backup og meta

ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။

    ကိုဗစ်ကာကွယ်ဆေးထိုး ပြီး မကြာသေးဘူး။ ကိုဗစ်ဖြစ်လို့ဆိုတာတွေ မကြာခဏ ကြားကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေက အာနိသင်ကောင်းတာကြောင့် ရောဂါကို ကာကွယ်နိုင်စွမ်းပဲ ရှိတာပါ။ ရောဂါ ဖြစ်စေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုတွေ ကြားလာရတဲ့အခါကျတော့ နောက်ထိုးမယ့်သူတွေက သို့လော သို့လော ဖြစ်သွားနိုင်ပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။

    ကာကွယ်ဆေးထိုးတယ် ရက်ပိုင်းလောက်လည်း နေရော။ ဖျားတယ်၊ အနံ့ပျောက်တယ်။ စစ်ကြည့်လိုက်တော့ ကိုဗစ်။ ဒီလို ဖြစ်နေတာ ဘာကြောင့်လဲ။

    • ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကာကွယ်ရေး နည်းလမ်းတွေကို မလိုက်နာတာ

    ကာကွယ်ဆေးက တစ်လခြား ၂ခါထိုး၊ ၂ခါပြည့်ပြီး ၁၄ရက်နေမှ ကာကွယ်နိုင်တဲ့ ခုခံအား ရတာပါ။ ပထမတစ်ခါ ထိုးပြီးရုံနဲ့ မရပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး နှာခေါင်းစည်း မတပ်တာ၊ လူတွေနဲ့ နီးနီးကပ်ကပ်နေတာတွေ လုပ်မိတတ်ပါတယ်။ ဒီကနေ ကူးစက်တာပါ။

    ကာကွယ်ဆေးက ၂ခါအပြည့်ထိုးပြီးမှ အာနိသင်ရတဲ့အပြင် ရတဲ့ အာနိသင်ကလည်း ဘယ်လောက်ကြာကြာခံမလဲဆိုတာ မသိကြသေးပါဘူး။ ဒါကြောင့် ဆေးထိုးပြီးလည်း လက်ဆေး၊ နှာခေါင်းစည်းတပ်၊ လူတွေနဲ့ ခပ်ခွာခွာ နေဖို့ လိုပါတယ်။

    • ကာကွယ်ဆေးထိုးတဲ့ နေရာက ကူးလာတာ

    လက်ရှိမှာ ကိုဗစ် လက္ခဏာခံစားနေရတဲ့သူတွေ၊ ကိုဗစ်ဖြစ်နေတဲ့သူတွေ၊ ကိုဗစ်ရောဂါဖြစ်နေတဲ့သူနဲ့ ထိတွေ့မှု ရှိထားတဲ့သူတွေကို ကာကွယ်ဆေး မထိုးပါနဲ့ဦးလို့ အကြံပေးထားတာ ဒါကြောင့်ပါ။ ကိုယ့်မှာ ရောဂါရှိနေတာကို မသိဘဲ ကာကွယ်ဆေးထိုးတဲ့ စုရပ်ကို သွားမယ်။ ဒီကနေ သူများကို ကူးမယ်။ လာထိုးတဲ့သူတွေက ကိုယ်ခံအားမရသေးတဲ့အတွက် အိမ်လည်းပြန်ရော၊ ပိုးလည်း ပါရော ဖြစ်သွားတာပါ။

    • ကာကွယ်ဆေးမထိုးခင်တည်းက ကိုဗစ်ရှိနေတာ

    ဆေးမထိုးခင် ရှေ့ရက်တွေက နှာစေး၊ ချောင်းဆိုးလောက်ပဲ ဖြစ်တယ်။ ဒါမှမဟုတ် လက္ခဏာ မပြဘူး။ အဲ့တည်းက ကိုဗစ်ဖြစ်နေပြီ။ ဒါပေမယ့် သတိမထားမိလို့ မရှိဘူးဘဲ ထင်လို့ ဆေးထိုးလိုက်တယ်။ နောက်ရက်တွေကျတော့ ကိုဗစ်လက္ခဏာက ပိုပီပြင်လာပြီ။ ဒီတော့ ဆေးစစ်လိုက်တယ်။ ပေါ့စတစ်ထွက်တယ်။ ဒီလိုမျိုးပါ။

    ဒါကတော့ တိုက်ဆိုင်မှု တစ်ခုပါပဲ။

    • ဆေးရဲ့ ကွာလတီမကောင်းတာ

    ဆေးအတုတွေ၊ Cold chain မကောင်းတဲ့ ဆေးတွေ ထိုးထားမိရင်တော့ ၂ခါထိုးထားတာတောင် ကိုဗစ်ကူးနိုင်ပါတယ်။ ပိုဆိုးတာက ကာကွယ်ဆေးလည်း ထိုးပြီးပြီ၊ ၂ခါလည်း ပြည့်သွားပြီဆိုပြီး ပေါ့ပေါ့လျော့လျော့ နေမိတာပါပဲ။ ဒါကြောင့် ကိုဗစ်ကူးခံရတာပါ။

    ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

    • ကာကွယ်ဆေး ထိုးပြီးလည်း  ကာကွယ်ရေးနည်းလမ်းတွေကို မမေ့ပါနဲ့။

    ကိုဗစ်ပိုးကူးပြီးလို့ ခုခံအား ရနေတာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးပြီးလို့ပဲ ဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ခုထက်ထိ ပိုးကူးထားလို့ ဒါမှမဟုတ် ကာကွယ်ဆေး ထိုးလို့ ထွက်လာတဲ့ ခုခံအားက ဘယ်လောက်ခံလဲဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ဒါ့ပြင် ကိုဗစ်က ခဏခဏလည်း ဗီဇပြောင်းနေပါသေးတယ်။ ဒါကြောင့် နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေး ရှောင်တာတွေ ဆက်လုပ်ရမှာပါ။

    • ကာကွယ်ဆေး ထိုးတဲ့အခါ သတိထားပါ။

    ကာကွယ်ဆေး စုရပ်ကနေ ပိုးကူးမလားအောင် သေချာ ဂရုစိုက်ပါ။ ဆေးထိုးတဲ့ စုရပ်မှာ ပြုံတိုးမနေပါနဲ့။ အိမ်ကနေ နှာခေါင်းစည်းFace shield စတာတွေ တပ်သွားပါ။ လက်သန့်ဆေးရည် ဆောင်သွားပါ။ စုရပ်မှာ အချင်းချင်း ခပ်ခွာခွာ နေပါ။ နှာခေါင်းစည်း လုံးဝမဖြုတ်ပါနဲ့။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ရေချိုးချပါ။ အဝတ်အစားတွေကို သေချာ လျှော်ဖွပ်ပါ။

    အခုဆိုရင် အပြင်ဆေးခန်းတွေမှာလည်း ဆေးထိုးလို့ ရနေပြီဖြစ်တာကြောင့် ကိုယ့်ဟာကိုယ်သက်သက်စီ ခွဲထိုးပါ။

    • ကိုဗစ်သံသယရှိတဲ့အခါ ဆေးသွားမထိုးပါနဲ့။

    ကိုဗစ်ဖြစ်ပြီးခါစ၊ အဖျားလေးတော့ ကျန်သေးတယ်။ ရက်ပြည့်ပြီဆိုလည်း သွားမထိုးပါနဲ့။ သာမန်နဲ့ မပြင်းထန်လူနာတွေက လက္ခဏာပြစကစပြီး ၁၁ရက်၊ ရက်ပြည့်ပေမယ့် ဆေးမသောက်ဘဲ အဖျားလုံးဝမရှိတာ ၁ရက်ပြည့်မှ သက်သာတယ်လို့ ပြောလို့ရတာပါ။ ရက်တော့ မပြည့်သေးဘူး၊ Antibody ထွက်နေပြီဆိုလည်း မရပါဘူး။ ရက်မပြည့်သေးရင် သူများကို ကူးနိုင်ခြေ ရှိပါတယ်။

    အကောင်းဆုံးကတော့ လောလောလတ်လတ် ဖြစ်ထားတဲ့သူတွေက သွားမထိုးပါနဲ့ဦး။ ပိုးကူးရာကနေ ခုခံအားရနေပြီဖြစ်တဲ့အတွက် ခုခံအား မရှိသေးတဲ့သူတွေကို ဦးစားပေးပါ။ ထိုးချင်တယ်ဆို ရောဂါသက်သာပြီး ရက် ၉၀ ပြည့်မှ ထိုးပါ။

    လက်ရှိမှာ လက္ခဏာခံစားနေရတဲ့ သူတွေကတော့ လုံးဝကို သွားမထိုးသင့်ပါဘူး။

    ကိုဗစ်လက္ခဏာတော့ မရှိဘူး။ ကိုဗစ်ရောဂါ ရှိသူနဲ့ ထိတွေ့ထားတယ်ဆိုရင်လည်း နောက်ဆုံး ထိတွေ့တဲ့ ရက်က စပြီး ၁၁ရက်ပြည့်မှ သွားထိုးပါ။ ဒီကြားထဲမှာ လက္ခဏာ ပေါ်ချင် ပေါ်လာနိုင်တယ်လေ။ သေချာအောင် ဆေးစစ်ချင်တယ်ဆိုရင်တော့ နောက်ဆုံး ထိတွေ့ပြီး ၅ရက်မြောက်နေ့မှ နှာခေါင်းတို့ဖတ်ယူပြီး စစ်ပါ။

    သာမန်လူတွေကတော့ ဆေးမထိုးခင်မှာ ကိုဗစ်ရှိမရှိ စစ်စရာ မလိုပါ။

    • ဆေးကွာလတီကောင်းပါစေ။

    စိတ်ချရတဲ့ နေရာက ဆေးကိုပဲ ထိုးပါ။ အတုအပ သတိပြုပါ။ ဆေးရဲ့ Cold chainကို အားမနာတမ်း မေးပါ။ ဒါတွေ မကောင်းဘူးဆိုရင် ဘယ်တံဆိပ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်စျေးကြီးကြီး အာနိသင်မရဘဲ လက်မောင်းနာတာပဲ အဖတ်တင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement