အိပ်စက်ခြင်း လူတိုင်းအတွက် အရေးကြီးတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ လူတစ်ယောက်မှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိဘူးဆိုရင် ကိုယ်ခံအား နည်းတာ၊ ခေါင်းမကြည်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခါတော့ အိပ်ရေးပျက်တာကြောင့် ကျန်းမာရေး ထိခိုက်တာက အမျိုုးသားတွေမှာ ဘယ်လိုမျိုး သက်ရောက်နေသလဲ၊ ဘာကြောင့် အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့ လို့ ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ဦးနော်။
အိပ်စက်ခြင်းနဲ့ အမျိုးသား ကျန်းမာရေး
အမျိုးသား တစ်ဦးအနေနဲ့ တစ်ညကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ရှိရပါမယ်။ ဒါမှ လုံလောက်တဲ့ အိပ်စက်ချိန် ရှိတယ်လို့ ဆိုရမှာပါ။ အမျိုးသားတွေမှာ အိပ်ရေးပျက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။
အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့
အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့ လို့ ပြောရတဲ့ အကြောင်းအရင်းက အိပ်ရေးပျက်တဲ့အခါ အမျိုးသားတွေမှာ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လို့ပါ။
အိပ်ရေးပျက်သွားပြီဆိုရင် ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီညီ လှုပ်ရှားလုပ်ဆောင်နိုင်ဖို့ ခက်သွားပါပြီ။ ဒီလို ခက်သွားခြင်းရဲ့ ရလဒ်အနေနဲ့ အမျိုးသားတွေမှာ
- နှလုံး ရောဂါ
ညဘက်တွေမှာ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့တာ၊ fb သုံးတာတွေ လုပ်ရင်း ညဘက်တွေမှာ အိပ်ရေးပျက် ခံတာက သက်လတ်ပိုင်း အမျိုးသားတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးစေနိုင်ပါတယ်။ ညဘက်မှာ ၅ နာရီပဲ အိပ်စက်ချိန် ရှိတာက ပုံမှန်ထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ၂ ဆကျော် ပိုများနေပါတယ်။ အမျိုးသားတွေ အနေနဲ့ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- ရုတ်တရက် နှလုံးရပ်တာ
အမျိုးသားတွေကို ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက ညဘက်တွေမှာ အိပ်ရေးပျက်တာ၊ အိပ်ချိန် နည်းတာတွေပါ။ ညဘက်ကို ၅ နာရီ နဲ့ ၅ နာရီထက် နည်းတဲ့ အိပ်ချိန် ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေမှာ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။
- နှလုံးခုန် မမှန်တာ
အိပ်ရေးပျက်တဲ့ ညတွေ များလာတဲ့အခါ နှလုံးပေါ်မှာ ဝန်ပိုတွေ ပိလာပါတယ်။ ဒီလိုကနေ သိသာတဲ့ လက္ခဏာအနေနဲ့ နှလုံးခုန်နှုန်း စည်းချက် မမှန်တာတွေကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် လူက အသက်ရှူမဝတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။
- သွေးတိုးရောဂါ
အိပ်ရေးပျက်တာက ရေရှည်မှာ နာတာရှည် ကျန်းမာရေးပြဿနာအနေနဲ့ သွေးတိုးတာကို ခံစားရစေနိုင်ပါတယ်။ အမျိုးသားတွေကို သွေးတိုးစေတဲ့ အရက်သောက်တာ၊ စိတ်ဖိစီးတာ၊ အစားအသောက် ဂရုစိုက်မှု အားနည်းတာတွေအပြင် နောက်တစ်ချက်ကတော့ ညဘက် အိပ်ချိန်နည်းတာပါ။
- လေဖြတ်တာ
အိပ်ရေးပျက်တာက နှလုံးကို ဝန်ပိစေတာ၊ သွေးတိုးစေတာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု နည်းစေပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှု နည်းတာကြောင့် လေဖြတ်တာကို ခံစားရနိုင်ပါသေးတယ်။
- ဆီးချို
အိပ်ရေးပျက်တဲ့ အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေက တော်တော်လေး များနေပါတယ်။ အိပ်ရေးပျက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ရေရှည်မှာ ဆီးချိုရောဂါကို ခံစားရစေနိုင်ပါတယ်။
- လိင်စိတ်နည်းတာ
အိပ်ရေးပျက်တာ များလေလေ အမျိုးသားတွေမှာ လိင်စိတ် ကျဆင်းလေလေပါ။ ဒီလိုနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
- လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ
အိပ်ရေးပျက်တာကြောင့် အမျိုးသားတွေမှာ ထိခိုက်နိုင်တဲ့ နောက်ထပ် တစ်ခုကတော့ လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းလာတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ အခြား ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ အိပ်ရေးဝဝသာ အိပ်ပစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။
- မတော်တဆမှုတွေ အဖြစ်များတာ
နဂိုတည်းကလည်း အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် မတော်တဆမှုတွေ ပိုဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် reaction timeလို့ခေါ်တဲ့ မတော်တဆဖြစ်လာရင် တုံပြန်တာက ပိုနှေးသွားပါတယ်။ ဒါကြောင့် မတော်တဆ ဖြစ်နိုင်ခြေပိုများလာပါတယ်။
စကားလက်ဆောင်
[embed-health-tool-bmi]