ကြွက်သားဆိုတာ အရိုးတွေမှာ လာတွယ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်ဖို့ ကူညီပေးတယ်ဆိုတာ သိပြီးသာနေမှာပါ။ ဒါပေမယ့် ကြွက်သားတွေက ဒီထက့်ပိုပါတယ်။ မျက်တောင်ခတ်တာက စလို့ အသက်ရှင်ဖို့ နှလုံးခုန်နေရတာအထိ ကြွက်သားတွေ ပါပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးကြွက်သား ညှစ်လို့ ခုန်တာပါ။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ကြမလား။
ကြွက်သားကို ဘာတွေနဲ့ လုပ်ထားတာလဲ။
သင့်ခန္ဓာကိုယ်မှာ ကြွက်သားပေါင်း ၆၀၀လောက်ရှိတယ်လို့ ပြောရင် အံ့သြသွားမလား မသိ။ သင်နေ့စဉ်အသက်ရှင်ဖို့ လှုပ်ရှားသွားလာဖို့ ဒီကြွက်သားတွေက အလုပ်ပေးရပါတယ်။ ကြွက်သားထုကြီးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကြွက်သားမျှင်တွေနဲ့ လုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ကြွက်သားမျှင်ပေါင်း ထောင်ပေါင်းများစွာနဲ့ပါ။ ဒီကြွက်သားမျှင်တွေက သားရေကွင်းနဲ့ တူပါတယ်။ ကျုံ့တာရယ် ဆန့်တာရယ်ပဲ လုပ်ပါတယ်။ ဒီအကျုံ့အဆန့်ပဲ လုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။
ကြွက်သားတွေ ဘယ်လိုအလုပ်လုပ်သလဲ။
ကြွက်သားတွေ အလုပ်လုပ်ဖို့ Action potentialလို့ ခေါ်တဲ့ လျှပ်စီးဓာတ်လေး လိုပါတယ်။ ကိုယ်တွင်း လျှပ်စီးဓာတ်လေးပေါ့။ ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောလေးက လျှပ်စီးဓာတ်တွေ လွှတ်ပေးတဲ့အခါ ကြွက်သားက အကျုံ့အဆန့်လုပ်ပါတယ်။ ဒီလျှပ်စီးဓာတ်လေးက တစ်ခါတလေ ကမောက်ကမဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ အကြောင်းအရင်းမရှိဘဲ အသားလှုပ်တာတို့၊ မျက်ခုံးလှုပ်တာတို့၊ နှုတ်ခမ်း တဆတ်ဆတ်တုန်တာတို့ ဖြစ်တာပေါ့။ ဒါတွေ့ ကြွက်သားတွေပဲလေ။
ကြွက်သားအမျိုးအစား ဘယ်နှမျိုး ရှိသလဲ။
ကြွက်သားတွေ ရာကျော်ကို အုပ်စုဖွဲ့လိုက်တဲ့အခါ ၃မျိုးပဲ ထွက်လာပါတယ်။ ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ချောမွေ့ကြွက်သားလို့ခေါ်တဲ့ Smooth muscle ရယ်၊ နှလုံးကြွက်သားရယ်၊ ကိုကိုတို့ ကြွက်သားတက်အောင်ဆော့တဲ့ skeletal muscle ရယ်ပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းတို့၊ ဆီးလမ်းကြောင်းတို့၊ မျက်လုံးတို့၊ သွေးကြောနံရံတို့ စသဖြင့် ကိုယ်တွင်းအင်္ဂါတော်တော်များများမှာ ရှိတဲ့ ကြွက်သားတွေပါ။ စိတ်နဲ့ ထိန်းလို့ မရလို့ စိတ်ထိန်းမဲ့ ကြွက်သား (Involuntary muscle)လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် အစာတွေက အူထဲကို ရောက်သွားရင် အူက ကြွက်သားကို သုံးပြီး တစ်နေရာက တစ်နေရာကို ရွေ့ပါတယ်။ ဒါ သူ့အလုပ်သူ လုပ်တာပါ။ ကိုယ်က လုပ်လို့ အမိန့်ပေးလို့ မရသလို မလုပ်နဲ့လို့လည်း တားလို့ မရပါဘူး။ ဒါကြောင့် စိတ်နဲ့ ထိန်းလို့ မရဘူးလို့ ပြောတာပါ။
နှလုံးမှာပဲ တွေ့ရတဲ့ သီးသန့်ကြွက်သားပါ။ ဒီကြွက်သားက ကျုံ့လိုက်ရင် နှလုံးထဲက သွေးတွေ သွေးကြောမကြီးတွေထဲကို ညှစ်ထုတ်ပေးပြီး ပြန်ဆန့်လိုက်တဲ့အခါ နှလုံးအခန်းထဲကို သွေးတွေ ဝင်လာပါတယ်။ သူကလည်း ချောမွေ့ကြွက်သားလိုပဲ စိတ်ထိန်းမဲ့ကြွက်သားပါ။ နှလုံးကို ညှစ်၊ မညှစ်နဲ့ဆိုပြီး အမိန့်ပေးလို့ မရပါဘူး။ သူ့အလုပ်သူလုပ်ပြီး ပုံမှန်လေး သွေးတွေ ညှစ်ပေးနေပါတယ်။ ဒီနှလုံးကြွက်သားကို ထောက်ပံ့ပေးနေတဲ့ သွေးကြောပိတ်သွားတဲ့အခါ (နှလုံးသွေးကြောပိတ်) နှလုံးကြွက်သားပုပ်ပြီး heart attack ဖြစ်တတ်ပါတယ်။
- Skeletal muscle (အရိုးကြွက်သား)
ဒါကတော့ ကြွက်သားလို့ အပြင်မှာ လူတွေ အလွယ်ခေါ်နေကြတဲ့ ကြွက်သားအမျိုးအစားပါပဲ။ အရိုးမှာ လာတွယ်ပြီး လှုပ်ရှားမှုတွေ ထိန်းညှိပေးနေတဲ့ ကြွက်သားပေါ့။ သူကတော့ စိတ်နဲ့ ထိန်းချုပ်လို့ ရပါတယ်။ လက်မြှောက်မယ်လို့ ဆုံးဖြတ်ပြီးမှသာ လက်မောင်းကြွက်သားက ကျုံ့ပြီး လက်မြောက်တက်လာတာပါ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ သတိထားမိမှာ မဟုတ်ပါဘူး။
ကြွက်သားတွေက အရွတ်တွေ၊ အရွတ်တွဲတွေရဲ့ အကူအညီနဲ့ အရိုးမှာ တွယ်ကပ်နေတာပါ။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၄၀ရာခိုင်နှုန်းက ဒီကြွက်သားတွေပါ။ အရိုးကြွက်သားတွေက ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိပြီး အလုပ်မျိုးစုံ လုပ်ပါတယ်။
အသန်မာဆုံး ကြွက်သားကတော့ ခြေသလုံး ကြွက်သားပါပဲ။ ခြေထောက်ကို ရောက်လာတဲ့ သွေးတွေကို အားနဲ့ ညှစ်ပြီး နှလုံးဆီကို ပြန်ပို့ပေးတာပါ။ ဒုတိယ နှလုံးလို့တောင် ခေါ်ကြပါတယ်။
မျက်နှာမှာလည်း ကြွက်သားတွေ အများကြီး ရှိပါတယ်။ သင့်ရဲ့ ငိုခြင်း၊ ရယ်ခြင်း၊ မျက်နှာပေး အမျိုးမျိုးကို ကြွက်သားတွေက လုပ်ပေးတာပါ။ တစ်ခါ ပါးစပ်ထဲက လျှာကလည်း ကြွက်သားပါပဲတဲ့။ ဒါကြောင့်လည်း လျှာထုတ်ပြီး ပြောင်ပြတာ၊ အစာတွေကို ဝါးတဲ့နေရာမှာ ကူညီပေးနိုင်တာပေါ့။
ကြွက်သားပြဿနာများ
ကြွက်သားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲမို့လို့ သူလည်း နေမကောင်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့
- ကြွက်သားတွေ နာတာ
- ကြွက်သားတွေ ညောင်းညာတာ
- ကြွက်သားတွေ တင်းပြီး ကြွက်တက်တာ
- ထိခိုက်ဒဏ်ရာရပြီး သွေးခြေဥတာ
- မျိုးရိုးလိုက် ကြွက်သားတွေ ရောဂါတွေ
- ကြွက်သားကျုံလှီတာတွေ
- ပါကင်ဆန်ရောဂါမှာ ကြွက်သားတွေ ထိန်းချုပ်မရတာ
- Fibromyalgia လို့ခေါ်တဲ့ တစ်ကိုယ်လုံးက ကြွက်သားတွေ ညောင်းတဲ့ရောဂါ
- Multiple sclerosisလို့ခေါ်တဲ့ ကြွက်သားတွေ တောင့်တင်းတဲ့ ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။
Takeaways
ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အာဟာရပြည့်အောင် စားမယ်ဆိုရင် ဘယ်ကြွက်သားအမျိုးအစားပဲ ဖြစ်ဖြစ် ကျန်းမာပြီး သန်စွမ်းလာမှာပါ။ ကြွက်သားတွေက နေ့စဉ်အသုံးပြုနေရတဲ့အတွက် ထိခိုက်မှုမရှိအောင် သတိထားသင့်ပါတယ်။
[embed-health-tool-bmi]