ်က မာပြီး မပျော့ပျောင်းဘူးဆိုရင် သွားဖုံးတွေကို ထိခိုက်ပွန်းပဲ့စေပြီး သွားကြွေလွှာတွေပျက်စီးစေပါလိမ့်မယ်။ အားစိုက်ပြီး တိုက်တတ်သူတွေဆို ပိုဆိုးပြီပေါ့။ သွားတိုက်တိုင်းသွေးထွက်တယ်ဆိုတာ ပုံမှန်ပဲလို့ ထင်တဲ့သူတွေရှိပါသေးတယ်။ အမှန်တော့ သွားပွတ်တံဘရက်ရှ်က ကြမ်းတာရယ်၊ သွားဖုံးကျန်းမာရေးမကောင်းတာရယ်ကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သွားနဲ့သွားဖုံးကို ထိခိုက်မှုမရှိအောင် အပျော့ပျောင်းဆုံး ဘရက်ရှ်ကိုအသုံးပြုထားတဲ့ အမှတ်တံဆိပ်ကိုရွေးချယ်သင့်ပါတယ်။
စိတ်ချရတဲ့ အမှတ်တံဆိပ်
အမှတ်တံဆိပ်ပေါင်းစုံ၊ ဈေးနှုန်းပေါင်းစုံနဲ့ ဈေးကွက်မှာရွေးစရာသိပ်များပေမယ့် အရည်အသွေးစိတ်ချရတဲ့ အမှတ်တံဆိပ်ဆိုတာ တစ်ခါသုံးဖူးရုံနဲ့နောက်ပိုင်းစွဲလမ်းမိအောင် ဆွဲဆောင်တတ်ပါတယ်။ သွားပွတ်တံ ဘယ်နှမျိုးပဲထုတ်ထုတ် အပေါ်ကအချက်တွေနဲ့ပြည့်စုံနေတဲ့ အမှတ်တံဆိပ်ကို ကိုယ်သုံးဖူးလည်းမှတ်ထားသင့်သလို ရင်းနှီးသူတွေညွှန်းပေးတာကိုလည်း ရှာသုံးကြည့်သင့်ပါတယ်။ သွားပွတ်တံဖြစ်ပြီးရော တံဆိပ်မမေးဘဲ တွေ့ရာဝယ်သုံးတာလည်း မလုပ်သင့်ဆုံးအချက်ပါ။ အရည်အသွေးနိမ့်တဲ့ အမှတ်တံဆိပ်တွေကို သုံးမိရင် နောက်ဆက်တွဲထိခိုက်မှာ ကိုယ့်ကျန်းမာရေးဖြစ်လို့ အသေးအဖွဲဆိုပြီး မပေါ့ဆသင့်ပါဘူး။ ဥပမာ -လက်ကိုင်၊ ဘရက်ရှ်၊ အရွယ်အစား အားလုံးက လူတိုင်းနဲ့အဆင်ပြေအောင် ထုတ်လုပ်ထားပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုးပေါ့။
နောက်ဆုံးတစ်ချက်အရေးကြီးတာက သွားပွတ်တံဘယ်လောက်ကောင်းကောင်း နှမျောပြီး ဆက်သုံးမနေပါနဲ့။ သွားပွတ်တံကို ၃လ သို့မဟုတ် ၄ လ တစ်ကြိမ် အသစ်ဝယ်သုံးပါ။ သုံးတာကြာလာရင် ဘရက်ရှ်မွေးတွေဖွာလာတာ၊ ပျက်စီးလာတာဆိုရင် သွားတိုက်သန့်စင်တာ အရင်လောက်မထိရောက်တော့ပါဘူး။ ဒါကြောင့် သွားပွတ်တံတစ်ချောင်း သုံးတာ ကြာပြီဆိုတာနဲ့ လွှင့်ပစ်ပြီး နောက်အသစ်တစ်ချောင်း ဆက်သုံးရမယ်နော်။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်မိတာကြောင့် နောက်ဆက်တွဲကျန်းမာရေး ဆိုးကျိုးတွေဖြစ်မလာစေဖို့ ကိုယ်တိုင်အတွက်ရော မိသားစုဝင်တွေပါ သေချာတစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုမယ်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။