backup og meta

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

    အရိုးအဆစ်နဲ့ ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။

    အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။

    အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းအရင်း

    အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။

    • အရိုးအဆစ်ကြောင့်နာတာ

    အဆစ်ရောင်ရမ်းတာ

    အရိုးပွတာ

    အရိုးကျိုးတာ

    အဆစ်လွဲတာ

    -အရိုးအဆစ်တွေ အနေအထားမမှန်တာ

    -ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။

    • အရိုးအဆစ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် နာတာ

    များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် ခွဲစိတ်ထားလို့ အိပ်ရာပေါ်မှာ အကြာကြီး လှဲနေရတာ၊ ပိုးဝင်တာ၊ အကျိတ်တွေ ဖိတာကြောင့် ဖြစ်တတ်ပါတယ်။

    ဒီထက် ပိုထူးဆန်းတာက အရိုးအဆစ်နဲ့ ကြွက်သားတွေ နာနေပေမယ့် ရောဂါက အဲ့ဒီမှာ မရှိဘဲ တခြားတစ်နေရာမှာ ဖြစ်နေတာမျိုးပါ။ ဥပမာ နှလုံးသွေးကြောပိတ်တဲ့အခါ လက်မောင်းတွေ ကိုက်လာတာမျိုးပါ။ ဒါကို referred painလို့ ခေါ်ပါတယ်။ အလားတူပဲ အဆုတ်၊ ကျောက်ကပ်၊ ဘေလုံး၊ သည်းခြေအိတ်၊ ပန်ကရိယမှာ ရောဂါတစ်ခုခု ဖြစ်နေရင် အနီးအနားက ကြွက်သားတွေ နာကျင်တတ်ပါတယ်။

    အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ခြင်း အမျိုးအစားများ

    အရိုးနာတာ – အရိုးကျိုးတာ၊ ဒဏ်ဖြစ်တာတွေကြောင့် နာတတ်ပါတယ်။

    ကြွက်သားနာတာ – ထိခိုက်ဒဏ်ရာရတာ၊ ကြွက်တက်တာ၊ ကြွက်သားဆီကို သွေးကောင်းကောင်း မလျှောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။

    အရွတ်နဲ့ အရွတ်တွဲနာတာ – သူကလည်း ထိခိုက်ဒဏ်ရာနဲ့ ဒဏ်ဖြစ်တာတွေကြောင့် နာတတ်ပါတယ်။ လှုပ်ရင် ပိုနာပါတယ်။

    အဆစ်နာတာ – အဆစ်ရောင်တာကြောင့် နာတာ အများဆုံးပါပဲ။

    Fibromyalgia – ဒီရောဂါမှာတော့ တစ်ကိုယ်လုံးက ကြွက်သားတွေရော၊ အရိုးအဆစ်တွေရော၊ အရွတ်တွေရော အကုန်နာပါတယ်။

    အာရုံကြောပိတာ – အာရုံကြောတွေကို ဖိမိတဲ့အခါ သူထောက်ပံ့နေတဲ့ အစိတ်အပိုင်းက နာတာ၊ ကျဉ်တာတွေ ဖြစ်လာတတ်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

    ဖြစ်တဲ့အစိတ်အပိုင်းပေါ်မူတည်ပြီး လက္ခဏာလေးတွေ ကွာခြားပါတယ်။

    • အရိုးဆိုရင် တဆစ်ဆစ်နဲ့ နာနေတတ်ပါတယ်။
    • ကြွက်သားကတော့ ခပ်လေးလေး နာတတ်ပါတယ်။ ကြွက်တက်တာကြောင့်ဆိုရင်တော့ ပိုနာပါတယ်။ တစ်ခါတစ်ခါ အကြောဆွဲသလို ဖြစ်နိုင်ပါတယ်။
    • အရွတ်တွေကတော့ ထိခိုက်မိတဲ့အချိန်မှာ စူးခနဲနာပါတယ်။ လှုပ်ရင် ပိုနာပါတယ်။ နားရင် သက်သာပါတယ်။
    • အဆစ်တွေကတော့ နာတာအပြင် တောင့်တင်းပြီး ရောင်နေတတ်ပါတယ်။
    • Fibromyalgiaကတော့ တစ်ကိုယ်လုံး ဟိုနားနာလိုက် ဒီနားနာလိုက်ပါပဲ။
    • အာရုံကြောပိတာကတော့ နာတာ၊ ကျဉ်တာ၊ ပူတာ၊ စပ်ဖျဉ်းဖျဉ်းတဲ့ အပ်နဲ့ ထိုးသလို ခံစားရတတ်ပါတယ်။
    • တစ်ခါတလေ နောက်ခံရောဂါရဲ့ လက္ခဏာလေးတွေလည်း ရှိတတ်ပါတယ်။

    ဘယ်လိုကုသမလဲ။

    လူနာကို ရောဂါရာဇဝင်မေးတာ၊ စမ်းသပ်တာ၊ ဆေးစစ်တာတွေ လုပ်ပြီး ရောဂါရှာဖွေပါမယ်။ အနာသက်သာအောင် လုပ်ရမယ့်အပြင် နောက်ခံရောဂါကိုပါ ကုသပေးရမှာပဲ ဖြစ်ပါတယ်။

    သက်သာစေမယ့် နည်းများ

    • ထိခိုက်ဒဏ်ရာကြောင့်၊ ဒဏ်ဖြစ်တာကြောင့်ဆိုရင် အနားယူပေးပါ။
    • အဆစ်ရောင်တာ၊ ကြွက်သားနာတာဆိုရင် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးပါ။
    • နာနေရင် ရေခဲဝတ်ကပ်ပါ။
    • တောင့်တင်းနေရင် ရေနွေးအိတ်လေး ကပ်ပေးလို့ ရပါတယ်။

    အရိုးအဆစ်နဲ့ ကြွက်သားတွေ နာတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့လို့ အထက်ပါနည်းလမ်းတွေနဲ့ မသက်သာဘူး။ ရက်ကြာနေပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement