backup og meta

သွားတွေကျဉ်နေရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားတွေကျဉ်နေရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

အား……သွားကျဉ်လိုက်တာ။ စားကောင်းတိုင်း မစားရတာလည်း ဒုက္ခပဲနော်၊လို့တွေးနေမိပြီလား။ သွားနဲ့ခံတွင်းက အစားစားရာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ သွားကောင်းမှ စားချင်တာတွေစားလို့ရပြီး ခန္ဓါကိုယ်မှာ အာဟာရတွေပြည့်နေစေမှာပါ။ ဒီတော့ သွားကအရေးမကြီးပေဘူးလားနော်။ ဒီလောက်အရေးကြီးတဲ့ သွားကအစာတစ်ခုခုစားလိုက်တိုင်း ကျဉ်နေမယ်ဆိုရင်တော့ အခက်တွေ့ပြီလေ။ပြဿနာတိုင်းမှာဖြစ်စေရတဲ့ အကြောင်းရင်းခံတွေကရှိပြီးသားပါ။ ဒီပြဿနာတွေမဖြစ်ဖို့ဘာလုပ်မလဲပြဿနာဖြစ်စေတဲ့ အကြောင်းရင်းခံတွေကို သိအောင်လုပ်ပြီး ကာကွယ်ရမှာပေါ့။

သွားကျဉ်တာကဖြစ်နေကျပြဿနာတစ်ခုလား

သွားကျဉ်တာက အဖြစ်များတဲ့ သွားနဲ့ခံတွင်းပြဿနာတစ်ခုပါ။ သွားကျဉ်တဲ့အခါ အစားစားလိုက်ရင် ကျဉ်ခနဲဖြစ်သွားတဲ့အခါတော်တော်လေးစိတ်ရှုပ်ရပါတယ်။ သွားကျဉ်တာပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် အရွယ်ရောက်ပြီးသူအများစုက သွားကျဉ်တဲ့ဝေဒနာကို ခံစားနေကြရပါတယ်။ သွားကျဉ်တာက ရုတ်တရက်စူးခနဲဖြစ်သွားတဲ့ ခံစားချက်တစ်ခုပါ။ဒီနာကျင်မှုက သွားရဲ့ အာရုံကြောတွေဆီရောက်သွားတဲ့အခါ ခံရခက်ပေမယ့် ခံစားရချိန်က သိပ်တော့မကြာမြင့်ပါဘူး။ ဒါကြောင့်လည်း သွားကျဉ်တာကိုသေချာကုသမှုခံယူသူကရှားပါတယ်။ ဒီလောက်ဆိုရင်တော့ သွားကျဉ်တာကဖြစ်နေကျတစ်ခုလို့တောင်ပြောလို့ရနေပြီပေါ့နော်။

ဘာတွေကြောင့်များ သွားကျဉ်ရတာလဲ

ကြွေလွှာတွေပျက်စီးကုန်တာ၊ သွားဖုံးတွေပျက်စီးကုန်တာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သွားရဲ့ အမြစ်တွေ ပြင်ပက အရာတွေထဲ ထိတွေ့လာတဲ့အခါမှာ သွားကျင်တဲ့ဝေဒနာကိုခံစားရပါတယ်။

ဘယ်အရာတွေကြောင့် သွားကျဉ်နိုင်လဲ

ပူတာဖြစ်ဖြစ်၊အေးတာဖြစ်ဖြစ် တစ်ခုခုစားလိုက်တိုင်း သွားကျဉ်နေတယ်ဆိုရင်တော့ ကိုယ်မှာ ဒီအလေ့အထတွေများရှိနေလားဆိုတာကိ ဆန်းစစ်ကြည့်ပါနော်။

သွားကို တအားဖိတိုက်တာ – သွားတိုက်တဲ့အခါ သွားပွတ်တံကိုအားပါးတရဆုပ်ကိုင်ရင်း တအားဖိတိုက်နေမိလား။ ဒီလိုဖိတိုက်လိုက်လို့ သွားပိုပြောင်မသွားပါဘူးနော်။ အချိန်ကြာလာနဲ့အမျှ သွားအပေါ်ယံကြွေလွှာလေးတွေပျက်စီးလာပြီး အစားတစ်ခုခုစားလိုက်တိုင်း သွားကျဉ်တာကို ခံစားလာရနိုင်ပါတယ်။

အက်ဆစ်ပါဝင်မှုများတဲ့ အစားအစာတွေစားတာ – စားသုံးတဲ့အစားအစာတွေထဲမှာ ခရမ်းချဉ်သီးဆော့စ်၊ သံပရိုသီး၊ ဂရိတ်ဖရုစ်၊ ကီဝီနဲ့ အချဉ်စိမ်ထားတဲ့ အစားအစာတွေကို နှစ်ခြိုက်သဘောကျစွာစားသုံးမှုက သွားကြွေလွှာတွေကိုပျက်စီးစေနိုင်ပါတယ်။ ဒီတော့ သွားကြွေလွှာမပျက်စီးစေဖို့ဆိုရင် အခုပြောခဲ့တဲ့အစားအစာတွေနဲ့ အချဉ်ကဲတဲ့အစားအစာတွေစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

သွားကြိတ်တဲ့ အကျင့်ရှိတာ – တကယ်တော့ သွားတွေရဲ့ အပေါ်ယံကြွေလွှာတွေက ခန္ဓါကိုယ်ရဲ့ အမာကြောဆုံးအရာတွေထဲက တစ်ခုဆိုပေမယ့် သွားတွေကြိတ်ဲ့ ဒဏ်ကိုတော့ မခံနိုင်ပါဘူးနော်။ သွားကြိတ်တဲ့အခါ အပေါ်ယံကြွေလွှာတွေကြွေကျပြီးနောက်ဆုံးရလဒ်ကတော့ သွားတွေကျဉ်လာတာပါပဲ။

သွားဖြူစေတယ်ဆိုတဲ့ သွားတိုက်ဆေးတွေသုံးနေတာ -ပြုံးလိုက်တိုင်း သွားလေးတွေဖြူဖြူဖွေးဖွေးလေးနဲ့ လှနေအောင်ဆိုပြီး သွားတိုက်ဆေးတွေထဲမှာမှ သွာဖြူစေတယ်ဆိုတဲ့အရာတွေပါတဲ့ သွားတိုက်ဆေးတွေနဲ့တိုက်မိနေပြီလား။ သွားဖြူစေတယ်ဆိုတဲ့ သွားတိုက်ဆေးတွေကို နေ့တိုင်းတိုက်တာတော့ မသင့်တော်လှပါဘူး။ သွားဖြူစေဖို့ သုံးထားတဲ့ ဓါတုပစ္စည်းတွေကရေရှည်မှာ သွားကိုထိခိုက်စေနိုင်ပါတယ်နော်။

သွားပွတ်တံကြမ်းကြမ်းတွေသုံးတာ – သွားတိုက်တဲ့အခါ သွားပွတ်တံကနုနေရင် သွားမပြောင်မှာစိုးတယ်ဆိုတဲ့ စိတ်နဲ့ သွားပွတ်တံခပ်ကြမ်းကြမ်းကြီးတွေကိုများရွေးနေမိလား။ မလုပ်ပါနဲ့နော်။ သွားပွတ်တံဆိုတဲ့နေရာမှာ brush ကအမျှင်လေးတွေက ခပ်ပါးပါးခပ်ပျော့ပျော့လေးဖြစ်နေမှ သွားကြိုသွားကြားပါမကျန်သန့်စင်ပေးနိုင်ပြီး သွားတွေကိုဖြူစင်နေစေမှာပါ။

ခံတွင်းသန့်ဆေးရည်တွေ အသုံးများတာ – ခံတွင်းသန့်ဆေးရည်တွေကလည်း သွားဖြူစေတယ်ဆိုတဲ့ သွားတိုက်ဆေးတွေအတိုင်းပါပဲ။ တစ်ခါတလေမှာပြဿနာမရှိပေမယ့် အမြဲလိုလိုသုံးနေမယ်ဆိုရင်တော့ သွားအပေါ်ယံကြွေလွှာတွေကို ထိခိုက်လာပါလိမ့်မယ်နော်။ ဒါကြောင့်ဖြစ်နိုင်ရင် ခံတွင်းသန့်စင်ဆေးရည်ထက် သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာတွေကို အသုံးပြုပေးပါ။

ခံတွင်းသန့်ရှင်းရေး အားနည်းတာ – ခံတွင်းသန့်ရှင်းရေးအားနည်းတာကြောင့် သွားမှာ သွားချေးတွေတက်လွန်းတဲ့အခါမှာလည်း သွားကြွေလွှာတွေ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွားတိုက်တာ နဲ့ ၆ လတစ်ကြိမ် သွားကျန်းမာရေးစစ်ဆေးမှုခံယူတာတွေကိုလုပ်ပေးပါ။

အခုပြောခဲ့တဲ့အချက်လေးတွေကို ဆင်ခြင်လို့ သွားကျဉ်တဲ့ပြဿနာကနေ ခပ်ဝေးဝေးနေနိုင်အောင် ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်ပါနော်။ မနက်ဖြန်တိုင်းမှာ သွားကျဉ်ခြင်းကင်းလို့ စားချင်တာကို အရသာရှိရှိစားနိုင်ပါစေကြောင်း……………………………….

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement