backup og meta

ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိပြီလား။

    ကိုဗစ်ရှိ နေရင် ကာကွယ်ဆေးမထိုးနဲ့ဦး။ ကိုဗစ်လက္ခဏာတွေ ခံစားရရင် သွားမထိုးနဲ့။ ရက်ပြည့်အောင် စောင့်ဆိုပြီး ဆရာဝန်တွေက မှာလေ့ရှိပါတယ်။ ဒါပေမယ့် မာယာများတဲ့ ကိုဗစ်က အမြဲတမ်း လက္ခဏာ ပြတာ မဟုတ်ဘူးလေ။ တစ်ခါတလေ အရင်ရက်တွေက ကိုဗစ်ရှိနေတာ သတိမထားမိဘဲထိုး၊ ထိုးပြီးနောက်ရက်ကျဖျားလို့ စစ်လိုက်မှ ကိုဗစ်ဖြစ်နေတာလည်း ရှိတတ်ပါတယ်။

    ဒီလိုမျိုး ကိုဗစ်ရှိ နေတာ မသိလိုက်ဘဲ ဆေးထိုးမိတယ်ဆို ဘာဖြစ်သွားနိုင်လဲ။ 

    ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိရင် ဘာဖြစ်မလဲ။ အန္တရာယ်ဖြစ်သွားနိုင်လားဆိုပြီး စိုးရိမ်နေတဲ့သူတွေ ရှိမှာပါ။ လက်ရှိအချိန်ထိတော့ ခန္ဓာကိုယ်ထဲက ကိုဗစ်ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးနဲ့ ဓာတ်ပြုသွားတယ်ဆိုတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒါက လက္ခဏာပြနေလား၊ ရောဂါပြင်းထန်လားဆိုတာပေါ်လည်း မူတည်နိုင်ပါတယ်။

    တချို့လေ့လာချက်တွေမှာတော့ ကိုဗစ်ရှိတဲ့သူ ကာကွယ်ဆေး ထိုးမိပေမယ့်လည်း အန္တရာယ်ဖြစ်သွားတာ၊ ကာကွယ်ဆေးရဲ့ အာနိသင်ကို ထိခိုက်တာမျိုး မရှိနိုင်ဘူးလို့ ဆိုပါတယ်။ လေ့လာဖို့ ထပ်လိုသေးတယ်ဆိုပေမယ့် ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်နဲ့ လုပ်ဆောင်ပုံချင်း ကွာခြားတာကြောင့် ဒီလိုဖြစ်တာ ဖြစ်နိုင်ပါတယ်။

    ကာကွယ်ဆေးက ခုခံအားကိုပဲ ထွက်စေပြီး လူကို ဥပါဒ် မဖြစ်စေပါဘူး။ ဗိုင်းရပ်စ်ကတော့ လူကို ဒုက္ခပေးဖို့ ဝင်လာတာဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဗိုင်းရပ်စ်က လက္ခဏာ ပြပြ မပြပြ သူများကိုလည်း ကူးစက်နိုင်ပါတယ်။

    ခြုံပြောရမယ်ဆိုရင် ကြီးကြီးမားမားထိခိုက်မှုတော့ မရှိပါဘူး။

    ဆေးအာနိသင်ရော ထိခိုက်သွားနိုင်လား။

    လက်ရှိမှာ ကိုဗစ်ဖြစ်နေတာက ကာကွယ်ဆေးကို မထိခိုက်ဘူးဆိုပေမယ့် တချို့ကတော့ ကိုဗစ်ရောဂါက ကာကွယ်ဆေးရဲ့ အာနိသင်ကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ခုခံအားက ဗိုင်းရပ်စ်ကို တိုက်နေရတဲ့အတွက် ကာကွယ်ဆေးကြောင့် ခုခံအားရဖို့ ခက်ခဲသွားနိုင်ပါတယ်။

    ကာကွယ်ဆေး အောင်မအောင်ဆိုတာကလည်း ဆေးအာနိသင်၊ ခုခံအားနဲ့ ပြောကြတာဆိုတော့ နေမကောင်းဘဲ တစ်ကိုယ်လုံးမှာ ရောင်ရမ်းမှုတွေ ဖြစ်နေတဲ့လူနာက ခုခံအားကျနေမှာ ကျနေမှာ အသေအချာပါပဲ။ ဒါကြောင့် သာမန်လူကောင်း ထိုးသလိုမျိုးတော့ ခုခံအား ရချင်မှ ရမှာပါ။ ရောဂါလက္ခဏာတွေ ပြနေလား၊ ပြင်းထန်လား ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။

    ကိုဗစ်ရှိ နေတုန်း ကာကွယ်ဆေးထိုးမိရင် ဘာမှမဖြစ်ဘူးဆိုတော့ သွားထိုးလိုက်ရင် ကောင်းမလား။

    လူနာအတွက် ဘာမှမဖြစ်ဘူးဆိုပေမယ့် လူနာနားက လူတွေအတွက်တော့ အန္တရာယ် ရှိပါတယ်။ ကိုဗစ်ကာ လက္ခဏာ ပြပြ မပြပြ သူများကို ကူးနိုင်လို့ သွားမထိုးသင့်ပါဘူး။ ကာကွယ်ဆေးထိုးတဲ့နေရာမှာ ရောဂါ ဖြန့်သလို ဖြစ်သွားမှာပါ။ ဒါ့ပြင် နေမကောင်းတဲ့အချိန် ဆေးထိုးတာက နေကောင်းတဲ့အချိန်လောက် ခုခံအား တုံ့ပြန်နိုင်စွမ်း ကောင်းချင်မှ ကောင်းမှာပါ။

    ဒါဆို ဆေးမထိုးခင် ကိုဗစ်ရှိ မရှိ စစ်သွားရမလား။

    Test kitနဲ့ရော PCRနဲ့ရော စစ်စရာ မလိုပါဘူး။ လက္ခဏာ မပြတဲ့အတွက် ဘယ်ရက်က ဗိုင်းရပ်စ်က ကိုယ်ထဲဝင်လာတာလဲဆိုတာ မသိနိုင်ပါဘူး။ ဗိုင်းရပ်စ်ဝင်ခါစမှာ စစ်မိရင် ရောဂါရှိကြောင်း ပြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို စစ်ဆေးတာက လက်တွေ့မှာ အသုံးမဝင်ပါဘူး။

    လက္ခဏာတော့ မရှိဘူး။ ဒါပေမယ့် ရှေ့ရက်တွေက ကိုဗစ်ရှိတဲ့သူနဲ့ ထိတွေ့မိထားတယ်ဆိုရင်တော့ နောက်ဆုံးထိတွေ့ခဲ့တဲ့ရက်ကစပြီး ၁၁ရက် အိမ်မှာ ခွဲနေပါ။ ၁၁ ရက်လည်းပြည့်၊ လက္ခဏာလည်း မပြဘူးဆိုမှ ဆေးသွားထိုးပါ။

    ဆေးထိုးပြီးရင်ရော ဆေးအောင် မအောင် စစ်ဆေးရမလား။

    ယူအက်စ် FDAကတော့ ဆေးထိုးပြီးရင် ဆေးအောင် မအောင် ပြန်စစ်စရာမလိုပါဘူးတဲ့။ ကာကွယ်ဆေးတွေက အတိုင်းအတာတစ်ခုအထိ အာနိသင် ရှိပြီးသားမို့လို့ ဆေးထိုးလိုက်ပြီဆိုရင် အများစုက ခုခံအား ရကို ရပါတယ်။

    ပြီးတော့ ခုခံအားကို ခုလက်ရှိ သုံးနေတဲ့ Antibody test kitတွေနဲ့ စစ်လို့ မရပါဘူး။ ဓာတ်ခွဲခန်းမှာ neutralizing antibody တို့၊  Antibody to Spike protein တို့ စစ်ရမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement